သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အင်တာနက်ဖြတ်တောက်မှုကြောင့် အထိခိုက်ဆုံးနိုင်ငံ မြန်မာ ဖြစ်လာ


Facebook လူမှုကွန်ရက်အသုံးပြုနေသူတဦး
Facebook လူမှုကွန်ရက်အသုံးပြုနေသူတဦး

အခု ၂၀၂၄ ခုနှစ်ထဲ အင်တာနက် ဆိုးဆိုးရွားရွား ပြတ်တောက်ခဲ့တဲ့ နိုင်ငံတွေထဲမှာ မြန်မာက ထိပ်ဆုံးကို ရောက်လာပြီး အဲဒီနောက်မှာ ပါကစ္စတန်၊ ဆူဒန်နဲ့ အိန္ဒိယတို့က အစဉ်အတိုင်းရှိနေတယ်လို့ အင်တာနက် ရရှိမှုကို စောင့်ကြည့်နေတဲ့ အဖွဲ့အစည်း တချို့က ထုတ်ပြန်ပါတယ်။ အင်တာနက်ကို ရည်ရွယ်ချက်ရှိရှိ ဖြတ်တောက်နေတဲ့ အကျိုးဆက်က ကမ္ဘာ့စီးပွားရေးကို ဘီလျံနဲ့ချီ ဆုံးရှုံးနစ်နာနေသလို မြန်မာပြည်မှာလည်း အခုနှစ်အတွင်း ဒေါ်လာသန်းနဲ့ချီပြီး နစ်နာခဲ့တယ်လို့ ဖော်ပြခဲ့တာပါ။ ဒီအကြောင်း ရန်ကုန်က ပေးပို့တဲ့သတင်းကို တင်ဆက်ထားပါတယ်။

အင်တာနက် ဆိုးဆိုးရွားရွားပြတ်တောက်နေလို့ ကမ္ဘာ့စီးပွားရေးကိုပါ ထိခိုက်လာတဲ့ နိုင်ငံတွေထဲမှာ မြန်မာက ထိပ်ဆုံးက ပါဝင်လာပါတယ်။ မြန်မာထိပ်ဆုံးကပါတဲ့ နိုင်ငံပေါင်း ၁၆ နိုင်ငံမှာ အခုနှစ်ထဲမှာ ၃၅ ကြိမ်လောက် အင်တာနက်ကို ဖြတ်တောက်ခံခဲ့ရတယ်လို့ Global Index နဲ့ အဖွဲ့အစည်းတချို့က ဗုဒ္ဓဟူးနေ့က ထုတ်ပြန်ခဲ့တာပါ။

ဒီပြတ်တောက်မှုက ၂၀၂၄ ခုနှစ်ထဲမှာ ကမ္ဘာ့စီးပွားရေးကို ၁.၆ ဘီဘီယံနီးပါး ထိခိုက်ခဲ့ပြီး ဒီထဲမှာ မြန်မာနိုင်ငံမှာတော့ ဒေါ်လာ သန်း ၄၈၀ လောက် ထိခိုက်ခဲ့ကြောင်း ပြောပါတယ်။ မြန်မာမှာတော့ စစ်တပ်က အာဏာသိမ်းယူလိုက်တဲ့ ၂၀၂၁ နောက်ပိုင်းမှာ ဒီစာရင်းထဲကို ရောက်လာတာပါ။

ရုရှား၊ အိန္ဒိယ၊ မြန်မာ ဒီ သုံးနိုင်ငံက တလှည့်စီ အဆိုးဆုံးပြတ်တောက်မှု စာရင်းမှာ နေရာယူထားတယ်လို့ သုတေသန အချက်အလက်တွေက ဖော်ပြပါတယ်။ မြန်မာနိုင်ငံထဲမှာ စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်က အချိန်အတော်ကြာ အင်တာနက် ဖြတ်တောက်ခံထားရတဲ့ ဒေသတွေအဖြစ်ပါတယ်လို့ မြန်မာအင်တာနက် စီမံကိန်းအဖွဲ့ရဲ့ စာရင်းကို ကိုးကားပြီး သတင်းတွေက ဖော်ပြကြပါတယ်။

ချင်းပြည်နယ်မှာတော့ စစ်ကောင်စီရဲ့ ယန္တရားရှိတဲ့ နေရာတချို့ကလွဲပြီး အင်တာနက်မရတာကြာပြီဖြစ်လို့ လူမှု၊ စီးပွားရေးမှာ အစစ ထိခိုက်ဆုံးရှုံးမှုတွေရှိကြောင်း ပြည်သူ့ရေးရာမူဝါဒ လေ့လာသုံးသပ်သူ R. Lakher က ဗွီအိုအေကို ပြောပါတယ်။

" ပထမအနေနဲ့ ပညာရေးအပိုင်းကို တော်တော်လေး ထိခိုက်ပါတယ်။ CDM လုပ်သွားတဲ့ ကျောင်းသူ၊ ကျောင်းသားတွေ ပြီးတော့ ကျောင်းတော်တော်များများက တချို့နေရာတွေ အင်တာနက်လိုင်းသာ ရှိမယ်ဆိုရင် အိမ်ကနေ online class တွေ၊ online education တွေ သူတို့တက်လို့ရတယ်။ ဒါပေမဲ့ ချင်းပြည်နယ်မှာ အင်တာနက် မရှိတဲ့အခါမှာ ပညာရေး တခုလုံးနီးပါးကို ရိုက်ခတ်သွားတာပေါ့လေ။ ပြီးတော့ ကျန်းမာရေးဖြစ်ဖြစ် ထိခိုက်မှု တော်တော်များပါတယ်၊ စီးပွားရေးဖြစ်ဖြစ်။ နောက်တခုက နိုင်ငံခြားမှာနေတဲ့သူတွေက ကိုယ့်ရဲ့ မိသားစုဝင်တွေကို ပိုက်ဆံတွေပို့ကြတယ်၊ အင်တာနက်မရှိတဲ့အခါမှာ ဒါတွေက တော်တော်လေး ခက်ခဲလာတာကို တွေ့ရတယ်။ တရွာနဲ့တရွာ ချိတ်ဆက်မှုတွေမှာ မြို့တခုနဲ့တခု သူတို့ ဆွေမျိုး အသိုင်းအဝန်းတွေကြား ဆက်သွယ်တဲ့အခါမှာ၊ တခြားကမ္ဘာမှာ ဘာတွေဖြစ်နေလဲဆိုတဲ့ ကမ္ဘာနဲ့ အဆက်အသွယ် ဖြတ်လိုက်သလိုမျိုးအထိကို ဖြစ်သွားတယ်ပေါ့လေ။"

အခုနှစ် ဩဂုတ်လ ၂၀ရက်အထိ စာရင်းအရဆိုရင် မြန်မာပြည်တွင်းမှာ အင်တာနက် ဖြတ်တောက်ခံရတဲ့ နေရာပေါင်း ၃၀၀ ကျော်အထိ ရှိလာကြောင်း မြန်မာအင်တာနက်အဖွဲ့ကို ကိုးကားပြီး သတင်းတချို့မှာ ဖော်ပြပါတယ်။ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တော်လှန်နေတဲ့ စစ်ကိုင်းတိုင်းက အဖွဲ့အစည်းတွေကတော့ အင်တာနက်နဲ့ သတင်းအချက်အလက် ပြတ်တောက်မှုက ဒေသခံတွေရဲ့ အသက်၊ အိုးအိမ် အမြောက်အများကို ပျက်စီး၊ ဆုံးရှုံးစေတယ်လို့ ဗွီအိုအေကို ပြောပါတယ်။

ဒီလိုအခြေအနေကို စစ်ကိုင်းဒေသခံတွေ အစကတည်းက ကြိုတင် တွက်ဆထားပြီးဖြစ်ကြောင်း မြောက်ယမား ပြည်သူ့ကာကွယ်ရေးအဖွဲ့က ကိုခန့်က ပြောပါတယ်။

" ပိုဆိုးလာတာက အခုနောက်ပိုင်း ဖုန်းလိုင်းတွေဖြတ်တာရှိတယ်၊ တချို့မြို့နယ်တွေမှာ လုံးဝကိုပြတ်သွားပြီ လုံးဝဆက်သွယ်လို့ မရတော့ဘူး။ ဖုန်းလိုင်းလည်းဖြတ်တယ်၊ အင်တာနက်လိုင်းလည်း ဖြတ်တယ် နှစ်မျိုးဖြတ်တာပေါ့။ ဒါလူထုအပေါ် မတရားသဖြင့်လုပ်တဲ့ အနေအထားပေါ့။ အဲဒီတော့ ပြည်ပအလှူရှင်တွေအနေနဲ့ ပြည်တွင်းမှာ ဖြစ်ပျက်နေတဲ့ စစ်ရေးပဋိပက္ခ အခြေအနေတွေကို ပြည်ပရောက်တဲ့ နိုင်ငံသူ၊ နိုင်ငံသားတွေက သိခွင့်မရှိဘူး။ ဒီထက်ပိုဆိုးတာက ဖုန်းလိုင်းတွေကအခု နေရာတော်တော်များများ ဖြတ်လိုက်ပြီ ပိုဆိုးသွားတာပေါ့နော်။"

အစိုးရတွေက အင်တာနက်အသုံးပြုမှုကို ရည်ရွယ်ချက်ရှိရှိနဲ့ ပိတ်ပင်ထားတာတွေကြောင့် ကမ္ဘာ့စီးပွားရေးမှာ နှစ်တိုင်း အမေရိကန်ဒေါ်လာ ဘီလျံချီပြီး ဆုံးရှုံးနစ်နာနေတယ်လို့ အင်တာနက် စောင့်ကြည့်ရေးအဖွဲ့တွေက ထုတ်ပြန်ခဲ့ကြတာပါ။

၂၀၁၉ ကနေ ၂၀၂၄ ခုနှစ် ငါးနှစ်အတွင်း နိုင်ငံပေါင်း ၅၆နိုင်ငံမှာ အင်တာနက်ပြတ်တောက်မှု အကြိမ်ပေါင်း ၆၁၁ကြိမ် ဖြစ်ပွားခဲ့တယ်လို့ Top10VPN အဖွဲ့က ပြောပါတယ်။ အဲဒီ နိုင်ငံတွေကြောင့် ကမ္ဘာ့စီးပွားရေးက ငါးနှစ်အတွင်းမှာ ဒေါ်လာ ၅၂ဘီလီယံကျော်လောက် ဆုံးရှုံးခဲ့ရတယ်လို့ ဒီအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။​

Forum

XS
SM
MD
LG