သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိုင်းရင်းနယ်မြေတွေမှာ အကြမ်းဖက်မှု တိုးနေတဲ့အပေါ် ကုလစိုးရိမ်


ကုလ လက်ထောက် အတွင်းရေးမှူးချုပ် Mueller စစ်တွေရှိ ဒုက္ခသည်စခန်းကို ရောက်ရှိစဉ်
ကုလ လက်ထောက် အတွင်းရေးမှူးချုပ် Mueller စစ်တွေရှိ ဒုက္ခသည်စခန်းကို ရောက်ရှိစဉ်

ရခိုင်နဲ့ ကချင်ပြည်နယ်တို့မှာ အကြမ်းဖက်မှုတွေ တိုးလာတဲ့ အပေါ် အထူးစိုးရိမ်ကြောင်း၊ နောက် ရခိုင်မှာ ၇ နှစ်ကြာလာပြီ ဖြစ်တဲ့ မူဆလင် ဒုက္ခသည် စခန်းတွေရဲ့ အခြေအနေဟာ ဆိုးရွားပြီး လက်သင့်ခံနိုင်စရာ မရှိဘူး၊ အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူတွေ ပြန်လည် အခြေချရေးမှာလည်း သူတို့ ဆန္ဒနဲ့ အညီ ဖြစ်ရမယ်လို့ ကုလသမဂ္ဂ အရေးပေါ် ကူညီကယ်ဆယ်ရေး ဆိုင်ရာ ဒုတိယ ညှိနှိုင်းရေးမှူး Ursula Mueller က ပြောဆိုလိုက်ပါတယ်။ ၆ ရက်ကြာ မြန်မာနိုင်ငံ ခရီးစဉ် အတွင်းမှာ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံပြီး လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ ကိစ္စ၊ ရေရှည် ဖြေရှင်းချက် ထွက်ပေါ်လာရေး အတူးပူးပေါင်းဆောင်ရွက်နိုင်ခြေတွေကို ဆွေးနွေးခဲ့ကြပါတယ်။ မသိင်္ဂ ီထိုက် စုစည်းတင်ပြမှာပါ။

ကုလသမဂ္ဂ လက်ထောက် အတွင်းရေးမှူးချုပ်နဲ့ အရေးပေါ် ကူညီကယ်ဆယ်ရေး ဆိုင်ရာ ဒုတိယ ညှိနှိုင်းရေးမှူး Ursula Mueller ရဲ့ မေလ ၉ ရက်နေ့ကနေ ၁၄ ရက်နေ့ထိ ၆ ရက်တာ မြန်မာ ခရီးစဉ် အတွင်းမှာတော့ ရခိုင်နဲ့ ကချင်ပြည်နယ်ကို သွားရောက်ပြီး ဒုက္ခသည်တွေ၊ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့သလို နေပြည်တော်မှာ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် တာဝန်ရှိသူတွေနဲ့လည်း ရခိုင်၊ ကချင်နဲ့ ရှမ်းပြည်နယ်တွင်းက အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသူတွေ အရေး ဆွေးနွေးခဲ့ပါတယ်။ နိုင်ငံတဝန်းက ပဋိပက္ခဒဏ် ခံရသူတွေ၊ အကာအကွယ်မဲ့သူတွေကို ကာကွယ်ပေးရေးနဲ့ လူသားချင်း စာနာထောက်ကူမှုဆိုင်ရာ အကူအညီတွေ ရေရှည် ရရှိရေး လိုအပ်ချက်တို့ကို အလေးပေး တိုက်တွန်းခဲ့ပြီး အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူတွေ အရေး ရေရှည် ဖြေရှင်းချက် တရပ် ထွက်လာဖို့ အာဏာပိုင်တို့ အနေနဲ့ သက်ဆိုင်သူတွေ၊ ဘေးသင့်သူတွေနဲ့ အတူ ဆက်လက်ဆောင်ရွက်ဖို့လည်း ပြောဆိုခဲ့တာပါ။

ရခိုင်လက်နက်ကိုင်တပ် AA နဲ့ တပ်မတော်ကြား တိုက်ပွဲတွေကြောင်း အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူတွေနဲ့တော့ မစ္စ Mueller တွေ့ခွင့်မရခဲ့ပါဘူး။ ဒါပေမယ့် ရခိုင်ပြည်နယ်နဲ့ ကချင်ပြည်နယ်တွင်းမှာ အရပ်သားတွေကို အကာအကွယ်ပေးရေး သက်ဆိုင်သူတွေ အားလုံး တာဝန်ခံကြဖို့ တိုက်တွန်းခဲ့ကြောင်းလည်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ လက်ထောက် ပြောခွင့်ရ FARHAN HAQ က ပြောပါတယ်။

"ပြီးခဲ့တဲ့ ၆ လအတွင်း လူပေါင်း ၃ သောင်းကျော် အိုးအိမ်စွန့် ထွက်ပြေးခဲ့ကြရတဲ့ ရခိုင်နဲ့ ချင်းပြည်နယ်တွင်းမှာ အကြမ်းဖက်မှုတွေ ပြင်းထန်လာတဲ့ အပေါ်မှာ အထူးစိုးရိမ်စရာ ဖြစ်ကြောင်းလည်း မစ္စ Mueller က ပြောပါတယ်။ အရပ်သားတွေကို အကာအကွယ်ပေးဖို့နဲ့ လူသားချင်း ထောက်ကူမှုတွေကို ဝင်ရောက်ခွင့်ရဖို့ အတွက် သက်ဆိုင်သူ အားလုံး အနေနဲ့ နိုင်ငံတကာ လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ ဥပဒေတွေကို လိုက်နာကြဖို့လည်း သူမက တိုက်တွန်းပါတယ်။ "

အခုနောက်ပိုင်း အိုးအိမ်စွန့်ခွာ ထွက်ပြေးရမှုတွေမှာ လိုအပ်ချက်သစ်တွေကို နောက် ၆ လစာ ဖြည့်ဆည်းနိုင်ဖို့ အတွက်လည်း ရန်ပုံငွေရမယ့် နည်းလမ်းတွေကို ကုလသမဂ္ဂ လူသားချင်း စာနာထောက်ကူမှု ဆိုင်ရာရုံးက လက်အောက်က အရေးပေါ် တုံ့ပြန်ကိုင်တွယ်ရေး ရန်ပုံငွေအဖွဲ့နဲ့ မြန်မာ လူသားချင်းစာနာထောက်ကူမှုဆိုင်ရာ ရန်ပုံငွေအဖွဲ့ MHF တို့ စဉ်းစား သုံးသပ်နေကြောင်းလည်း ပြောပါတယ်။ အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူတွေ အနေနဲ့ သူတို့ ဆန္ဒအလျောက် ဘေးကင်းလုံခြုံမှု ရှိရှိ လူ့ဂုဏ်သိက္ခာနဲ့ အညီ ဌာနေပြန်ခွင့်၊ ဒါမှမဟုတ်လည်း သူတို့ စိတ်ကြိုက် နေရာမှာ ပြန်လည် အခြေချခွင့်ကိုလည်း မစ္စ Mueller က အလေးပေး ဆွေးနွေးခဲ့ကြောင်း ခရီးစဉ် အပြီးထုတ်တဲ့ ကုလသမဂ္ဂ လူသားချင်းစာနာထောက်ကူမှု ဆိုင်ရာရုံးရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ရခိုင်နဲ့ ကချင်ပြည်နယ်ကို ကိုယ်တိုင်သွားရောက်ခဲ့တဲ့ မစ္စ Mueller က ဘာတွေ တွေ့ရှိခဲ့ပါသလဲ ဆိုတာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ လက်ထောက် ပြောခွင့်ရ Farhan Haq က အင်္ဂါနေ့ သတင်းစာ ရှင်းလင်းပွဲမှာ အခုလို ပြောပါတယ်။

"ရခိုင်ပြည်နယ်တွင်းက စခန်းတွေထဲမှာ ကန့်သတ်ထား ခံထားရတဲ့ ရိုဟင်ဂျာနဲ့ ကမန် လူဦးရေ ၁ သိန်း ၂ သောင်း ၈ ထောင် အပါအဝင် လူပေါင်း ၂ သိန်း ၇ သောင်းကျော်ဟာ နိုင်ငံတွင်း အိုးအိမ်စွန့်ခွာ နေထိုင်နေကြရဆဲ ဖြစ်ပါတယ်။ စခန်းတွေ ပိတ်သိမ်းမှုတိုင်းမှာ လွတ်လပ်စွာ သွားလာခွင့်၊ ဝန်ဆောင်မှုတွေ ရရှိခွင့်နဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေ တိုးတက်ရရှိမှုတွေ ရှိစေရမယ်လို့ မစ္စ Mueller က အလေးထား ပြောဆိုပါတယ်။ စခန်း အပြင်မှာ နေကြတဲ့ ရိုဟင်ဂျာတွေလည်း အလွန်အမင်း အခက်တွေ့နေကြရဆဲ ဖြစ်ပြီး သူတို့ အတွက်လည်း အခုလို ဆောင်ရွက်ပေးရမှာ ဖြစ်တယ်လို့လည်း သူမက မှတ်ချက်ပေးပါတယ်။ နောက်ထပ် ဆောင်ရွက်ဖို့ သူမ တိုက်တွန်းတဲ့ အချက်ကတော့ အိုးအိမ်စွန့်ခွာ ထွက်ပြေးရမှုတွေ၊ အကာအကွယ်မဲ့မှုတွေရဲ့ ဇစ်မြစ်ကို ဖြေရှင်းနိုင်ရေး ရခိုင်အကြံပေး ကော်မရှင်ရဲ့ အကြံပြုချက်တွေကို အကောင်အထည်ဖော်ဖို့ ဖြစ်ပါတယ်။"

နိုင်ငံတဝန်း အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသူ ၂ သိန်း ၇ သောင်း အရေး ဖြေရှင်းဖို့ မြန်မာ အစိုးရက အမျိုးသား မဟာဗျူဟာ တရပ် ချမှတ်ဆောင်ရွက်နိုင်ဖို့ လုပ်နေတာတွေကို ကြိုဆိုကြောင်းလည်း၊ အိုးအိမ်စွန့်ခွာ ထွက်ပြေးရမှုတွေရဲ့ ဇစ်မြစ်ကို ဖြေရှင်းနိုင်ရေး လက်တွေ့ အကောင်အထည်ဖော်ဖို့က အရေးကြီးကြောင်း ခရီးစဉ် အပြီးထုတ်တဲ့ ကြေညာချက်မှာလည်း ကုလ လက်ထောက် အတွင်းရေးမှူးချုပ် Mueller က ပြောဆိုထားပါတယ်။

အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူတွေဆီကို သွားရောက် အကူအညီပေးခွင့်ရရေး ကန့်သတ်ချက်တွေ လုပ်ထုံးလုပ်နည်းတွေက ရှုပ်ထွေးလွန်းတယ်လို့ အကူအညီပေးရေး ဆောင်ရွက်နေသူ အများအပြားထံက ကြားသိရပြီး အကူအညီပေးရေးမှာ လွယ်ကူအောင် လုပ်ပေးဖို့လည်း တိုက်တွန်းခဲ့ပါတယ်။ ကချင်ပြည်နယ်ထဲက အခြေအနေတွေက အခက်အခဲတွေ ရှိနေဆဲဆိုပေမယ့်လည်း လူသားချင်း စာနာကူညီမှုဆိုင်ရာ ဆောင်ရွက်ချက်တွေ အပေါ်မှာတော့ တိုးတက်မှုတွေ ရှိကြောင်းနဲ့ တပ်မတော်ဘက်က ရှမ်းနဲ့ ကချင်ပြည်နယ်တို့မှာ တဖက်သတ် အပစ်အခတ် ရပ်စဲမှု အပေါ်မှာ ကြိုဆိုကြောင်း၊ နောက်ထပ် ထပ်တိုးဖို့လည်း မျှော်လင့်ကြောင်း ကုလသမဂ္ဂ လက်ထောက် အတွင်းရေးမှူးချုပ် Mueller က ကြေညာချက်မှာ ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG