“၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ မပြင်ရင် ရွေးကောက်ပွဲ မဝင်ဘူး”-ဆိုတဲ့ SNLD ပါတီရဲ့ ဆုံးဖြတ်ချက်ကို ပြောင်းလဲလိုက်ပြီး ၂၀၁၅ ရွေးကောက်ပွဲဝင်ဖို့ ဆုံးဖြတ်လိုက်တဲ့အတွက် ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (ကျားခေါင်း) ပါတီ နမ်းခမ်းမြို့နယ်က အလုပ်အမှုဆောင် အဖွဲ့ဝင် (၂၀) ကျော် နုတ်ထွက် သွားကြပါတယ်။ လွှတ်တော်တွင်း နိုင်ငံရေးရော လွှတ်တော်ပြင်ပ နိုင်ငံရေးပါ ဆောင်ရွက်ဖို့ အပြင် ၂၀၀၈ အခြေခံဥပဒေပြင်ဆင်နိုင်ရေး ရွေးကောက်ပွဲ ဝင်ဖို့ အများဆန္ဒနဲ့ ဆုံးဖြတ်ခဲ့တာပါလို့လည်း SNLD ပြောခွင့်ရက တုံ့ပြန်ပါတယ်။ အသေးစိတ်ကို ဆက်သွယ်မေးမြန်းထားတဲ့ မဆုမွန်က တင်ပြပေးထားပါတယ်။
SNLD ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (ကျားခေါင်းပါတီ) အနေနဲ့ လာမယ့်လွှတ်တော်တွင်း နိုင်ငံရေး၊ လွှတ်တော်ပြင်ပနိုင်ငံရေး နှစ်ရပ်စလုံး ဆောင်ရွက်ဖို့ရှိတာကြောင့် ၂၀၁၅ ရွေးကောက်ပွဲဝင်ဖို့ ဆုံးဖြတ်ထားတာဖြစ်ပါတယ်။ အဲ့ဒီလိုမျိုး SNLD ပါတီဗဟိုရဲ့ ၂၀၁၅ ရွေးကောက်ပွဲ ဝင်ပြိုင်မယ် ဆိုတဲ့ ဆုံးဖြတ်ချက်ကို မကျေနပ်တဲ့အတွက် SNLD ရှမ်းပြည်နယ်မြောက်ပိုင်း နမ်းခမ်းမြို့နယ် အလုပ်အမှုဆောင် ၂၃ ဦးရှိတဲ့အနက်အလုပ်အမှုဆောင် အဖွဲ့ဝင် (၂၂) ဦး သြဂုတ်လ (၁၃) ရက်နေ့က နုတ်ထွက်သွားကြပါတယ်။ နမ့်ခမ်းမြို့နယ် အလုပ်အမှုဆောင် အဖွဲ့ဝင် ဦးစိုင်းအောင်ဝင်းက သူတို့ ဘာကြောင့် နုတ်ထွက်ခဲ့ရတယ်ဆိုတာ အခုလို ပြောပါတယ်။
“ဒီလိုရှိပါတယ်။ကျနော်တို့ နမ့်ခမ်းမြို့နယ်က အမှုဆောင်တွေဟာ အရင်တုန်းက ကျားခေါင်းပါတီလက်ခံထားတဲ့ High policy ကိုပဲလက်ခံတယ်။ ဥက္ကဋ္ဌကြီးကို ကျနော်တို့က အရင်တုန်းက ခဏခဏပြောနေတာက အဲဒီ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို မပြင်ဘူးဆိုရင် ရွေးကောက်ပွဲမဝင်ဘူး ဆိုတဲ့ဟာက အဲဒီက ကျနော်တို့ high Policy ပါ။ အဲဒီဟာကို သူတို့က စပြီးသွေဖည်တယ်ဆိုတော့ ကျနော်တို့လည်း အဲဒါကို လက်မခံနိုင်တော့ ကျားခေါင်းပါတီက ကျနော်တို့အားလုံးပြန်ပြီတော့ နုတ်ထွက်ခဲ့တာပါ။ နောက်ပြီးတော့ ၂၀၀၈ ဖွဲ့စည်းပုံက မပြင်သေးဘဲနဲ့ အဲဒီရွေးကောက်ပွဲ ဝင်သွားတယ်ဆိုတဲ့အပိုင်းက ပြည်သူလူထုက တောင်းဆိုလို့ဆိုပြီးတော့ အဲဒီညွန်းချက်နဲ့သူတို့က ပြောလာတယ်။ ပညာလှည့်တယ်။ ဒါပေမယ့် ကျနော်တို့နမ့်ခမ်းပြည်သူလူထုရဲ့ ဆန္ဒက သံင်္ယာတော်တွေကိုရော နောက်ပြီးတော့ တောင်သူတွေရော၊ လူငယ်အဖွဲ့အစည်းတွေကိုရောပြီးတော့ ဆိုင်းထိုးပြီတော့ အင်အားက ၇,၀၀၀ နီးပါးလောက် ဗဟိုဌာနချုုပ်ကို အသနားခံစာတင်ထားတာ ဒီနမ့်ခမ်းမြို့နယ်မှာ သွေးစည်းပြိုကွဲရေးတွေ မဖြစ်ရအောင် ကျားခေါင်းပါတီအနေနဲ့ ဗုံးမထောင်ဖို့ အဲဒီရွေးကောက်ပွဲ မဝင်ဖို့ဆိုတာ မေတ္တာရပ်ခံထားတဲ့တာက ဗဟိုကနေပြီးတော့ လစ်လျှူရှုတဲ့အပိုင်းမှာရှိနေတော့ ကျနော်တို့ အလုပ်အမှုဆောင် ၂၂ ယောက်ဟာ လုံးဝစိတ်မကောင်းခဲ့ရပါဘူး။ အကောင်းဆုံးနည်းလမ်းကတော့ လမ်းစဉ်က မတူဘူးဆိုရင်လည်း ကျနော်တို့ကတော့ နုတ်ထွက်ရမှာပဲ။”
နမ့်ခမ်းမြို့နယ်အတွင်း SNLD ရွေးကောက်ပွဲမဝင်ဖို့ နမ့်ခမ်းပြည်သူတွေနဲ့ ပါတီဝင်တွေရဲ့ကိုယ်စား မြို့နယ်က ဗဟိုကို တင်ပြခဲ့ကြတယ်လို့ ဆိုတဲ့အပေါ် SNLD ပါတီဗဟိုရဲ့ သဘောထားကို SNLD ပါတီ ပြောခွင့်ရ ဦးစိုင်းလိတ်က အခုလို ပြန်တုံ့ပြန်ပါတယ်။
“၂၀၁၅ ရွေးကောက်ပွဲကို ဝင်ရောက်ဖို့အတွက်အားလုံးက သဘောတူညီဆုံးဖြတ်တယ်။ အဲဒါကို သူတို့မြို့နယ် အလုပ်မှုဆောင်တွေနဲ့က သူတို့ ရွေးကောက်ပွဲဝင်ဖို့အတွက်ကို ငြင်းဆန်တာပေါ့နော်-သူတို့က လွတ်တော်ပြင်ပ နိုင်ငံရေးကိုပဲ ဆက်သွားဖို့ ဆန္ဒ ရှိတယ်။ ကျနော်တို့ကျတော့လည်း လွတ်တော်အတွင်း အပြင် နှစ်ရပ်လုံးနဲ့ ချီတက်ဖို့အတွက် ကျနော်တို့အားလုံးက ဆုံးဖြတ်ထားတာပေါ့နော်။ အဲဒါကြောင့်မို့လို့ အဓိက အချက်ပြောမယ် ဆိုရင်တော့ တနိုင်ငံလုံးကိုလွှမ်းခြုံပြီးမှ ဆုံးဖြတ်ထားတဲ့ ဆုံးဖြတ်ချက်ကို ပြင်ဆင်လို့မဖြစ်တဲ့အတွက် အဲဒီမှာသွားပြီးတော့မှ နမ့်ခန်းမှာသွားပြီး ရွေးကောက်ပွဲ ရွေးကောက်ပွဲဝင်ဖို့ပြင်ဆင်ရတယ်။ ဒါကြောင့်သူတို့အနေနဲ့လည်း ရွေးကောက်ပွဲဝင်ဖို့ပြင်ဆင်တဲ့ကိစ္စမှာ သူတို့မပါတဲ့အကြောင်း၊ သူတို့နဲ့ မသက်ဆိုင်တဲ့အကြောင်း၊ ရွေးကောက်ပွဲဝင်ဖို့ကိုလည်း သူတို့ကအားမပေးနိုင်တဲ့အကြောင်းမို့လို့ နုတ်ထွက်သွားရခြင်းပဲဖြစ်ပါတယ်။”
SNLD ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဟာ ၁၉၉၀ ရွေးကောက်ပွဲတုန်းက NLD ပါတီပြီးရင် ဒုတိယ နေရာအများဆုံး အနိုင်ရခဲ့တဲ့ပါတီလည်း ဖြစ်ပေမဲ့ ၂၀၁၀ ရွေးကောက်ပွဲမှာတော့ ၂၀၀၈ ဖွဲ့စည်းပုံကို သပိတ်မှောက်တဲ့အနေနဲ့ ပါဝင်ယှဉ်ပြိုင်ခြင်းမရှိခဲ့ပါဘူး။ ဒီတကြိမ်ကျင်းပမယ့် ၂၀၁၅ ရွေးကောက်ပွဲကို ဝင်ဖို့ SNLD ပါတီအနေနဲ့ ဆုံးဖြတ်ခဲ့ရတာကတော့ အဓိက ၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရေး အဓိကထားဆောင်ရွက်ဖို့ ဖြစ်တယ်လို့ ပါတီပြောခွင့်ရဦးစိုင်းလိတ်ကတုံ့ပြန်ပါတယ်။
SNLD ပါတီအနေနဲ့ ၂၀၁၅ ရွေးကောက်ပွဲဝင်တာကို ဆန့်ကျင်ကန့်ကွက်တဲ့အနေနဲ့ နုတ်ထွက်ကြတာဖြစ်ပေမဲ့လို့ သူတို့အနေနဲ့ တခြားပါတီကို ပြောင်းလဲသွားမှာမဟုတ်သလို ရှမ်းပြည်သူတွေရဲ့အကျိုးကို တတ်နိုင်သလောက် ဆက်လက်ဆောင်ရွက်သွားကြမှာဖြစ်တယ်လို့လည်း နုတ်ထွက်သွားကြတဲ့ နမ့်ခမ်းအလုပ်အမှုဆောင်တွေကပြောပါတယ်။
လွှတ်တော်ပြင်ပနိုင်ငံရေး အားကောင်းစေဖို့အတွက် SNLD ပါတီ ဥက္ကဋ္ဌဦးခွန်ထွန်းဦး၊ ဒုဥက္ကဋ္ဌ ဦးစိုင်းစောအောင်၊ အထွေထွေအတွင်းရေးမှူး ဦးစိုင်းညွန့်လွင်နဲ့ ဦးစိုင်းလိတ်အပါအဝင် ထိပ်ပိုင်းခေါင်းဆောင် ၅ ဦးဟာ ဒီ ၂၀၁၅ ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မှာ မဟုတ်ပေမဲ့လို့ လွှတ်တော်တွင်း နိုင်ငံရေးအတွက် တတိုင်းပြည်လုံးအတိုင်းအတာနဲ့ SNLD ပါတီဘက်က ကိုယ်စားလှယ်ပေါင်း ၁၆၀ နီးပါး ဝင်ရောက် ယှဉ်ပြိုင်မှာဖြစ်တယ်လို့လည်း ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (ကျားခေါင်းပါတီ) SNLD က ပြောပါတယ်။