သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မော်တော်ဆိုင်ကယ်စီး ကမ္ဘာပတ်မြန်မာနှစ်ဦး ရုရှားကိုရောက်ပြီ


မွန်ဂိုလီးယားနဲ့ ရုရှား နယ်စပ် Siberia ဒေသ Altai Republic မှာရှိတဲ့ ရုရှားရဲ့ ရှေးအကျဆုံး လမ်းမကြီးမှာ ရောက်နေတဲ့ Motourlogue ခရီးသွားနှစ်ဦး
မွန်ဂိုလီးယားနဲ့ ရုရှား နယ်စပ် Siberia ဒေသ Altai Republic မှာရှိတဲ့ ရုရှားရဲ့ ရှေးအကျဆုံး လမ်းမကြီးမှာ ရောက်နေတဲ့ Motourlogue ခရီးသွားနှစ်ဦး

မြန်မာကနေ ဗြိတိန်နိုင်ငံထိ မိုင်ပေါင်း သုံးသောင်းကို မော်တော်ဆိုင်ကယ်နဲ့ ကိုယ်စီ စွန့်စားမောင်းနှင်နေတဲ့ စိုင်းဇွမ်ဖနဲ့ ကိုအောင်ကျော်ဝင်းတို့နှစ်ဦးဟာ အခုဆိုရင် ရုရှားနိုင်ငံကို ဖြတ်နေပါပြီ။ မေလ ၂၆ ရက်နေ့က ရန်ကုန်ကနေ စတင်ထွက်ခွာလာခဲ့တဲ့ Motourlogue ခရီးသွားနှစ်ဦးရဲ့ တလခွဲ နီးပါးအချိန်အတွင်း မိုင်ပေါင်း တသောင်းကျော် မောင်းနှင်ခဲ့ပြီးလည်း ဖြစ်ပါတယ်။

ရုရှားကနေ နော်ဝေနိုင်ငံကို ဖြတ်ချိန်မှာတော့ မြန်မာမိသားစုတွေဘက်က ကြိုဆိုဖို့ ကြိုးစားမှာဖြစ်တယ်လို့ နော်ဝေးရောက် မြန်မာတဦးက ဗွီအိုအေကို ပြောပါတယ်။

မအင်ကြင်းနိုင်က အပြည့်အစုံကို ဆက်လက်တင်ပြမှာပါ။

Motourlogue အဖွဲ့ဝင်နှစ်ဦးဟာ မွန်ဂိုလီးယားနိုင်ငံထဲ ရက်သတင်း တပတ်ကျော် ဖြတ်သန်းမောင်းနှင်ပြီးနောက် ဇူလိုင်လ (၄)ရက်နေ့က ရုရှားနိုင်ငံ တောင်ပိုင်း Siberia ဒေသကို ရောက်ရှိလာတာဖြစ်ပါတယ်။ အခုဆိုရင် သူတို့နှစ်ဦးဟာ Siberia ဒေသက Tura မြစ်စီးဆင်းနေတဲ့ Tyumen မြို့ကို ရောက်ရှိနေတာပါ။

မွန်ဂိုလီးယားနိုင်ငံမှာ ကျယ်ဝန်းလှပြီး သဲကန္တရနီးပါးလိုဖြစ်နေတဲ့ မြေပြန့်တွေထဲမှာ မိုင်ပေါင်းများစွာ ဖြတ်သန်း မောင်းနှင်ခဲ့ပြီးနောက် ရုရှားတောင်ပိုင်းကို ရောက်ရှိလာတာဖြစ်ပါတယ်။ မွန်ဂိုလီးယား အစွန်အဖျားနေရာတွေ ဖြတ်သန်းမောင်းနှင်ရင်း တွေမြင်ခဲ့ရတဲ့ လှပတဲ့ ရှုခင်းတွေအကြောင်း၊ ရာသီဥတု ပူရာကနေ အေးလာတဲ့ အခြေအနေတွေကို စိုင်းဇွမ်ဖနဲ့ ကိုအောင်ကျော်ဝင်းတို့က Motourlogue ဖေ့စ်ဘုတ်ခ် ဗွီဒီယိုကနေ အခုလို ပြောပြပါတယ်။

“သဲကန္တရကနေ ကွင်းပြင်တွေက တဖြေးဖြေးချင်းစိမ်းလာတယ်။ မြက်ကလေးတွေကို စတွေ့လာတယ်။ အခုကျနော်တို့ မြင်နေရတဲ့အတိုင်းပဲ မြက်စိမ်းတွေဖြစ်လာတယ်။ ကျနော်တို့ ဒီဘက်ကို ဆက်စီးလာရင်းနဲ့ National park ကိုရောက်သွားရော အဲဒီတောင်ပတ်ပတ်လည်မှာ အပင်တွေကအစ အများကြီးပဲ ထင်းရှုးပင်တွေ ၊ မနေ့က ရာသီဥတုက ကျနော်တို့ ပူတဲ့အချိန်ကနေ စပြီး စီးရတယ်။ ပူတော့ ဇကာပါတဲ့ အကျီၤလောက်ပဲ ဝတ်လို့ရတယ်။ ဒီဘက်လည်းရောက်လာရော ညနေ ကျနော်တို့ camp စရှာတဲ့အချိန်မှာဆိုရင် အနွေးထည်အထူတောင်မှာ ထပ်ပြီးတော့ဝတ်ရတယ် ။ ရာသီဥတုလည်းပြောင်းသွားတယ်။ ရာသီဥတုကတော့ ပူတလှည့် အေးတလှည့်ပေါ့နော်။”

တောင်တွေကြား စခန်းချရာမှာ ချက်ပြုတ်စားသောက်ခဲ့တဲ့ သူတို့နှစ်ဦး အတွေ့အကြုံတွေကလည်း အခုလိုပြောပါတယ်။

“ဒီမှာက camping ground သူ့ဟာနဲ့ သူရှိတယ် သူပေးထားတဲ့ အဆောက်အဦးမှာပဲအိပ်၊ ရေချိုး အိမ်သာတွေကတော့ ဘုံပေါ့နော်။ အစားအသောက်ကလည်း အဆင်ပြေတဲ့နေရာကနေ စားပေါ့နော်။ အေးတာကတော့ အေးတယ် တောင်ကြားတွေထဲမှာဆိုတော့ အဲဒီတော့ ကျနော်တို့ အဲဒီတဲတွေထဲမှာ မီးဖိုလေးပေးထားတယ်။ မနေ့ကတော့ ဌက်ပျောသီးနဲ့ စားရတယ်၊ ဒီနေ့ကတော့ ကြက်ဥကြော်ပါလာပြီ။ အသားတွေပါလာပြီ ၊ ပေါင်မှုန့်ကတော့ မနေ့က ဝယ်လာတယ်။ ကော်ဖီပါ ရှိသွားပါပြီခင်ဗျ။”

BMW အမျိုးအစားနဲ့ မောင်းနှင်နေတဲ့ မော်တော်ဆိုင်ကယ် အင်ဂျင်တွေရဲ့အခြေ အနေတွေကိုလည်း အခုလို ပြောပြကြပါတယ်။

“ဆိုင်ကယ်က အင်ဂျင်က တော်တော်အဆင်ပြေသေးတယ်။ ကျနော်တို့အင်ဂျင် oil ကိုလည်း ကျနော်တို့ တခါတည်းဝင်လဲလာတယ်။ အခု အပူအအေးမမျှတဲ့ နေရာတွေမှာ အင်ဂျင် temperature က တက်လိုက်ဆင်းလိုက် ဆိုတော့ အခုလို ဝင်လဲထားတော့ တော်တော်လေးအဆင်ပြေတယ်။”

မွန်ဂိုလီးယားကနေ ရုရှားနိုင်ငံထဲအဝင် Siberia ဒေသ Altai Republic ကို ဖြတ်ပြီးမောင်းနှင်ခဲ့တဲ့ လမ်းဟာ ရုရှားရဲ့ ရှေးအကျဆုံး လမ်းမကြီးတခုဖြစ်သလို National Geographic ရဲ့ စာရင်းအရ ကမ္ဘာ့အလှဆုံး လမ်း ၁၀ လမ်းထဲက တလမ်းဖြစ်တယ်လို့ Motourlogue ခရီးသွားနှစ်ဦးက ဆိုပါတယ်။

ရုရှား နယ်စပ် Siberia ဒေသ Altai Republic မှာရှိတဲ့ ရုရှားရဲ့ ရှေးအကျဆုံး လမ်းမကြီးမှာ ရောက်နေတဲ့ Motourlogue ခရီးသွားနှစ်ဦး
ရုရှား နယ်စပ် Siberia ဒေသ Altai Republic မှာရှိတဲ့ ရုရှားရဲ့ ရှေးအကျဆုံး လမ်းမကြီးမှာ ရောက်နေတဲ့ Motourlogue ခရီးသွားနှစ်ဦး

အရှေ့ဥရောပနဲ့ မြောက်အာရှကြားမှာ တည်ရှိတဲ့ ကမ္ဘာ့အကြီးဆုံးနိုင်ငံဖြစ်တဲ့ ရုရှားနိုင်ငံထဲဖြတ်သန်းမောင်းနှင်တဲ့ အခါ အတိုဆုံး လမ်းကြောင်းကို ရွေးချယ်ထားတဲ့ အတွက် သူတို့နှစ်ဦးဟာ ရုရှားနဲ့ ကပ်နေတဲ့ Kazakhstan နိုင်ငံနယ်စပ်ဖြတ်ပြီး ရုရှားကို ပြန်ဝင်ဖို့ရှိပါတယ်။ ဒီလမ်းကြောင်းနဲ့ပတ်သက်လို့ နော်ဝေးနိုင်ငံမှာ နေထိုင်နေတဲ့ မကေသီအေးက အခုလို သုံးသပ်ပါတယ်။

“ခရီးလမ်းကြောင်းကတော့ ရုရှား က အကြီးကြီးဆိုတော့ ရုရှားကို ဖြတ်ရဦးမှာ။ Kazakhstan ထဲ ဝင်မယ်ဆိုရင် Kazakhstan ကနေတဆင့် ရုရှား နိုင်ငံ ကိုပြန်ဝင်မယ်ဆိုရင် လမ်းကြောင်းအတိုပေါ့နော်။ သူတို့ မော်စကို ဖြတ်ပြီးတော့ အဲဒီကနေမှ နော်ဝေနယ်စပ်ရှိတဲ့ ပင်လယ်နားအထိကိုသွားပြီးတော့ အဲဒီဘက်ကနေ နော်ဝေကို ပြန်ကူးရမယ်။ ကူးမယ်ဆိုရင် နော်ဝေနိုင်ငံ မြောက်ပိုင်းကနေ တောင်ပိုင်းအဆုံးအထိကို တောက်လျောက်မောင်းလာ ရမှာပေါ့နော်။”

လက်ရှိ နော်ဝေနိုင်ငံမှာတော့ ရာသီဥတု သိပ်မကောင်းပဲ အပြောင်းအလဲ မြန်နေကြောင်း မကေသီအေးက ပြောပါတယ်။

ရုရှားကနေ နော်ဝေကိုရောက်လာချိန်မှာ သူတို့ရောက်မယ့် မြို့တွေကို ကြိုသိရမယ်ဆိုရင် မြန်မာမိသားစုတွေအနေနဲ့ ဝိုင်းဝန်းကြိုဆိုဖို့ ကြိုးစားမှာဖြစ်တယ်လို့ သူက အခုလိုပြောပါတယ်။

“နော်ဝေကို ဖြတ်တယ်ဆိုတော့လည်း ဥရောပခရီးစဉ်တွေမှာ နော်ဝေကို ထည့်ထားတယ်ဆိုတော့ ဝမ်းသာစရာပေါ့နော်။ မှန်းလို့ရတဲ့ လမ်းကြောင်းဆိုရင် ရုရှားနယ်စပ်ကဆိုရင် နော်ဝေနိုင်ငံ အစကနေ အဆုံး ဖြတ်ရမှာ ဝမ်းသာစရာကောင်းပါတယ်။ သူတို့အတွက်လည်း စိတ်လှုပ်ရှားစရာနေမှာပေါ့နော် အမတို့အနေနဲ့ကတော့ မြန်မာပြည်သူတွေတော့ အရမ်းနည်းတယ်။ သူတို့ ဖြတ်သန်းလာမယ့် လမ်းကြောင်းကိုလည်း သေချာမသိရသေးဘူး။ တကယ်လို့ သူတို့ facebook တွေထဲကနေ information ဖြန့်နိုင်တယ်ဆိုရင်တော့ ကောင်းတာပေါ့။ သူတို့ကို အဲဒီမြို့တွေမှာရှိတဲ့ မြန်မာတွေကတော့ ဝမ်းသာအားရ တတ်နိုင်သမျှ လုပ်ပေးကြမှာပါပဲ။”

မေလ ၂၆ ရက်နေ့ ရန်ကုန်ကနေ စတင်ထွက်ခွာလာတဲ့ Motourlogue ခရီးသွားနှစ်ဦးဟာ တလခွဲနီးပါးအတွင်း မြန်မာ၊ ထိုင်း၊ လာအို၊ တရုတ်ကနေ မွန်ဂိုလီးယားနိုင်ငံကိုဖြတ်ပြီး ရုရှားကို ရောက်နေပါပြီ။ မကြာခင် Kazakhstan နိုင်ငံဖြတ်ပြီး ရုရှားကို ပြန်ဝင်ပြီးနောက် နော်ဝေ၊ ဒိန်းမတ်၊ ဂျာမနီ၊ နယ်သာလန်တို့ကတဆင့် ဗြိတိန် နိုင်ငံ လန်ဒန်ထိ မော်တော်ဆိုင်ကယ်နဲ့ ဖြတ်သန်းမောင်းနှင်ကြမှာဖြစ်ပါတယ်။ ခရီးစဉ်အတွင်း သူတို့ဖြတ်သန်းသွားမယ့် နိုင်ငံတွေအတွက် လိုအပ်တဲ့ စာရွက်စာတမ်းတွေကို လပေါင်း ရှစ်လ ကြာ ပြင်ဆင်ခဲ့ရတယ်လို့လည်း သူတို့နှစ်ဦးက ပြောပါတယ်။

သူတို့နှစ်ဦး အပြန်ခရီးစဉ်ကို အသေအချာ မသိရသေးပေမယ့် တူရကီနိုင်ငံကတဆင့် အာရှနိုင်ငံတွေဘက် ပြန်ဝင်ဖို့ လျာထားတယ်လို့ ဆိုပါတယ်။ BMW အမျိုးအစား မော်တော်ဆိုင်ကယ်နဲ့ မောင်းနှင်တဲ့ Motourlogue ခရီးသွားနှစ်ဦးရဲ့ ခရီးစဉ်အတွက် MPRL E&P စွမ်းအင်ကုမ္ပဏီကနေ အဓိက ပံ့ပိုးထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG