သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြည်တွင်းပြည်ပ ဘာသာပေါင်းစုံအဖွဲ့ ရခိုင်အခြေအနေ သွားလေ့လာ


ပြည်တွင်းပြည်ပ ဘာသာရေးခေါင်းဆောင်များနှင့် ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံ။ (ဓာတ်ပုံ - MOI)
ပြည်တွင်းပြည်ပ ဘာသာရေးခေါင်းဆောင်များနှင့် ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံ။ (ဓာတ်ပုံ - MOI)

လူမျိုးရေး-ဘာသာရေးအသွင်ဆောင် အကြမ်းဖက်ပဋိပက္ခတွေဖြစ်ခဲ့တဲ့ ရခိုင်ပြည်နယ်တွင်းက ဘာသာရေးနဲ့ငြိမ်းချမ်းရေးအခြေအနေတွေ လေ့လာနိုင်ဖို့ နိုင်ငံတကာနဲ့ပြည်တွင်းက ဘာသာပေါင်းစုံ အဖွဲ့ဝင်တွေဟာ သာသနာရေးဝန်ကြီးနဲ့အတူ ဒီကနေ့ သွားရောက်နေကြပြီဖြစ် ပါတယ်။ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးနဲ့ မတူကွဲပြားတဲ့ ဘာသာပေါင်းစုံကြား မေတ္တာတရားပြန့်ပွားဖို့အခြေခံပြီး လာရောက်တဲ့ခရီးစဉ်အဖြစ် လူကယ်ပြန်ဝန်ကြီးက ပြောပါတယ်။ ဘာသာတရား နှိပ်ကွပ်မှုတွေနဲ့ ရန်လိုမုန်းတီးမှုတွေကိုတော့ လက်တွေ့ကျတဲ့ဆောင်ရွက်မှုတွေနဲ့ပဲ ဖြေရှင်းနိုင်မယ်လို့ အကဲခတ်တွေကဆိုပါတယ်။ မဆုမွန် စုံစမ်းတင်ပြထားပါတယ်။

မြန်မာနိုင်ငံကိုရောက်ရှိနေတဲ့ Religions for Peace (RfP) နိုင်ငံတကာနဲ့ပြည်တွင်းက ဘာသာပေါင်းစုံအဖွဲ့တွေဟာ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံပြီးတော့ နောက်နေ့မှာပဲ ရခိုင်ပြည်နယ်ကို သာသာရေးဝန်ကြီး သူရဦးအောင်ကိုနဲ့ အတူ ခရီး ထွက်ခွာ သွားကြတယ်လို့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချ ထားရေး ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ဗွီအိုအေမြန်မာပိုင်းကို ပြောပါ တယ်။ ရခိုင်ပြည်နယ်ခရီးစဉ်အတွင်း သူတို့ အဓိကလေ့လာကြမှာကတော့ ဘာသာရေးလူမျိုးရေး အသွင်ဆောင် အကြမ်းဖက် တိုက်ခိုက် မှု ပဋိ ပက္ခတွေဖြစ်ပွားခဲ့ရာ ရခိုင်ပြည်နယ်တွင်း က ဒေသခံ ဘာသာရေးခေါင်းဆောင်တွေနဲ့တွေ့ဆုံကြပြီး ဒေသတွင်းက အခြေအနေတွေ ကို သွားရောက်လ့လာကြမယ်လို့ လူကယ်ပြန်ဝန်ကြီးက ပြောပြပါတယ်။

"သူတို့အဖွဲ့တွေက အားလုံးပူးပေါင်းပြီးတော့ တဖွဲ့တည်းလာရောက်ခြင်းအားဖြင့် အကျိုး သက်ရောက်မှု အများကြီးရှိတယ်ပေါ့၊ ဒီနိုင်ငံရဲ့ တည်ငြိမ်အေးချမ်းရေးအတွက်ကို။ အဲဒီတော့ သူတို့က လာတာတင်မကဘူး၊ သူတို့က အဲဒီမှာသွားလေ့လာမှာ။ သာသနာရေး ဝန်ကြီး လိုက်သွားပြီလေ။ ရခိုင်အထိသွားကြမှာ။ သူတို့က လေ့လာမှာပေါ့နော်၊ လက်ရှိအခြေအနေတွေကို သူတို့ကလေ့လာမယ်။ ပြန်လည် လက်ခံရေး စခန်းတွေကိုလည်း ကြည့်မယ်။ တကယ့်ကို နဖူးတွေ့၊ ဒူးတွေ့ သွားကြ တာပေါ့နော်၊ အဲဒီအဖွဲ့ထဲမှာ ပါဝင်တဲ့အကုန်၊ လာတွေ့တဲ့ ၁၈ ဦး၊ ၂၀ အကုန်လုံးတော့ မဟုတ်ဘူး၊ အဲဒီထဲက အဖွဲ့ဝင်တွေထဲက ခေါင်းဆောင်ပိုင်းတွေနဲ့ ... နေတဲ့လူတွေပေါ့နော်- အဲလို သွားကြပါတယ်။ လက်ရှိအခြေအနေလည်း သိရမယ်။ ဟိုရောက်ရင်လည်း တွေ့ဆုံဆွေးနွေးတာတွေလည်း လုပ်ချင်လည်း လုပ်မယ်ပေါ့နော်။ ကျနော်ထင်တာတော့- သာသနာရေးဝန်ကြီးက လိုက်သွားရတာပေါ့။"

ဘာသာပေါင်းစုံ လိုက်ပါလာတဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှာ တွေ့ဆုံကြချိန်မှာ အထူးသဖြင့် မြန်မာနိုင်ငံတွင်း ငြိမ်းချမ်းရေးရဲ့ အရေးပါပုံ၊ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး အပြန်အလှန်အမှီသဟဲပြုမှုတွေအပေါ်မှာ သူတို့အမြင်သဘောထားတွေကို ဆွေးနွေးခဲ့ သလို ဒေါ်အောင်ဆန်းစုကြည်ဘက်ကလည်း ငြိမ်းချမ်းရေးနဲ့ မေတ္တာတရား ပြန့်ပွားရေး အတွက် သူ့အနေနဲ့ ကြိုးပမ်းဆောင်ရွက်နေကြောင်းနဲ့ မြန်မာနိုင်ငံအတွက် သာမက အနာဂတ် လူ့အဖွဲ့အစည်းအတွက် လူတိုင်းက ငြိမ်းချမ်းရေးနှင့် မေတ္တာတရားကို ေဆောင်ရွက်ကြရန် အားပေးလှုံ့ဆော်ပေးပါလို့ မေတ္တာရပ်ခံခဲ့တယ်လို့ တွေ့ဆုံပွဲမှာ ကိုယ်တိုင်တက်ရောက်ခဲ့တဲ့ လူကယ်ပြန်ဝန်ကြီးကပြောပါတယ်။

"ငြိမ်းချမ်းရေးနဲ့ဖွံ့ဖြိုးတိုးတက်မှု ဒါ အပြန်အလှန် ချိတ်ဆက်နေတယ်ဆိုတာကို သူတို့တွေက ပြောတယ်လေ။ အဲဒီအတွက်ကို ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး ချိတ်ဆက်နေတဲ့အတွက်ကြောင့် ဒီ ဘာသာပေါင်းစုံပါဝင်တဲ့ အခု ကိုယ်စားလှယ် အဖွဲ့တွေဟာ ဒီ ငြိမ်းချမ်းရေးအတွက်ကို ဦးတည်ဆောင်ရွက်တဲ့ကိစ္စတွေ သူတို့ ဆောင်ရွက်နေတာရှိတယ်ပေါ့။ ဒါကြောင့်မို့လို့ သူတို့က ဒီလိုမျိုး လာရောက်တွေ့ဆုံတာ ဖြစ်တယ်။ အဲဒီတော့ လုပ်နေတဲ့လုပ်ငန်းစဉ်တွေမှာ ဘာသာပေါင်းစုံအဖွဲ့က ကိုယ်စားလှယ်တွေအနေနဲ့ သူတို့ တကယ်ကိုပဲ ပြည်သူတွေကို မေတ္တာထားပြီးတော့ ဆောင်ရွက်နေတဲ့အကြောင်းတွေပေါ့။ အဲဒီတော့ကျတော့ ဒေါ်အောင်ဆန်းစုကြည် ကလည်း ပြန်ပြောတာက ဒီ ငြိမ်းချမ်းရေးနဲ့ မေတ္တာတရားပြန့်ပွားရေးအတွက်ကို ဘာသာတိုင်း ဘာသာတိုင်းက အားလုံး - ခရစ္စယာန်ရော ဘာသာပေါင်းစုံပေါ့ - ပါဝင် လာပြီးတော့ သူတို့ကနေပြီးတော့ ငြိမ်းချမ်းရေးနဲ့ မေတ္တာတရားထားရှိရေးအတွက် ဘာသာ ဘာသာအသီးသီးက အဲဒီဟာကို တကယ်တော့ ဘာသာအသီးသီးမှာ မေတ္တာတရားဆိုတာ ရှိတယ်။ တယောက်နဲ့တယောက်နဲ့ ငြိမ်းချမ်းရေးဆိုတာ ဦးတည်တဲ့ လမ်းစဉ်တွေချည့်ပဲ အကုန်လုံးကပေါ့။ အဲဒီတော့ အဲဒါတွေဟာ တကယ်ပဲ ဟို အကျိုးရှိတဲ့ကိစ္စတွေပေါ့၊ ဘာသာအသီးသီး - ငြိမ်းချမ်းရေး ရရှိလိုတယ်၊ မေတ္တာတရား ရှိကြတယ်ဆိုတာ၊ ဘာသာတိုင်းမှာ မေတ္တာတရားဆိုတာ ပါတယ်ပေါ့။ မေတ္တာတရားကို အဓိကထားပြီးတော့ ဆောင်ရွက်သွားကြဖို့- ဒါပါပဲ အဓိက အနှစ်ချုပ်ကတော့လေ။"

အခုလို ဘာသာပေါင်းစုံက အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံကိုလာရောက်တဲ့ အပေါ် ကြိုဆိုလက်ခံပေမဲ့လို့ ဘာသာတရားဖိနှိပ်မှုတွေ မတူကွဲပြားမှုတွေ အပေါ် မှာ အမုန်း တရားတွေ ပွားများနေဆဲ မြန်မာနိုင်ငံတွင်း အထူးသဖြင့် ရခိုင်ပြည်နယ်လို နေရာမှာတော့ ဘာသာပေါင်းစုံ ချစ်ကြည်ရေးနဲ့ အမှန်တကယ် ငြိမ်းချမ်းရေးရဖို့ အတွက်ကတော့ ဒေသတွင်း လူမှုအသိုင်းအဝိုင်းတွေကြား လက်တွေ့ကျတဲ့ လုပ်ဆောင်မှု တွေနဲ့ပဲ ဖြေရှင်းနိုင်မယ်လို့ နိုင်ငံရေးအကဲခတ်ဒေါက်တာခင်ဇော်ဝင်းက သုံးသပ်ပါတယ်။

"နောက်ဆုံး မစောင့်နိုင်တဲ့အဆုံး သူတို့ ခေါ်သွားရတဲ့သဘောမျိုးဖြစ်နေတာ။ နော်- အခုက သူ့ဘက်က ကြည့်မယ်ဆိုရင်လည်း သူတို့ ဒီအခက်အခဲတွေက အရမ်းတွေ့နေပြီ။ ပြောမယ်ဆိုရင်တော့ ဘာသာရေးကိစ္စတွေလည်း ဖြစ်နေတဲ့အတွက် ဘုရားကု ကုနေရပြီ။ ရခိုင်ကို တခြားနည်းနဲ့လည်း ဘယ်လိုမှ မဖြစ်တော့ဘူး။ အခြေအနေက တဖြည်းဖြည်း ယိုင်ယိုင် ယိုင်ယိုင်လာပြီ။ နော်၊ အဲဒီတော့အခါကျ လာပါ... ဖာသာတို့၊ မော်လဝီတို့၊ ဆရာတော်တို့...ဘုရားကု ကုပေးပါဆိုပြီး ခေါ်သွားတဲ့သဘောမျိုး ဖြစ်နေတယ်။ ..ဆိုတော့ တခြား လက်တွေ့ကျတဲ့ နည်းလမ်းဆိုတာကလည်း မျိုးစုံရှာနေပြီ။ နိုင်ငံတကာက ဘာသာရေး ခေါင်းဆောင်တွေ သွားရင်းနဲ့၊ သွားခြင်းအားဖြင့် အဖြေပေါ်မလား ဆိုတာတော့၊ တခုခုတော့ အဖြေ....တခုတော့ ဖြစ်သွားနိုင်တယ်။ အဲဒီတော့ ဒီတခါလာ တဲ့ ဘာသာပေါင်းစုံအဖွဲ့တွေ ဆိုတာကတော့ ပြည်တွင်းက ... ရှိရင်လည်းရှိမယ်လေ။ အခုလောက် အဆင့်မြင့်တာ တို့ သိပ်မတွေ့သေးဘူး။ အဲဒါကြောင့် ဒီဥစ္စာကိုတော့ ပြောမယ် ဆိုရင်တော့ နည်းနည်းတော့ အခြေအနေအရတော့ ယုတ္တိယုတ္တာရှိတယ်လို့ ပြောရမှာပဲ။"

Religions for Peace (RfP) နိုင်ငံတကာ ဘာသာရေးခေါင်းဆောင်တွေအပါအဝင် ပြည်တွင်းက ဘာသာပေါင်းစုံအဖွဲ့ဝင်ပေါင်း အားလုံး (၁၈)ဦးပါဝင်တဲ့ အဖွဲ့ဟာ မြန်မာနိုင်ငံတွင်း ဘာသာရေးနဲ့ငြိမ်းချမ်းရေးဆောင်ရွက်ချက်တွေကို လေ့လာနေကြတာဖြစ်ပြီး ဒီဘာသာရေးအဖွဲ့ပေါင်းစုံ အနေနဲ့ မြန်မာနိုင်ငံတွင်း ဘာသာမတူ လူမျိုးကွဲတွေကြား ဖြစ်ပွားနေတဲ့ အမုန်းတရားတွေ တင်းမာနေဆဲ ပဋိပက္ခတွေအရေး ပြေလည်အောင် မေတ္တာတရားနဲ့ ကြားဝင်ဖြေရှင်းနိုင်ဖို့ မျှော်လင့်တယ်လို့လည်း ရခိုင်ပြည်နယ်အရေး ထဲထဲဝင်ဝင်ဆောင်ရွက်ပေးနေတဲ့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောပါတယ်။

Interfaith delegation in Myanmar
please wait

No media source currently available

0:00 0:05:13 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG