သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးဆုတောင်းပွဲ ရန်ကုန်မှာကျင်းပ


ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးဆုတောင်းပွဲ အတွင်း ရန်ကုန်ကက်သလစ်ဂိုဏ်းချုပ်သာသနာ ရဟန်းအမတ်ကာဒီနယ် ချားမောင်ဘို
ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးဆုတောင်းပွဲ အတွင်း ရန်ကုန်ကက်သလစ်ဂိုဏ်းချုပ်သာသနာ ရဟန်းအမတ်ကာဒီနယ် ချားမောင်ဘို

မြန်မာနိုင်ငံမှာ လူမျိုးရေး၊ ဘာသာရေး တင်းမာမှုတွေ လျော့ပါးစေဖို့ ရည်ရွယ်ပြီး ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး ဆုတောင်းပွဲ တခုကို ရန်ကုန်မြို့မှာ ဒီကနေ့ပဲ ကျင်းပခဲ့ပါတယ်။ လူပေါင်း သောင်းနဲ့ချီ စုဝေးတက်ရောက်ခဲ့တဲ့ အခမ်းအနား အတွင်းမှာတော့ ဘာသာပေါင်းစုံက ခေါင်းဆောင်တွေ ငြိမ်းချမ်းရေးနဲ့ သင့်မြတ်ရေးအတွက် တိုက်တွန်း ပြောဆိုခဲ့ကြတာပါ။ အပြည့်အစုံကိုတော့ ကိုယ်တိုင်သွားရောက် သတင်းယူခဲ့တဲ့ ဗွီအိုအေ သတင်းထောက် ကိုထက်အောင်ခန့်က သတင်းပေးပို့ ထားပါတယ်။

ဒီကနေ့ မြန်မာနိုင်ငံတွင်းမှာ ရှိတဲ့ ဘာသာကြီး ၅ဘာသာ ကအထင်ကရ ပုဂ္ဂိုလ်တွေက ငြိမ်းချမ်းရေးဆုတောင်းပွဲမှာ ငြိမ်းချမ်းရေးနဲ့ သင့်မြတ်ရေး အတွက် အထူးအလေးပေးပြောဆိုခဲ့ကြပါတယ်။

လူတဦးချင်းဆီ အနေနဲ့ နှုတ်ဖျားကထွက်တဲ့ ငြိမ်းချမ်းရေးကိုတောင့်တနေတဲ့ စိတ်မျိုးနဲ့ မဟုတ်ဘဲ တကယ်လက်တွေ့ငြိမ်းချမ်းကျဖို့ ကျင့်ကြံနေ ထိုင်ပေးကြဖို့ ငြိမ်းချမ်းစွာ တူယှဉ်တွဲနေထိုင်ကြဖို့အတွက် အပြောနဲ့သာမဟုတ်ဘဲ လက်တွေ့ကျင့်ကြံနိုင်မှသာ ငြိမ်းချမ်းမှုအစစ်ကိုရနိုင်မယ်လို့ အလေးပေးပြောဆိုသွားသူကတော့ ရန်ကုန်တိုင်းဒေသကြီး နိုင်ငံတော်သံဃနာယက ဥက္ကဌ ကမ္ဘာ့ငြိမ်းချမ်းရေးစေတမန်ဆုရ ဆရာတော် အဂ္ဂမ ဟာ သဒ္ဓမဇောတိကဓဇ ဒေါက်တာဘန္ဒန္တက္ကုဒ္ဓိဗလပါ။

“နောက်ဆုံးအနေနဲ့ အထူးမှာကြားလိုသည်မှာ ယနေ့တက်ရောက်လာကြတဲ့ ဘာသာပေါင်းစုံမှ ပုဂ္ဂိုလ်များ ၊ နိုင်ငံသူနိုင်ငံသားများ ဆွေတော်မျိုးတော်များရဲ့ ခန္ဓာကိုယ်တွေဟာ တကိုယ်စီရှိနေကြပေမယ့်လို့ စိတ်ဟာ တစိတ်ထဲထားမယ်ဆိုရင် စိတ်ချမ်းသာယာဝပြောဖို့အတွက် တစိတ်တဝှမ်းတဲ့ ဥမကွဲ သိုက်မပျက် ရှိနေဖို့အရေးကြီးပါတယ်။ ဥပမာ- နွားနို့နဲ့ရေ ရောသကဲ့သို့ ဖြစ်နေရပါမယ်။ ဘာသာပေါင်းစုံခေါင်းဆောင်များတင်မဟုတ်ပဲ နိုင်ငံတော်အစိုးရနဲ့ နိုင်ငံသူနိုင်ငံသား ကမ္ဘာသူ၊ ကမ္ဘာသားများက ကိုယ်ချင်းစာတရား မေတ္တာတရား ၊ ဂရုဏာတရား၊ မုဒိတာတရား၊ ဥပေက္ခာ တရား ထားကြမယ်ဆိုရင်တော့ ငြိမ်းချမ်းသာယာဝပြောတဲ့ ကမ္ဘာကြီး ဧကန်ဖြစ်မှာသေချာပါတယ်။”

ဒီနိုင်ငံတွင်းနေထိုင်ပြီး ဒီနိုင်ငံရဲ့ အကျိုးကိုဘဲ ရှေးရှုကာ ငြိမ်းချမ်းစွာတူယှဉ်တွဲနေနိုင်ရေးကိုသာ ဦးတည်အားထားလုပ်ဆောင်သွားဖို့ဘဲ စိတ်ပိုင်း ဖြတ်ထားတယ်လို့ ဆိုလာသူကတော့ MM ရောင်နက် ဗလီ၊ ရှေ့ဆောင်ဆရာတော် ဦးကျော်ကျော်ဘဲဖြစ်ပါတယ်။ သူကတော့ ဟိုးအရင်လိုဘဲ ချစ်ကြည်စွာ တအိမ်တက်ဆင်းတူနေထိုင်ရေးကို ပြန်လည်တည်ဆောက်သွားနိုင်ဖို့ကို ဦးတည်ပြီး အခုလိုတိုက်တွန်းခဲ့တာပါ။

“ကျနော်များ အစ္စလာမ်ဘာသာဝင်များအနေနဲ့ကတော့ မြန်မာနိုင်ငံတော်ကြီး ဖွံ့ဖြိုးတိုးတက်ပြီး ကမ္ဘာနိုင်ငံများအလယ်မှာ ခန့်ညားထည်ဝါစွာ ရပ်တည်နိုင်ရေးနဲ့ နိုင်ငံ့ခေါင်းဆောင်ကြီးများလည်း နိုင်ငံတကာမှာ မျက်နှာပန်ပွင့် ဂုဏ်ရှိန်မြင့်တာကို နှလုံးထဲက လိုလားကြောင်း သေစ္စာစကား ဒီနေရာကနေဆိုပါတယ်။”

မြန်မာနိုင်ငံလုံးဆိုင်ရာ ဟိန္ဒူသာသနပြုဆရာတော် ဒေါက်တာလှထွန်းကတော့ ဘယ်ဘာသာကမှ အမုန်းတရားပွားဖို့မတိုက်တွန်းထားတာကြောင့် အမုန်းတရားကို ဦးတည်ဖယ်ဖျောက်ကြဖို့ တိုက်တွန်းသွားပါတယ်။

“ဘယ်သူပဲဖြစ်ဖြစ် တယောက်နဲ့တယောက်ကို လေးစားချင်း၊ ဘယ်လိုပဲ ယုံကြည်ကိုးကွယ်ကိုးကွယ် သူ့ရဲ့စိတ်ချမ်းသာမှု၊ သူ့ရဲ့ကိုယ်အေးချမ်းသာမှုအပေါ်မှာ မူတည်ပါတယ်။ အဲဒါကြောင့်ဟိန္ဒူဘာသာအရ ဘယ်ဘာသာမဆို အားလုံးကို ညီအကိုပမာဆက်ဆံလျက် ယုံကြည်လျက်ရှိပါတယ်။”

ရန်ကုန်ကက်သလစ်ဂိုဏ်းချုပ်သာသနာ ရဟန်းအမတ်ကာဒီနယ် ချားမောင်ဘိုကတော့ ကမ္ဘာ့နိုင်ငံတွေမှာ မြန်မာနိုင်ငံသားတွေကို ရက်စက်သူ တွေလိုပုံဖော်နေတာတွေရှိနေကြတာမို့ မြန်မာနိုင်ငံသားတွေရဲ့ စစ်မှန်တဲ့မေတ္တာတရားကို ပြသဖို့လိုနေပြီဖြစ်ကြောင်း တခြားနိုင်ငံတွေကိုလည်း မြန်မာနိုင်ငံအပေါ်ဝေဖန်နေတာတွေရပ်ဖို့လည်း တိုက်တွန်းသွားခဲ့ပါတယ်။

“ဒီအချိန်မှာ ကျနော်တို့ဟာ စည်းလုံးညီညွတ်ဖို့လိုပါတယ်။ တယောက်ဆီအတွက် ကောင်းမှုတွေကို အပြန်အလှန်အသိအမှတ်ပြုဖို့ရန်အတွက် လိုအပ်ပါတယ်။ ကျနော်တို့မှာ ကိုယ့်ပြဿနာ ကိုယ်ရှင်းဖို့ ဖြောင့်မှတ်တဲ့ ကိုယ်ကျင့်တရားနဲ့ အစွမ်းအစတွေ ရှိတယ်ဆိုတာ ကမ္ဘာကြီးကို သိစေချင်ပါတယ်။”

ကွမ်ရင်စီ တရုတ်ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းက ပဓာနနာယကဆရာတော်ကတော့ ဘယ်ဘာသာမဆို ငြိမ်းချမ်းရေးကို ဦးတည်နိုင်ဖို့ ဦးဆောင်ဆရာတော်တွေက အထူးဂရုပြု ဆုံးမဖို့လိုတယ်လို့ တိုက်တွန်းသွားပါတယ်။

“မိမိဘာသာ သာသနာ တိုးတက်ပြန့်ပွားရန် လူမျိုးရေးဘာသာရေးကိုအခြေခံပြီး အမုန်းစကားဆို၍ အမုန်းတရားပိုစေရန်အားမထုတ်သင့်ပေ။”

မြန်မာနိုင်ငံမှာ လူမျိုးရေး၊ ဘာသာရေး တင်းမာမှုတွေ လျော့ပါးစေဖို့ ရည်ရွယ်ပြီးဒီပွဲကို လုပ်ဆောင်ခဲ့တာပါ။ ဒီပွဲကို ဘာသာကြီး ၅ခုက ဘာသာဝင်သောင်းချီတက်ရောက်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG