သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်နဲ့ချင်း လူထုဆန္ဒပြပွဲ ဖမ်းဆီးမှုရှိ


ချင်းပြည်နယ် မတူပီ မြို့နယ်က ပညာရေးဝန်ထမ်းတွေ၊ ကျန်းမာရေးဝန်ထမ်းတွေနဲ့ ပြည်သူတွေရဲ့ စစ်အာဏာသိမ်းဆန့်ကျင် ဆန္ဒပြပွဲ မြင်ကွင်း။ (ဓာတ်ပုံ - CJ)
ချင်းပြည်နယ် မတူပီ မြို့နယ်က ပညာရေးဝန်ထမ်းတွေ၊ ကျန်းမာရေးဝန်ထမ်းတွေနဲ့ ပြည်သူတွေရဲ့ စစ်အာဏာသိမ်းဆန့်ကျင် ဆန္ဒပြပွဲ မြင်ကွင်း။ (ဓာတ်ပုံ - CJ)

[Zawgyi/Unicode]

စစ်တပ်က အာဏာသိမ်းလိုက်တာကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ မြန်မာနိုင်ငံအနှံ့ ဆက်လက်ဖြစ်ပွားနေရာမှာ တိုင်းရင်းသား ဒေသတွေမှာလည်း ဆန္ဒပြပွဲတွေ ဆက်လက် ဖြစ်ပွားနေပါတယ်။ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်တွေက ဒီကနေ့ ဆန္ဒပြပွဲတွေအတွင်း ဖမ်းဆီးခံရသူ တချို့လည်း ရှိခဲ့ပါတယ်။ အပြည့်အစုံကိုတော့ ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် ကိုသက်နိုင် ရခိုင်ပြည်နယ်ကနေ သတင်းပေးပို့ထားပါတယ်။

တပ်မတော်က အာဏာသိမ်းလိုက်တာကို ကန့်ကွက်တဲ့ ဆန္ဒပြပွဲတွေ နိုင်ငံအနှံ့ ဆက်လက် ဖြစ်ပွားနေချိန်မှာပဲ ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်မှာလည်း ဒီကနေ့ အစောပိုင်းက ခန့်မှန်းခြေ ထောင်ဂဏန်းလောက်ရှိတဲ့ ဒေသခံတွေဆန္ဒပြခဲ့ကြပါတယ်။

ဆန္ဒပြလှုပ်ရှားမှုတွေနဲ့ ဆက်နွယ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဝင်တချို့ကိုအာဏာပိုင်တွေ ခေါ်ယူစစ်ဆေးနေတယ်လို့လည်း တောင်ကုတ်မြို့နယ် NLD ပါတီပြော ခွင့်ရ ဦးတင်အောင်သိမ်းက ပြောပါတယ်။

“ကျနော်တို့က မနက် ၉ နာရီလောက်က စတယ်။ ၁၀ နာရီလောက်မှာ ကျနော်တို့ ပြီးပါတယ်။ လောလောဆယ်မှာတော့ ကျနော်တို့ ပါတီရဲ့ မြို့နယ် အလုပ်အမှုဆောင် ကိုမင်းအောင်နဲ့ နောက်တစ်ယောက်ကို ဖမ်းသွားတယ်လို့ ပြောတယ်။ ခေါ်ယူစစ်ဆေးနေတာပေါ့နော်... အဆုံးအထိတော့ ကျနော်တို့ မသိရသေးဘူး။ ကျနော်တို့စောင့်ကြည့်နေပါတယ်ခင်ဗျာ။”

မကြာသေးခင် အချိန်အထိ တပ်မတော်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့ကြား လက်နက်ကိုင် ပဋိပက္ခတွေ ဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာတော့ စစ်တပ်က အာဏာသိမ်းတာကို ကန့်ကွက်ဆန္ဒပြတာမျိုးတွေ မတွေ့ရပေမဲ့၊ ရခိုင်ပြည်နယ်တောင်ပိုင်းက တောင်ကုတ်၊ သံတွဲ၊ ဂွ၊ အမ်း၊ မာန်အောင်စတဲ့ မြို့နယ်တွေမှာတော့ ဆန္ဒပြလှုပ်ရှားမှုတွေ ပေါ်ပေါက်နေပါတယ်။

ရခိုင်ပြည်နယ်နဲ့ ကပ်လျက်တည်ရှိတဲ့ ချင်းပြည်နယ်မှာလည်း အာဏာသိမ်းတာကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ ပေါ်ပေါက်နေတာပါ။ မတူပီမြို့နယ်မှတော့ာ ကျန်းမာရေးနဲ့ ပညာရေးဝန်ထမ်းတွေပါ ဆန္ဒပြလှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့ကြတယ်လို့လည်း ဆန္ဒပြသူတဦးဖြစ်တဲ့ ကိုဘွေအုပ်ထန်က ပြောပါတယ်။

“မနေ့ကတော့ ကျနော်တို့ ၈ နာရီမှာ ဆန္ဒပြတယ်ပေါ့နော်။ လူ ၂,၀၀၀ ကျော်လောက် လာတယ်။ အဲဒါနဲ့ ဒီနေ့ ထပ်ဆော်သြပြီးတော့မှ ထူးခြားတာကတော့ ဝန်ထမ်းတွေ အကုန်လုံးပါလာတယ်။ မနေ့ကတော့ လူငယ်များတယ်။ ဒီနေ့ကတော့ ဝန်ထမ်းတွေ များတယ်။ ပညာရေးဝန်ထမ်းတွေ ကျန်းမာရေး ဝန်ထမ်းတွေက အားဖြည့် ဦးဆောင်ပြီးတော့ သူတို့က လုပ်သွားတာဆိုတော့ ဒီနေ့က ၃,၀၀၀ ကျော်ကျော်လောက်ရှိတယ်ဟုတ်။ အဓိကတော့ အာဏာရှင်အစိုးရက မတရား အာဏာသိမ်းသွားတာကို မကျေနပ်လို့ ဆန္ဒပြကြတာပါ။”

အရပ်သားအစိုးရခေါင်းဆောင်တွေကို ဖမ်းဆီးဖယ်ရှားပြီး စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက် ဆန္ဒပြလှုပ်ရှားမှုတွေ ပေါ်ပေါက်လာရာမှာ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်တွေအပြင် တခြားတိုင်းရင်းသား ဒေသတွေမှာလည်း ပေါ်ပေါက်နေတာပါ။ ချင်းပြည်နယ်၊ မတူပီမြို့က ဆန္ဒပြပွဲမှာ ပါဝင်ခဲ့တဲ့ ကျောင်းဆရာမတဦးကလည်း စစ်တပ်က အာဏာသိမ်းတဲ့ လုပ်ရပ်ကို လက်မခံနိုင်တာကြောင့် ပူးပေါင်းပါဝင်ခဲ့တာလို့ ပြောပါတယ်။

“အခု ကျမတို့ ပူးပေါင်းပါဝင်ရတာက နိုင်ငံက စစ်အာဏာသိမ်းတာကို မလိုလားလို့ပေါ့နော် အဲတာကြောင့် ပူးပေါင်းပါဝင်ရတာပါ။ ကျမတို့က အလုပ်ထွက်ပြီးတော့ ပူးပေါင်းပါဝင်တာ မဟုတ်ဘူး ကျမတို့ အလုပ်လည်းဝင်ရမယ်။ ဒါပေမဲ့ အာဏာရှင်အစိုးရလက်အောက်မှာတော့ ကျမတို့ အလုပ်မလုပ်ချင်တော့ဘူး။ အဲဒါကြောင့် ဒီဆန္ဒပြပွဲမှာ ပူးပေါင်းပါဝင်ရတာ ဖြစ်ပါတယ်။”

ရွေးကောက်ပွဲ လုပ်ငန်းစဉ်မှာ အားနည်းချက်တွေကို အကြောင်းပြပြီး စစ်တပ်က အာဏာသိမ်းတဲ့ လုပ်ရပ်အပေါ်မှာတော့ ပြည်တွင်းမှာ သာမက ပြည်ပရောက် မြန်မာနိုင်ငံသားတွေကလည်း ကန့်ကွက်ဆန္ဒပြနေကြပါတယ်။ ကုလသမဂ္ဂနဲ့ အမေရိကန် အပါအဝင် နိုင်ငံတကာ အသိုင်းအဝန်းကလည်း စစ်တပ်က အာဏာသိမ်းတဲ့ လုပ်ရပ်ကို အဆုံးသတ်ဖို့နဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြလှုပ်ရှားသူတွေကို အကြမ်းဖက် နှိမ်နင်းတာတွေ မလုပ်ဖို့လည်း သတိပေးထားပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]












XS
SM
MD
LG