သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာဆိုင်ကယ်သမား ၂ ဦး မွန်ဂိုလီယားရောက်ပြီ


မွန်ဂိုလီးယားနိုင်ငံကို ရောက်နေပြီဖြစ်တဲ့ Motorlogue ခရီးသွားနှစ်ဦး (Credit- Motourlogue Facebook)
မွန်ဂိုလီးယားနိုင်ငံကို ရောက်နေပြီဖြစ်တဲ့ Motorlogue ခရီးသွားနှစ်ဦး (Credit- Motourlogue Facebook)

မြန်မာ ကနေ ဗြိတိန်နိုင်ငံထိ မိုင်ပေါင်း သုံးသောင်း နီးပါး မော်တော်ဆိုင်ကယ်နဲ့ ခရီးရှည် မောင်းနှင်နေတဲ့ မြန်မာနိုင်ငံသား နှစ်ဦးဟာ အခုဆိုရင် မွန်ဂိုလီးယားနိုင်ငံကို ရောက်ရှိနေပါပြီ။

တရုတ်နိုင်ငံ မြောက်ပိုင်းနဲ့ မွန်ဂိုလီးယားနိုင်ငံ တောင်ပိုင်းဖြတ်သန်းထားတဲ့ အာရှမှာ ဒုတိယအကြီးဆုံး Gobi သဲကန္တာရကို ဖြတ်သန်းပြီးတဲ့နောက် မွန်ဂိုလီးယားမြို့တော် Ulaanbaatar ကိုရောက်ရှိခဲ့ပါတယ်။ မိုင်ပေါင်း ၉၀၀၀ ကျော်ထိ မောင်းနှင်ခဲ့ပြီဖြစ်တဲ့ Motourlogue ခရီးသွားအဖွဲ့ဝင်နှစ်ဦးရဲ့ နောက်ဆုံးအခြေအနေကို မအင်ကြင်းနိုင်က တင်ပြမှာပါ။

Motourlogue ခရီးသွားအဖွဲ့ဝင်နှစ်ဦးဖြစ်တဲ့ ကိုအောင်ကျော်ဝင်းနဲ့ စိုင်းဇွန်ဖ တို့ဟာ ကမ္ဘာကျော် Gobi သဲကန္တာရကို ဖြတ်သန်းမောင်းနှင်ပြီနောက် မွန်ဂိုလီးယားနိုင်ငံကို ရောက်ရှိနေပါပြီ။ တရုတ်နဲ့ မွန်ဂိုလီးယား နှစ်နိုင်ငံကြား ဖြတ်သန်းတည်ရှိနေတဲ့ အဲဒီသဲကန္တာရ ကို တရုတ်မြောက်ပိုင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ Inner Mongolia ဒေသကနေ တဆင့် မောင်းနှင်ခဲ့ကြတာဖြစ်ပါတယ်။

ဇွန်လ ၁၆ ရက်နေ့က Inner Mongolia ကိုရောက်ရှိပြီး မော်တော်ဆိုင်ကယ်နဲ့ ဖြတ်သန်းမောင်းနှင်ခဲ့တဲ့ ဒေသအတွေ့အကြုံတွေကို စိုင်းဇွန်ဖနဲ့ ကိုအောင်ကျော်ဝင်းတို့က Motourlogue Facebook ဗွီဒီယိုကနေ တဆင့် အားပေးနေတဲ့ ပရိသတ်တွေကို အခုလို ပြောပြပါတယ်။

“ အခုရောက်နေတာကတော့ Inner Mongolia ပါ။ တရုတ်နိုင်ငံမြောက်ပိုင်းမှာရှိနေတာပါ။ သူ့မှာလည်း ရာဇဝင်တွေ အများကြီးရှိပါတယ်။ ဒီဒေသမှာ လေအား လျှပ်စစ်ထုတ်လုပ်ရေး စက်ရုံတွေ အများကြီးတည်ဆောက်ထားတာတွေ့ရပါတယ်။ အကြမ်းဖြင်းရေတွက်ကြည့်တာ ထောင်ဂဏန်းလောက်ရှိမယ်။ လွင်ပြင်ကနေ တိုက်လာတဲ့ လေကို အသုံးပြုထားတာပါ။ နောက် နေရောင်ခြည်သုံးစွမ်းအင် Sola စနစ် အသုံးပြုပြီး စွမ်းအင်ထုတ်လုပ်တာတွေလည်း တွေ့ရတယ်။”

ဒါအပြင် နှစ်ပတ်အတွင်း တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ်ကနေ မြောက်ပိုင်း Inner Mongolia ဒေသထိ မောင်းနှင်ခဲ့တဲ့ ခရီးလမ်းတလျောက် ဖြတ်သန်းခဲ့တဲ့ တရုတ်ကုန်းတွင်းပိုင်းဒေသ အခြေခံအဆောက်အအုံတွေ ခေတ်မှီတိုးတက်ကောင်းမွန်တဲ့ မြင်ကွင်း အတွေ့အကြုံတွေကိုလည်း သူတို့နှစ်ဦးလုံးက အခုလို ပြောပြပါတယ်။

“တရုတ်ပြည်ထဲမှာ ၁၂ ရက်လောက်ရှိနေပြီ။ အရမ်းလည်း မျက်စိပွင့် နားပွင့်ရပါတယ်။ အချိန်တော်တော်များများ မော်တော်ဆိုင်ကယ် မောင်းတဲ့အချိန်မှာ Express ဟိုင်းဝေးလမ်းမကြီးတွေပဲ။ မြို့တွေ ဝင်ပြီးနားတဲ့အချိန်မှာ တမြို့ချင်းစီရဲ့ အခြေခံအဆောက်အဦတွေက အရမ်းကို အားကျဖွယ်ကောင်းလောက်အောင် တိုးတက်နေပါတယ်။ ကျနော်တို့ မောင်းလာတဲ့ တောက်လျှောက် ကွင်းပြင်ကြီးတွေကိုပဲ နှစ်နာရီလောက်ဖြတ်နေရင်း ရုတ်တရက်မြို့ကြီးတမြို့ ကိုတွေ့လိုက်ရရင် ဟာကနဲ ဖြစ်သွားရလောက်အောင် မြို့တွေက အတော်ကြီးပြီး တိုက်တာအဆောက်အဦတွေကလည်း အမြင့်ကြီးတွေပဲ။”

တနေ့ကို မိုင်ပေါင်း ၁၈၀ ကျော်နှုန်းနဲ့ မိုင်ပေါင်း ၉၀၀၀ ကျော်ထိမောင်းနှင်ဖြတ်သန်းခဲ့တဲ့ လမ်းခရီးအခြေအနေကိုလည်း Motourlogue ခရီးသွားနှစ်ဦးလုံးက အခုလို ပြောပြပါတယ်။

“ တရက်ကို ကျနော်တို့ ကီလိုမီတာ ၃၀၀နီးပါး အနည်းဆုံးမောင်းတယ်။ အရမ်းမောင်းရတယ်။ Express way အဝေးပြေးလမ်းပေါ်မှာဆိုရင် ကားကြီးက မိုင် ၈၀နှုန်း၊ ကားလတ်ဆိုရင် မိုင် ၁၀၀၊ ကားအငယ်ဆိုရင် မိုင် ၁၂၀ သတ်မှတ်ထားတယ်။ အဝေးပြေးလမ်းမ ဖောက်ထားတာတွေ အရမ်းကောင်းတယ်။ Safety ဖြစ်အောင် လုပ်ထားတာလည်း ကောင်းတယ်။ တောင်တွေ အများကြီး ဖြတ်ရတယ်။ ဒါပေမယ့် တောင်တခုနဲ့ တခုကို တံတားတွေနဲ့ ထိုးထားတယ်။ တောင်တွေ့ရင် လှိုင်ဂူဖောက်လိုက်တယ်၊ မြစ်တွေ့ရင် တံတားထိုးလိုက်တယ်။ လှိုင်ဂူတွေကလည်း တချို့ဆိုရင် ၁၀ ကီလိုမီတာလောက်ရှိတယ်။ မီးရှိတဲ့ လှိုင်ဂူရှိတယ်၊ မီးမရှိတဲ့ လှိုင်ဂူရှိတယ်။”

အခုလို ကိုအောင်ကျော်ဝင်းနဲ့ စိုင်းဇွန်ဖ တို့နှစ်ဦး မော်တော်ဆိုင်ကယ်နဲ့ စွန့်စားကမ္ဘာပတ်တဲ့ ခရီးစဉ်ကို အားပေးဂုဏ်ယူကြောင်း ဗြိတိန်အခြေစိုက် ပြည်ထောင်စုမြန်မာနိုင်ငံသားများအဖွဲ့ ( Nationalities of the Union of Myanmar Association-UK) ဦးဆောင်ကော်မတီဝင်တဦးဖြစ်သူ ဒေါက်တာ ဇွန်မြတ်သန်းဝင်းက ဗွီအိုအေကို ပြောပါတယ်။

“ သူတို့ ခရီးစဉ်ကို စဉ်းစားမယ်ဆိုရင် လူငယ်နှစ်ယောက်က ခက်ခက်ခဲခဲလမ်းကို သူတို့ ကူးဖြတ်လာတယ်ဆိုတာ အန်တီတို့က အားပေးရမယ်။ သူတို့အနေနဲ့ ဗဟုသုတလည်း တိုးတက်မယ်။ အခြားလူငယ်တွေအတွက်လည်း အားတက်ဖို့ကောင်းမယ်။”

ဒါအပြင် Motourlogue ခရီးသွားနှစ်ဦး လန်ဒန် ရောက်လာမယ့် အချိန်ဟာ ရာသီဥတုအကောင်းအဆုံး အချိန်ဖြစ်နေတယ်လို့လည်း ဒေါက်တာဇွန်မြတ်သန်းဝင်းက ဆိုပါတယ်။

မေလ ၂၆ ရက်နေ့ ရန်ကုန်ကနေ စတင်ထွက်ခွာလာတဲ့ Motourlogue ခရီးသွားနှစ်ဦးဟာ တလနီးပါးအတွင်း မြန်မာ၊ ထိုင်း၊ လာအို၊ တရုတ်ကနေ မွန်ဂိုလီးယားနိုင်ငံကို ရောက်ရှိခဲ့ပြီဖြစ်ပါတယ်။ မကြာခင် Kazakhstan နိုင်ငံဖြတ်ပြီး ရုရှားကို ဝင်ပြီးနောက် နော်ဝေ၊ ဒိန်းမတ်၊ ဂျာမနီ၊ နယ်သာလန်တို့ကတဆင့် ဗြိတိန် နိုင်ငံ လန်ဒန်ထိ မော်တော်ဆိုင်ကယ်နဲ့ ဖြတ်သန်းမောင်းနှင်ကြမှာဖြစ်ပါတယ်။ သူတို့နှစ်ဦး အပြန်ခရီးစဉ်ကို အသေအချာ မသိရသေးပေမယ့် တူရကီနိုင်ငံကတဆင့် အာရှနိုင်ငံတွေဘက် ပြန်ဝင်ဖို့ လျာထားတယ်လို့ ဆိုပါတယ်။ BMW အမျိုးအစား မော်တော်ဆိုင်ကယ်နဲ့ မောင်းနှင်တဲ့ Motourlogue ခရီးသွားနှစ်ဦးရဲ့ ခရီးစဉ်အတွက် MPRL E&P စွမ်းအင်ကုမ္ပဏီကနေ အဓိက ပံ့ပိုးထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG