သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ဦးမှာ ဒုက္ခသည်စခန်းတစ်ခု မီးလောင်ပြီး အကူအညီလိုအပ်နေ


ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်အစပ်ရှိ ဝါးတောင် စစ်ရှောင်ဒုက္ခသည်စခန်းမှာ တွေ့ရတဲ့ ရခိုင်ဒုက္ခသည်များ။ (မှတ်တမ်းဓာတ်ပုံ)
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်အစပ်ရှိ ဝါးတောင် စစ်ရှောင်ဒုက္ခသည်စခန်းမှာ တွေ့ရတဲ့ ရခိုင်ဒုက္ခသည်များ။ (မှတ်တမ်းဓာတ်ပုံ)

[Zawgyi/Unicode]

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်က စစ်ဘေးရှောင် ဒုက္ခသည်စခန်းတစ်ခု မီးလောင်တာကြောင့် လူဦးရေထောင်နဲ့ချီပြီး စားဝတ်နေရေးနဲ့ နေထိုင်စရာ အခက်အခဲတွေ့နေတဲ့အကြောင်း ရန်ကုန်ကရတဲ့သတင်းကို မခွာညိုက ပြောပြပါမယ်။

မတ်လ ၁၇ ရက်၊ ဗုဒ္ဓဟူးနေ့တုန်းက ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်အတွင်းက တိမ်ညိုစစ်ဘေးရှောင် ဒုက္ခသည်စခန်းမှာ မီးထွန်းထားတဲ့ ဖယောင်းတိုင်လဲကျရာကနေ စတင်လောင်ခဲ့တဲ့ မီးဘေးအတွင်း အိမ်ခြေ ၆၀၀ ကျော် မီးလောင်ကျွမ်းသွားပါတယ်။

မနေ့ည ၈ နာရီကျော်လောက်မှာ တိမ်ညိုဒုက္ခသည်စခန်း မီးလောင်ကျွမ်းမှုအတွင်း လူ ၇ ဦး ထိခိုက်ဒဏ်ရာရပြီး တချို့ကို ဆေးရုံတင်တယ်လို့ စစ်ဘေးရှောင်စခန်း အကူအညီပေးသူတွေက ပြောပါတယ်။

နေအိမ်အဆောက်အဦးတွေ မီးလောင်သွားလို့ နီးစပ်ရာ ဘုန်းကြီးကျောင်းတခုမှာ ယာယီနေရာချထားတယ်လို့ ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံးအတွင်းရေးမှူး ဦးဇော်ဇော်ထွန်းက ပြောပါတယ်။

“မီးကတော့ ပေါ့ဆမီးလို့ပြောပါတယ်။ မီးလောင်တဲ့ အချိန်က ၈ နာရီ ၁၅ လောက်ကနေ စလောင်ပြီးတော့မှ လေကလည်း တိုက်နေတဲ့ အချိန်ဆိုတော့ မိနစ် ၂၀ ကျော်ကျော်လောက်မှာပဲ အဲ့ဒီစခန်းမှာ ရှိနေတဲ့ မိသားစုတွေရဲ့ နေအိမ်တွေရဲ့ သုံးပုံ နှစ်ပုံကျော်ကျော်က လောင်သွားတာပေါ့နော်။ ဒီနေ့မနက် ကျနော်တို့ အခု တိမ်ညိုရောက်ပြီးတော့မှ စာရင်းတွေ ယူတဲ့အခါမှာတော့ အားလုံး ၆၆၃ ဆောင်ပေါ့နော်၊ အခန်းတွေပေါ့ လောင်သွားတာဖြစ်ပါတယ်။ နောက်အဆောင် ၂၀၀ ကျော်တော့ ကျန်နေခဲ့တယ်ပေါ့နော်။ နောက်အသေးစား ဒဏ်ရာရှိသူကတော့ ၇ ဦးလောက်ရှိပါတယ်ဗျ။ လောလောဆယ်မှာ ဒီမီးလောင်သွားတဲ့ မိသားစုတွေကို တိမ်ညိုရွာထဲမှာရှိတဲ့ ဘုန်းကြီးကျောင်းမှာ ယာယီနေရာချထားရတာပေါ့နော်။”

ဒီ တိမ်ညိုဒုက္ခသည်စခန်းဟာ ရခိုင်လက်နက်ကိုင်အဖွဲ့ AA နဲ့ တပ်မတော်ကြား ၂ နှစ်နီးပါးကြာ တိုက်ပွဲတွေကြောင့် ရခိုင်ပြည်နယ်တွင်း နေရပ်စွန့်ခွာထွက်ပြေးကြရတဲ့ စစ်ဘေးဒုက္ခသည်တွေ ခိုလှုံနေထိုင်နေတာပါ။

နေအိမ်ထိုင်ခင်း၊ အိုးခွက်ပန်ကန်၊ အစားအသောက်နဲ့ အဝတ်အစားတွေပါ မကျန်လောင်ကျွမ်းကုန်တာကြောင့် ထောင်နဲ့ချီတဲ့ မီးဘေးသင့် ဒုက္ခသည်တွေအတွက် စားဝတ်နေရေးနဲ့ နေစရာအဆောက်အဦးတွေ အခက်ကြုံနေရတယ်လို့ စစ်ဘေးရှောင်အကူအညီပေးနေတဲ့ ရွှေရောင်မေတ္တာဖောင်ဒေးရှင်း တာဝန်ခံကိုသာကီလင်း က ပြောပါတယ်။

“ကလေးက ဖယောင်တိုင်းမီးထွန်းတာ။ ဖယောင်တိုင်းမီးပစ်လဲပြီးတော့ အဲ့ဒီလိုမျိုး စလောင်တာပါ။ အခုလောလောဆယ်မှာ အခက်အခဲကတော့ ပစ္စည်းတွေကတော့ ဘာမှ မရလိုက်ဘူးပေါ့။ စားဝတ်နေရေး အကုန်လုံးလိုတာပေါ့။ အဆောင်အဦးတွေရော၊ အခက်အခဲတွေရော၊ အစားအသောက်တွေရောပေါ့။ အိမ်ခြေက ၈၇၅ စု အကုန်လုံး လောင်သွားတာဆို ၆၆၃ ဆောင်။ လောလောဆယ်ကတော့ အကုန်လုံးပြာပုံဖြစ်သွားတာပဲလေ။ ဘာမှမရလိုက်ဘူးပေါ့နော်။ လောင်သွားတာ ၆၆၃ ထဲမှာမှ လူဦးရေစုစုပေါင်း ၂,၅၆၅။”

ဒီ တိမ်ညိုစစ်ရှောင်စခန်းမှာ ဒုက္ခသည် ကျော်ရှိတဲ့အထဲ လူဦးရေ ၂,၅၀၀ ကျော်က မီးဘေးသင့်သွားတာပါ။

ရခိုင်ပြည်နယ်မှာ လက်နက်ကိုင်ပဋိပက္ခတွေကြောင့် တိမ်းရှောင်နေကြရတဲ့ ဒုက္ခသည်တွေ အရင်ကတည်းက စားနပ်ရိက္ခာပြတ်လပ်မှုနဲ့ ရင်ဆိုင်နေကြရပြီဖြစ်တာမို့ အခုလို မီးဘေးသင့်သွားတာကြောင့် ပိုမိုအခက်အခဲကြုံတွေ့နေရပါတယ်။

မီးဘေးသင့် ဒုက္ခသည်တွေ စားနပ်ရိက္ခာအခက်အခဲနဲ့ ရင်ဆိုင်နေကြရသလို နေရာထိုင်ခင်း၊ စောင်၊ အဝတ်အစား၊ အမျိုးသမီးနဲ့ ကလေးအသုံးအဆောင်ပစ္စည်းတွေလည်း အကူအညီ လိုအပ်နေပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]













XS
SM
MD
LG