သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလလက်ထောက် အတွင်းရေးမှူးချုပ်နဲ့ ဗွီအိုအေ သီးသန့်တွေ့ဆုံမေးမြန်းခန်း


ကုလလက်ထောက် အတွင်းရေးမှူးချုပ်နဲ့ ဗွီအိုအေ သီးသန့်တွေ့ဆုံမေးမြန်းခန်း
ကုလလက်ထောက် အတွင်းရေးမှူးချုပ်နဲ့ ဗွီအိုအေ သီးသန့်တွေ့ဆုံမေးမြန်းခန်း

မြန်မာနိုင်ငံတွင်း လက်နက်ကိုင်ပဋိပက္ခတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသူတွေအတွက် လူသားချင်းစာနာမှုအကူအညီတွေ ထိထိရောက်ရောက် ပေးနိုင်ဖို့မှာ မြန်မာအစိုးရရဲ့ ခွင့်ပြုချက်နဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ လိုအပ်နေသေးတဲ့အကြောင်း လူသားချင်းစာနာမှု ဆိုင်ရာ ကုလသမဂ္ဂ လက်ထောက် အတွင်းရေးမှူးချုပ်လည်းဖြစ်၊ အရေးပေါ် ကယ်ဆယ်တုံ့ပြန်ရေးဆိုင်ရာ ဒုတိယညှိနှိုင်းရေးမှူးလည်း ဖြစ်တဲ့ အာရ်ဆူလာ မူလာ က ပြောပါတယ်။ ဒီလ ၉ ရက်နေ့ကနေ ၁၅ ရက်နေ့အထိ မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ မစ္စစ်မူလာရဲ့ ခရီးစဉ်အတွင်း လက်ရှိ မြန်မာနိုင်ငံရဲ့ လူသားချင်းစာနာမှု အကျပ်အတည်းနဲ့ပတ်သက်တဲ့ လေ့လာတွေ့ရှိချက်တွေကိုတော့ မစ္စစ်မူလာကို မခင်ဖြူထွေးက သီးသန့်တွေ့ဆုံမေးမြန်းထားပါတယ်။

မခင်ဖြူထွေး။ ။ ရခိုင်နဲ့ ကချင်ပြည်နယ်ခရီးစဉ်တွေ သွားခဲ့ပြီးတဲ့နောက် အဓိက ဘာတွေ လေ့လာတွေ့ရှိခဲ့ရသလဲဆိုတာ သိပါရစေ။

Ursula Mueller ။ ။ လွန်ခဲ့တဲ့တနှစ်က ကျမ မြန်မာနိုင်ငံကိုလာခဲ့ချိန်တုန်းက ကောင်းမွန်တဲ့ တိုးတက်ပြောင်းလဲမှုတချို့ တွေ့ခဲ့ရပါတယ်။ တခုကတော့ ရခိုင်နဲ့ကချင်ပြည်နယ်တွေ အပါအဝင် ဒေသတချို့မှာ တဘက်သက် အပစ်ရပ်စဲမှုကို ဇွန်လကုန်အထိ အချိန်တိုးတာ ဖြစ်ခဲ့ပါတယ်။ ပြည်နယ်အစိုးရ၊ ပြည်ထောင်စုအစိုးရတွေ အနေနဲ့ ဆွေးနွေးမှုတွေ ပိုပြီးလုပ်လာတာလည်း တွေ့ရတယ်။ ဒါ့အပြင် စစ်ရှောင်စခန်းတွေ ပိတ်သိမ်းနိုင်ဖို့ အတွက် အမျိုးသားအဆင့် နည်းဗျူဟာသစ် ချမှတ်ဆောင်ရွက်မှုတွေမှာ ကုလသမဂ္ဂအနေနဲ့ မှတ်ချက်ပေးဖို့ ဖိတ်ခေါ်တာတွေ ရှိလာပါတယ်။ ဒါပေမဲ့လည်း မြန်မာပြည်သူတွေအားလုံးအတွက် လူသားချင်းစာနာမှု အကူအညီ လိုအပ်ချက်တွေ ပြည့်မီအောင် ဆောင်ရွက်နိုင်ဖို့မှာတော့ လူသားချင်စာနာမှု ကူညီပေးတဲ့ မိတ်ဖက်အဖွဲ့တွေရဲ့လုပ်ငန်းတွေ ပိုပြီး ထဲထဲဝင်ဝင် လုပ်ကိုင်ခွင့် ရတာမျိုး မြင်ချင်ပါတယ်။”

မခင်ဖြူထွေး။ ။ အခုရီးစဉ်ရဲ့ ရည်ရွယ်ချက်တွေထဲမှာ တခုက ပဋိပက္ခတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူတွေနဲ့ တွေ့ခွင့်ရဖို့ ဆိုတာ ပါပါတယ်။ အဲ့ဒီလို ရည်ရွယ်တဲ့အတိုင်း တွေ့ဖို့မေ ျှာ်လင့်ထားသူတွေနဲ့ တွေ့ဆုံခွင့်ရော ရပါရဲ့လား။

Ursula Mueller ။ ။ ကချင်ပြည်နယ်မှာတော့ စစ်ရှောင်ဒုက္ခသည် ပြန်လည်နေရာချထားရေးစခန်း မိုင်နာရွာကို ကျမ ရောက်ခဲ့ပါတယ်။ စစ်ရှောင်စခန်းတွေက ဒုက္ခသည် ၆၀၀ လောက်ကို ပြန်လည် နေရာချထားဖို့ အစိုးရက ဦးဆောင်လုပ်ခဲ့တာပါ။ မြေ၊ အိမ်ယာနဲ့ တခြား ဝန်ဆောင်မှုတချို့ ရကြပါတယ်။ အမျိုးသမီးတွေ အပါအဝင် အဲဒီမှာရှိတဲ့ ဒေသခံတွေနဲ့ ကျမ တွေ့ဆုံစကားပြောပါတယ်။ အဲ့ဒီဒေသမှာ ဖွားလာကြသူတွေပါ။ သူတို့ရဲ့စိုးရိမ်ချက် တွေကို ပြောပြကြပါတယ်။ သူတို့တွေ အသက်မွေးဝမ်းကျောင်းနိုင်မယ့် အခွင့်အလမ်း မရကြတဲ့အကြောင်း၊ ထွန်ယက်စိုက်ပျိုးဖို့မြေကြီး မရှိတဲ့အကြောင်း ပြောပါတယ်။ ဆိုတော့ ကျမက ဒီကိုပြောင်းရွှေ့မလာခင်မှာ အစိုးရက သူတို့ကို ကြိုတင် ဆွေးနွေးပြောပြတာတွေ ရှိသလားလို့မေးခဲ့ပါတယ်။ အများစုကတော့ ဒီမှာနေချင်လို့ ပြန်လာကြတာဖြစ်တယ်။ သူတို့လိုချင်တာက အသက်မွေး လုပ်ကိုင်စားသောက်နိုင်ဖို့ အခွင့်အလမ်း နဲ့ ကလေးငယ်တွေအတွက် ပညာရေး အခွင့်အလမ်းတွေလိုချင်ကြောင်း ပြောပါတယ်။ ဒီနေရာက စာသင်ကျောင်းတွေနဲ့လည်း ဝေးတာကြောင့်ပါ။”

မခင်ဖြူထွေး။ ။ ကျမ ထပ်မေး ချင်တာက ရှင် ဒီကိုမလာခင်တုန်းက တွေ့ဆုံဖို့ မေ ျှာ်မှန်းထားသူတွေနဲ့ တွေ့ဆုံခွင့် ရ မရ ဆိုတာပါ။

Ursula Mueller ။ ။ တွေ့ခွင့်ရပါတယ်။ ကျမ ဖုန်ဆမ်ဖန် ဆိုတဲ့ အမျိုးသမီးနဲ့တွေ့ပါတယ်။ လွန်ခဲ့တဲ့တနှစ်က ကျမဆုံခဲ့သူပါ။ အခုချိန်ထိလည်း IDP စစ်ရှောင်စခန်းမှာ ရှိနေတုန်းပါ။ သူ့အိမ်က အဲဒီစခန်းကနေ ၁၀ ကီလိုမီတာလောက်ပဲ ဝေးပေမဲ့၊ ကိုယ့်အိမ်ကိုယ် ပြန်အခြေချနေထိုင်တဲ့ အခြေအနေ မရှိသေးပါဘူး။ မြေမြှုပ်မိုင်းပြသနာတွေ၊ လုံခြုံရေး စိုးရိမ်ရတဲ့အခြေအနေတွေ ရှိနေလို့ပါ။ IDP စခန်းမှာကတော့ လူသားချင်စာနာမှုအဖွဲ့တွေက ပေးတဲ့ အကူအညီနဲ့ ကာကွယ်မှုတချို့ ရပါတယ်။ သူကတော့ တနေ့ အိမ်ပြန်ဖို့တော့ မေ ျှာ်လင့်နေတုန်းပါပဲ။

မခင်ဖြူထွေး။ ။ ခရီးစဉ်တလေ ျှာက် အစိုးရဘက်က ပူးပေါင်းဆောင်ရွက်မှုတွေရခဲ့ပါသလား။ သွားခဲ့တဲ့နေရာဒေသတွေမှာ ကန့်သတ်ပိတ်ပင်ခံရတာမျိုးရော ရှိပါလား။ ဘယ်လိုအခြေအနေ ရှိပါလဲ။

Ursula Mueller ။ ။ ကချင်နဲ့ ရခိုင်မှာရှိတဲ့ အစိုးရတွေနဲ့ တွေ့ဆုံ ဆွေးနွေးတာတွေ လုပ်ခွင့်ရခဲ့ပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း ဒီကနေ့ တွေ့ဆုံခဲ့သလို၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးနဲ့လည်း တွေ့ခွင့်ရပါတယ်။ လူသားချင်စာနာမှု လိုအပ်ချက်တွေနဲ့ ပတ်သက်လို့ အပြုသဘောဆောင် ဆွေးနွေးခဲ့ကြသလို၊ ရေရှည်တည်တံ့တဲ့ ဖြေရှင်းကိုင်တွယ်မှုနည်းလမ်းတွေ ရှာဖွေပြီး အကူအညီလိုအပ်သူတွေအတွက် ကျမတို့အတူ ဘယ်လို ပူုးပေါင်း ဆောင်ရွက်သွားနိုင်မလဲဆိုတာတွေကို ဆွေးနွေးခဲ့ကြပါတယ်။

မခင်ဖြူထွေး။ ။ ဒီခရီးစဉ်က မစ္စမူလာအတွက် လူသားချင်းစာနာမှုဆိုင်ရာ ကုလသမဂ္ဂ လက်ထောက် အတွင်းရေးမှူးချုပ် အနေနဲ့ ဒုတိယအကြိမ် မြန်မာနိုင်ငံကို လာရောက်တဲ့ ခရီးစဉ်ဆိုတာ သိထားပါတယ်။ အရင်ခရီးစဉ်နဲ့ အခုတကြိမ် ပြန်ရောက်လာတဲ့အချိန်မှာ ကွာခြားမှု၊ သိသာတဲ့ တိုးတက် ပြောင်းလဲမှု ဘာများ တွေ့ရတာရှိပါသလဲ။

Ursula Mueller ။ ။ စိန်ခေါ်အကဲစမ်းမှု အကျပ်အတည်းသစ်တချို့ ရှိလာတာ သတိထားမိပါတယ်။ လူပေါင်း ၃ သောင်းလောက် အိုးအိမ်စွန့်ခွာ ထွက်ပြေးရတဲ့အထိ ဖြစ်ခဲ့ရတဲ့ မကြာသေးခင်က ရခိုင်ပြည်နယ်တွင်း တိုက်ပွဲတွေနဲ့ပတ်သက်လို့ ကျမ အထူးစိုးရိမ်ပါတယ်။ သူတို့အတွက် လူသားချင်းစာနာမှု အကူအညီတွေ၊ အကာအကွယ်ပေးမှုတွေ ချက်ချင်းလိုအပ်နေပါတယ်။ မိုးရာသီမဝင်ခင် သူတို့တွေ ကိုယ့်အိမ်ကိုယ်ပြန်နိုင်မယ့်အရေးက ဖြစ်နိုင်ချေ သိပ်မရှိလှပါဘူး။ ဆိုတော့ ခုလို သူတို့ တိမ်းရှောင်နေရချိန်မှာ အစိုးရက ကူညီစောင့်ရှောက်ဖို့ ကြိုးပမ်းနေတာတွေအတွက် ကျေးဇူးတင်ပါတယ်။ ကုလသမဂ္ဂနဲ့လူသားချင်းစာနာမှု အဖွဲ့တွေ အနေနဲ့လည်း အကူအညီတွေ တိုးမြင့် ဆောင်ရွက်ခွင့်ပေးဖို့ကိုလည်း ကျမတို့ ကမ်းလှမ်းထားပါတယ်။ နောက် ခြောက်လလောက်အတွင်းမှာ သူတို့တွေ ကိုယ့်ရပ်ရွာမှာ ပြန်လည် အခြေချခွင့်ရဖို့ ကျမတို့မေ ျှာ်လင့်ပါတယ်။

မခင်ဖြူထွေး။ ။ တဆက်တည်း ကျမ မေးချင်တာက ကချင်ပြည်နယ်မှာ ဒုက္ခသည်တွေ ပြန်လည် နေရာချထားရေးအတွက် ဒေသခံ ကချင်အဖွဲ့တွေ၊ ကချင်လွတ်မြောက်ရေးအဖွဲ့ KIA တို့နဲ့ပါ အစိုးရက ဆွေးနွေးနေတာတွေရှိပါတယ်။ ဒီဒုက္ခသည် ပြန်လည် နေရာချထားရေး ကိစ္စ ဆောင်ရွက်မှုတွေနဲ့ပတ်သက်လို့ရော အခုခရီးစဉ်အတွင်း ဆွေးနွေးခဲ့တာရှိပါလား။

Ursula Mueller ။ ။သူတို့ကိုယ်သူတို့ ရိုဟင်ဂျာလို့သုံးနှုန်းခေါ်ဝေါ်ကြတဲ့ အိုးအိမ်စွန့်ခွာထွက်ပြေးနေရသူတွေနဲ့ကျမ တွေ့ဆုံခဲ့တာ ရှိပါတယ်။ သူတို့တွေ အိမ်ပြန်ဖို့ အခြေအနေကတော့ အများလက်ခံနိုင်တဲ့အခြေအနေ မဟုတ်သေးပါဘူး။

မခင်ဖြူထွေး။ ။ ဒါက ရခိုင်ပြည်နယ်တွင်းက အခြေအနေကို ပြောတာဖြစ်လိမ့်မယ် ထင်ပါတယ်။

Ursula Mueller ။ ။ ဟုတ်ပါတယ်။ ရခိုင်က ဒုက္ခသည်တွေကို ပြောတာပါ။ အစိုးရနဲ့လည်း ကျမ ဆွေးနွေးပါတယ်။ ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည်တွေ ပြန်လာနိုင်ဖို့အတွက် လိုအပ်တဲ့ အခြေအနေတွေ ရှိရမယ်ဆိုတာပါ။ သူတို့သဘောဆန္ဒနဲ့ ဘေးကင်းလုံခြုံမှုရှိရှိ၊ လူ့ဂုဏ်သိက္ခာနဲ့အညီ နေရပ် ပြန်လာနိုင်ဖို့အတွက် အခြေအနေတွေရှိရပါမယ်။ ဆိုတော့ မြန်မာနိုင်ငံတွင်း IDP စခန်းတွေက အခြေအနေက အဲ့ဒီလိုအခြေအနေမျိုး စိတ်ချရတဲ့ အနေအထားမှာ ရှိမနေသေးပါဘူး။

မခင်ဖြူထွေး။ ။ လက်ရှိ အခြေအနေမှာ အထူးသဖြင့် ကချင်နဲ့ ရခိုင်ပြည်နယ်တွေမှာ လက်နက်ကိုင်ပဋိပက္ခတွေ အရှီန်မြင့်ဖြစ်ပွားနေသလို၊ ပြီးခဲ့တဲ့ဒီဇင်ဘာက စလို့နောက်ထပ် ထွက်ပြေးရတဲ့ စစ်ရှောင်အရေအတွက်က ၃ သောင်း ထပ်တိုးလာပါတယ်။ ပဋိပက္ခက လျော့မသွားဘဲတိုးလာတဲ့ အနေအထားမျိုး ဖြစ်နေတော့ ဒီလိုအခြေအနေမျိုးမှာ မစ္စမူလာရဲ့ခရီးစဉ်က ဘယ်လောက် အရေးပါ ပါသလဲ။

Ursula Mueller ။ ။ လူသားချင်းစာနာမှု အကူအညီ လိုအပ်တဲ့ လူတိုင်းအတွက် ကျမတို့ အကူအညီတွေ ပေးရပါလိမ့်မယ်။ သူတို့ရဲ့အသက်တွေကို ကယ်တင်နိုင်ဖို့ ကြိုးစားရပါတယ်။ IDP စစ်ရှောင်စခန်းတွေအတွက် အဓိက လိုအပ်နေတာတွေကတော့ သူတို့တွေလွတ်လပ်စွာ လှုပ်ရှားသွားလာခွင့် ရဖို့၊ ကျန်းမာရေး ပြုစုစောင့်ရှောက်ခွင့်တွေ ရဖို့၊ ပညာရေးအခွင့်အလမ်းတွေ ရရှိဖို့နဲ့ လူ့ဂုဏ်သိက္ခာနဲ့အညီ အသက်ရှင်နေထိုင်ခွင့် ရဖို့ပါ။

မခင်ဖြူထွေး။ ။လက်ရှိ မြန်မာနိုင်ငံရဲ့လူသားချင်းစာနာမှု အကျပ်အတည်းကို ကိုင်တွယ် ဖြေရှင်းဖို့အတွက် မြန်မာအစိုးရကိုရော၊ နိုင်ငံတကာ အသိုင်းအဝိုင်းကိုရော ဘာများပြောချင်ပါသလဲရှင့်။

Ursula Mueller ။ ။ ဒီနိုင်ငံဟာ ဒီမိုကရေစီပြုပြင်ပြောင်းလဲမှု ကာလမှာ ရှိနေတဲ့နိုင်ငံတခုဖြစ်ပါတယ်။ ကျမတို့ဟာလည်း လူသားချင်းစာနာမှု အကူအညီတွေ ပေးအပ်တဲ့နေရာမှာ ဘက်လိုက်မှုမရှိ၊ အမီအခိုကင်းကင်း၊ သမာသမတ်ကျစွာနဲ့ တကယ် လိုအပ်နေတဲ့သူတွေကို အကူအညီတွေ ပေးနေတာ ဖြစ်ပါတယ်။ ဒါကြောင့် မြန်မာအစိုးရကို ပြောချင်တာကတော့ နိုင်ငံတကာ လူသားချင်းစာနာမှုအဖွဲ့တွေ၊ ဒေသခံ မိတ်ဖက်အဖွဲ့တွေအနေနဲ့ လိုအပ်တဲ့ အကူအညီတွေကို လိုအပ်တဲ့နေရာတွေမှာ ပေးနိုင်ဖို့အဆင်သင့် ရှိနေတယ်ဆိုတာနဲ့ ဒီလို အကူအညီပေးနိုင်ဖို့အတွက် လုပ်ဆောင်ခွင့် ရဖို့ လိုအပ်တယ် ဆိုတာပါပဲ။

မခင်ဖြူထွေး။ ။ နောက်ဆုံးအနေနဲ့ ဒုက္ခသည်တွေ၊ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသူတွေကိုရော အားပေးစကား ဘာများ ပြောနိုင်ပါမလဲ။

Ursula Mueller ။ ။ ရှင်တို့ကို ကျမတို့အလေးထားပါတယ်။ ကျမတို့မေ့မထားဘူး ဆိုတာ ပြောချင်ပါတယ်။

မစ္စစ်မူလာရဲ့ ခရီးစဉ်အတွင်း မြန်မာနိုင်ငံရဲ့ လူသားချင်းစာနာမှု အကျပ်အတည်းနဲ့ပတ်သက်တဲ့ လေ့လာတွေ့ရှိချက်တွေကိုတော့ မခင်ဖြူထွေးက သီးသန့်တွေ့ဆုံမေးမြန်းထားတာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG