သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်အာဏာသိမ်းမှု ဆန္ဒပြတဲ့အတွက် ရခိုင်ပြည်နယ်က အဖမ်းအဆီး


ရခိုင်ပြည်နယ်က စစ်အာဏာရှင် ဆန္ဒပြပွဲမြင်ကွင်း။ (ဓာတ်ပုံ - Hsu Yati Tun- ဖေဖော်ဝါရီ ၈၊ ၂၀၂၁)
ရခိုင်ပြည်နယ်က စစ်အာဏာရှင် ဆန္ဒပြပွဲမြင်ကွင်း။ (ဓာတ်ပုံ - Hsu Yati Tun- ဖေဖော်ဝါရီ ၈၊ ၂၀၂၁)

[Zawgyi/Unicode]

မြန်မာနိုင်ငံမှာ အရပ်သား အစိုးရကို ဖယ်ရှားပြီး စစ်တပ်က အာဏာသိမ်းတာကို ကန့်ကွက်ဆန္ဒပြတဲ့ လှုပ်ရှားမှုတွေနဲ့ ဆက်နွယ်ပြီး ရခိုင်ပြည်နယ်မှာ ဖမ်းဆီးအရေးယူခံရသူ ၁၀ ဦးထက်မနည်း ရှိနေပါတယ်။ ငြိမ်းချမ်းစွာ ဆန္ဒပြလှုပ်ရှားသူတွေရဲ့ အခွင့်အရေးတွေကို လေးစားလိုက်နာဖို့ နိုင်ငံတကာက သတိပေးနေချိန်မှာပဲ အရေးယူမှုတွေ ပေါ်ပေါက်နေတာပါ။ အပြည့်အစုံကိုတော့ ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုသက်နိုင်က တင်ပြပါမယ်။

တပ်မတော်က အာဏာသိမ်းတဲ့ လုပ်ရပ်ကို ကန့်ကွက်ဆန္ဒပြတဲ့ လှုပ်ရှားမှုတွေအတွင်း ရခိုင်ပြည်နယ်တောင်ပိုင်းက တောင်ကုတ်မြို့နယ်နဲ့ အမ်းမြို့နယ်တို့မှာ ဆန္ဒပြသူတချို့ ဖမ်းဆီးခံခဲ့ရတာပါ။ မနေ့တုန်းကအထိ ဆန္ဒပြလှုပ်ရှားမှုတွေနဲ့ ဆက်နွယ်ပြီး ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်တဲ့သူ အနည်းဆုံး ၈ ဦး ရှိနေပြီလို့လည်း အမ်းဒေသခံ ကိုမျိုးလွင်ကပြောပါတယ်။

“မနေ့က ဆန္ဒထုတ်ဖော်ပြီးတဲ့ နောက်ပိုင်းမှာ လက်ရှိ ဖမ်းထားတာကတော့ ၈ ဦးရှိနေတယ်။ ပေါ့နော်။ ကျနော်ဆီမှာ လူနာမည်နဲ့ အဖအမည်တွေ ရောက်နေတာကတော့ ၈ ဦးရှိနေပြီပေါ့နော်။ အဲဒီ ၈ ဦးက အမ်းမြို့မ ရဲစခန်းမှာ ထိန်းသိမ်းထားတယ်ပေါ့နော်။ မနေ့က ဖမ်းတဲ့ ၆ ဦးကတော့ အမ်းတရားရုံးမှာ ရုံးထုတ်တယ်ပေါ့နော်။ ဒီနေ့ဖမ်းတဲ့နှစ်ဦးကတော့ ရုံးမထုတ် သေးဘူး။ ၈ ဦးလုံးက အမ်းမြို့မ ရဲစခန်းမှာ ရှိနေပါတယ်။”

မနေ့က အမ်းမြို့နယ်မှာ ဖမ်းဆီးခံရသူ တဦးဖြစ်တဲ့ အသက် ၂၁ နှစ်အရွယ် အဝေးသင်ကျောင်းသူ မရတနာအောင်ရဲ့ မိခင်ဖြစ်သူကတော့ သမီးဖြစ်သူကို ဖမ်းဆီးခံရပြီး နောက်တနေ့ဖြစ်တဲ့ ဒီနေ့မှာပဲ အာဏာပိုင်တွေက သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ၂၅ နဲ့ တရားရုံးထုတ် ရမာန်ယူခဲ့တယ်လို့ ပြောပါတယ်။

“ညက သူတို့ကို ဖမ်းသွားတာ ၆ ယောက် သမီးအပါအဝင်၊ မိန်းကလေး သုံးယောက်၊ ယောကျာ်းလေး ၂ နှစ်ယောက်၊ ဒီမနက် ၂ ယောက် ထပ် ဖမ်းတယ်။ အဲဒီမှာ တစ်ယောက်ပြန်လွှတ် လိုက်တယ်လို့ ကြားတယ်။ ဘာကြောင့် ပြန်လွှတ်လိုက်လဲ ဆိုတာတော့မသိဘူး။ ကြားလည်းမကြားချင်တော့ဘူး။ ဒီနေ့က သူတို့ကို ရုံးထုတ်တယ်။ ပြီးတော့ ရမန် နှစ်ပတ် ပေးတယ်။ တွေ့ခွင့်လည်းမပေးဘူး။ တရားရုံးထဲ ခေါ်လာတာလည်း ကိုယ်လည်း လိုက်ခွင့်မရဘူး။ သဘာဝဘေးအန္တရာယ် ၂၅ ပုဒ်မဆိုလားအဲဒါနဲ့ စွဲထားတာ။”

ဖမ်းဆီးခံထားရသူတွေနဲ့ ပတ်သတ်လို့ အမ်းမြို့မရဲစခန်းမှူးကို ဗွီအိုအေက ဆက်သွယ်ခဲ့ပေမဲ့လည်း ဖုန်းလက်ခံဖြေဆိုခဲ့ခြင်းမရှိပါဘူး။

တောင်ကုတ်မြို့နယ်မှာတော့ ဆန္ဒပြလှုပ်ရှားမှုတွေနဲ့ ဆက်နွယ်ပြီး ဖမ်းဆီးထားသူ ၂ ဦးကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မနဲ့ တရားစွဲဆိုထားကြောင်း တောင်ကုတ်မြို့မ စခန်းမှူးက ဗွီအိုအေကို အတည်ပြုပေမဲ့ အသေးစိတ်ကိုတော့ မပြောပါဘူး။

“ကျနော်တို့ကတော့ အမှုဖွင့်ထားတယ်။ သဘာဝဘေးစီမံနဲ့ ဖွင့်ထားတာ သူ့ကို ရုံးထုတ်ကလည်း Video ရောနဲ့ပဲ ရမန်ယူတာလေ ပြီးသွားပါပြီ။”

သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅ အရ ပြစ်မှုမြောက်ကြောင်း တရားရုံးက ဆုံးဖြတ်မယ် ဆိုရင်တော့ ၃ နှစ်ထက် မပိုတဲ့ထောင်ဒဏ် ဒါမှမဟုတ် ငွေဒဏ် ကျခံရမှာဖြစ်ပါတယ်။

ဖမ်းဆီးခံရသူ ၂ ဦးဟာ တောင်ကုတ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဝင်တွေ ဖြစ်ကြပြီး ဆန္ဒပြလှုပ်ရှားမှုမှာ ဦးဆောင်သူတွေ မဟုတ်ကြောင်းလည်း ပါတီဝင်တဦးဖြစ်တဲ့ မချစ်ချစ်ချော့က ပြောပါတယ်။

“ကိုမင်းအောင်နဲ့ ကိုသန့်ဇင်ဖြိုးကို ဖမ်းတယ်ဆိုတာ လုံးဝ ကျိုးကြောင်း ဆီလျော်မှုမရှိဘူး။ ဒါဟာ တစ်ယောက်ယောက်က ရည်ရွယ်ချက်ရှိရှိခိုင်းလို့ ဖမ်းတယ်လို့ပဲ ယူဆတယ်။ ဘာဖြစ် လို့လည်းဆိုတော့ သူတို့ ဦးဆောင်တာ မဟုတ်တဲ့ ကိစ္စတစ်ခုကို သူတို့ ဦးဆောင်တယ် ဆိုပြီးတော့ သူတို့ကို ဆွဲသွားတယ်ဆိုတာ ဒါလုံးဝ လုပ်သင့်တဲ့ လုပ်ရပ်လည်း မဟုတ်ဘူးပေါ့။ ဒါတစ်ယောက်ယောက်ရဲ့ ခိုင်းစေမှုကြောင့် လုပ်တယ်လို့ပဲ ယူဆပါတယ်။”

ရွေးကောက်ပွဲ လုပ်ငန်းစဉ်မှာ အားနည်းချက်တွေကို အကြောင်းပြပြီး စစ်တပ်က အာဏာသိမ်းလိုက်တဲ့အပေါ် နိုင်ငံအနှံ့ ဆန္ဒပြလှုပ်ရှားမှုတွေနဲ့ ဆက်နွယ်ပြီး အာဏာပိုင်တွေ ဖမ်းဆီးအရေးယူနေတဲ့ လုပ်ရပ်အပေါ် နိုင်ငံတကာ အသိုင်းအဝန်းက စိုးရိမ်တဲ့ သဘောထားတွေလည်း ထွက်ပေါ်နေပါတယ်။ ကုလသမဂ္ဂနဲ့ အမေရိကန်အစိုးရကလည်း ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေရဲ့ အခွင့်အရေးကို လေးစားလိုက်နာဖို့ အင်အားသုံးနှိမ်နင်းတဲ့ လုပ်ရပ်တွေ မလုပ်ဖို့လည်း သတိပေးထားပါတယ်။

တိုက်ရိုက် လင့်ခ်


[Unicode Version]













XS
SM
MD
LG