သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

"မိုရာ" မုန်တိုင်းသင့်သူတွေ အတွက် UNICEF အကူအညီ


"မိုရာ" မုန်တိုင်းကြောင့် ပျက်စီးသွားသော ဒုက္ခသည်စခန်းတခု
"မိုရာ" မုန်တိုင်းကြောင့် ပျက်စီးသွားသော ဒုက္ခသည်စခန်းတခု

ပြီးခဲ့တဲ့ ၆ ရက် အတွင်း ဘင်္ဂလားပင်လယ်အော်ဒေသမှာ တိုက်ခိုက်ခဲ့တဲ့ ဆိုင်ကလုံး မိုရာ ကြောင့် အနည်းဆုံး ကလေးငယ်ပေါင်း ၁.၃ သန်းလောက် အရေးပေါ် အကူအညီတွေ လိုအပ်နေတယ်လို့ ကုလသမဂ္ဂ UNICEF က သတိပေးလိုက်ပါတယ်။

မြန်မာ၊ ဘင်္ဂလားဒေ့ရှ်နဲ့ သီရိလင်္ကာ နိုင်ငံတွေမှာ ကလေးငယ်တွေဟာ ဆိုင်ကလုံးမုန်တိုင်းဒဏ် ရေကြီး မြေပြိုတဲ့ ဒဏ်တွေကြောင့် နေအိမ်မရှိပဲ ဖြစ်နေပြီး သူတို့အတွက် သောက်သုံးရေသန့်၊ အဟာရနဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေ အပြင် အကာကွယ်ပေးဖို့ပါ လိုအပ်နေတယ်လို့ UNICEF အရေးပေါ်စီအစဉ်တွေရဲ့ အကြီးအကဲ Manuel Fontaine ကပြောပါတယ်။

အထူးသဖြင့် နဂိုကမှာ လူသားချင်း စာနာမှု အကူအညီ အများကြီး လိုအပ်နေတဲ့ ဘင်္ဂလာဒေ့ရှ် နိုင်ငံဘက်ကို မကြာခင်ကမှ ထွက်ပြေးလာတဲ့ ရိုဟင်ဂျာ ၇ သောင်း ကျော်အတွက် အလွန် စိုးရိမ်ရကြောင်းလည်း UNICEF က ပြောပါတယ်။

မြန်မာနိုင်ငံဘက်မှာ ဆိုင်ကလုံးမိုရာ ဝင်ရောက်ခဲ့တာကြောင့် ရခိုင်နဲ့ ချင်းပြည်နယ်တွေမှာ ရေကြီး မြေပြိုမှုတွေနဲ့ ကျေးရွာ အများအပြား ပျက်စီးခဲ့ရသလို စာသင်ကျောင်းတွေ၊ နေအိမ်တွေဆုံးခဲ့ရ သလို ဘင်္ဂလားဒေ့ရှ် ဘက်မှာတော့ ကမ်းရိုးတန်းဒေသနေ လူပေါင်း ၂.၈ သန်းလောက်ဟာ မုန်တိုင်းဒဏ် ခံခဲ့ရပါတယ်။ သီရိလင်္ကာ နိုင်ငံမှာလည်း ရုတ်တရက် ရေကြီးရေလျှံတာနဲ့ မြေပြိုမှု ဒဏ်ကို လူပေါင်း ၆ သိန်းကျော် ခံစားခဲ့ရပြီး လူပေါင်း ၇သောင်း ၇ ထောင်လောက် အိုးအိမ်ရွှေ့ပြောင်း ခဲ့ရပါတယ်။

UNICEF က ဘင်္ဂလားဒေ့ရှ် နဲ့ သီရိလင်္ကာ နိုင်ငံတွေနဲ့ အတူ မြန်မာနိုင်ငံထဲက သဘာဝ ဘေးဒဏ်ခံရသူတွေအတွက် ကူညီ ကယ်ဆယ်ရေးတွေ တိုးမြှင့် ဆောင်ရွက်နေပြီး မြန်မာနိုင်ငံမှာတော့ ရခိုင်နဲ့ ချင်းပြည်နယ်တွေက ပျက်စီးဆုံးရှုံးမှုတွေ လိုအပ်ချက်တွေနဲ့ ပတ်သက်တဲ့ အချက်အလက် ရှာဖွေစုဆောင်းပေးတဲ့ အပြင်၊ ရေသန့်ဆေးပြားတွေ၊ ပလပ်စတစ်ပုံးတွေ နဲ့ တာပေါ်လင်စတွေ ဖြန့်ဝေပေးတာနဲ့ စာသစ်နှစ်အစပိုင်း ကလေးငယ်တွေ ယာယီ စာသင်ကြားနိုင်ရေး အတွက်ပါ ပံ့ပိုးပေးနေတယ်လို့ ကုလသမဂ္ဂက သတင်းထုတ်ပြန်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG