သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၃ နှစ်ကြာမှ မှတ်ပုံတင်ထုတ်ပေးမှု သူနာပြုတွေ ဆန္ဒပြ


၃ နှစ်ကြာမှ မှတ်ပုံတင်ထုတ်ပေးမှု သူနာပြုတွေ ဆန္ဒပြ
၃ နှစ်ကြာမှ မှတ်ပုံတင်ထုတ်ပေးမှု သူနာပြုတွေ ဆန္ဒပြ

သူနာပြုတက္ကသိုလ်ကနေ ကျောင်းပြီးတဲ့သူတွေကို ၃နှစ်တာ အစိုးရဆေးရုံတွေမှာ တာဝန်ထမ်းဆောင်ပြီးမှ လိုင်စင်ထုတ်ပေးနေတဲ့ အတွက် အစိုးရဆေးရုံတွေမှာ လိုင်စင်မရှိပဲ လုပ်နေရကြောင်း သူနာပြုတက္ကသိုလ်ကျောင်းသားများ သမဂ္ဂကနေ ဦးဆောင်ပြီး သူနာပြု ဝန်ထမ်းနဲ့ ကျောင်းသား ၅၀၀ခန့်ဟာ ရန်ကုန်မြို့မှာ ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။ ဒီအကြောင်း မအေးအေးမာက သတင်းပေးပို့ ထားပါတယ်။

အစိုးရဆေးရုံတွေမှာ တာဝန်ထမ်းဆောင်နေတဲ့ သူနာပြုကျောင်းဆင်းတွေဟာ လိုင်စင်မရှိပဲ အလုပ်လုပ်နေရတဲ့ အပေါ်မှာ သူနာပြုတက္ကသိုလ်ကျောင်းသားများသမဂ္ဂကနေ ဦးဆောင်ပြီး ရန်ကုန်မြို့ မှာမတ်လ ၁၅ရက်နေ့မှာ ဆန္ဒပြထုတ်ဖော်ခဲ့ကြပါတယ်။

ဒါဟာသူနာပြုရပ်ဝန်းမှာ ဖိနှိပ်ခံရမူအဖြစ် ရူမြင်ပြီး လိုင်စင်မရှိပဲ အစိုးရဆေးရုံ တွေမှာ သူနာပြုတွေ တာဝန်ထမ်းဆောင်နေရကြောင်း ပြည်သူတွေ သိအောင်အသိပေးတာဖြစ်ကြောင်း ဆန္ဒထုတ်ဖော်မူမှာ ဦးဆောင်သူတဦးဖြစ်တဲ့ သူနာပြုတက္ကသိုလ်က မအေးမီစံက အခုလိုပြောပြပါတယ်။

“ကျမတို့တွေကို ၃ နှစ်တာဝန်ထမ်းဆောင်ပြီးတော့ ၃ နှစ်ပြီးမှပဲ လိုင်စင်ထုတ်ပေးမယ် ဆိုတဲ့နေရာမှာ ကျမတို့က အဲဒီ ၃ နှစ်အတွင်းမှာ လက်ထဲမှာ လိုင်စင်ကိုင်ဆောင်ထားခြင်းမရှိပဲနဲ့ အလုပ်လုပ်ရတာဖြစ်နေတာပေါ့။ လိုင်စင်ဆိုတာက အရည်အချင်းပြည့်မှီသူကို ကောင်စီက ထုတ်ပေးတဲ့အရပါ။ အဲဒီအခါကျတော့ ကျမတို့က ဒီလောက် ၄ နှစ်ကြီး ပညာတွေ သင်ကြားခဲ့တယ်၊ လက်တွေ့တွေဆင်းခဲ့တယ်။ ကျမတို့အရည်အချင်းကိုလည်း ကျမတို့ ယုံပါတယ်။ ဒါပေမယ့် အခုက ကျမတို့ကို အရည်အချင်းမရှိဘူးလို့ သတ်မှတ်ရာရောက်ပါတယ်။”

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအနေနဲ့သူနာပြုနယ်ပယ်ဆိုင်ရာ ဖိနှိပ်မှုတွေကို ရပ်တန့်ဖို့အတွက် သက်ဆိုင်ရာတာဝန်ရှိသူတွေကို ညှိနှိုင်းမူတွေ လုပ်ပေးဖို့ တောင်းဆို မူတွေ လုပ်ခဲ့ သလို မကြာသေးခင်တုန်းပဲ သတင်းစာရှင်းလင်းပွဲလုပ်ခဲ့ပြီး အသိပေးမူတွေ လုပ်ခဲ့တာပါ။ အစိုးရရဲ့ ထုတ်ပြန်မူကြောင့် ပုဂ္ဂလိကဆေးရုံတွေမှာ လိုင်စင်မရှိပဲ အချိန်ပိုင်း အလုပ်လုပ်နေရတဲ့ သူနာပြုတွေအတွက် အခက်အခဲတွေဖြစ်လာတယ်လို့လည်း ဆက်ပြောပြပါတယ်။

“ဖေဖော်ဝါရီလ ၁ ရက်နေ့က ထုတ်ပြန်တဲ့ကြေညာချက်အရ လိုင်စင်မရှိပဲနဲ့ ပုဂ္ဂလိကဆေးရုံတွေမှာ အလုပ်လုပ်လို့မရဘူးပေါ့နော်။ တကယ်လို့ လိုင်စင်မရှိပဲနဲ့ ပုဂ္ဂလိကဆေးရုံတွေမှာ အလုပ်လုပ် နေတာကို တွေ့ခဲ့မယ်ဆိုရင် ထောင်ဒဏ် ၁ နှစ်ကနေ ၃ နှစ် သို့မဟုတ် ငွေဒဏ် သိန်း ၅၀ ကနေ သိန်း ၁၀၀ (သို့မဟုတ်) ၂ ခုစလုံး ကျခံနိုင်သည်ပေါ့နော်။”

ကုသမှုဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဒေါက်တာမိုးခိုင်ကတော့ အခုလိုပြောသွားပါတယ်။

“လိုင်စင်ကတော့ ပုံမှန်ကတော့ မြန်မာနိုင်ငံ သူနာပြုနဲ့ သားဖွားကောင်စီ က ပေးတာ ပါခင်ဗျ။ ဒီ လိုင်စင်မရှိရင်ပေါ့နော် ပုဂ္ဂလိကဏ္ဍမှာ အလုပ်လုပ်ခွင့်မရဘူးပေါ့နော် အလုပ်လုပ်ခွင့်မရတဲ့အတွက်ကြောင့် ။အလုပ်လုပ်ခွင့်မရဘူးဆိုတာကတော့ အစကတည်းကပါ အခုမှ တားတာမဟုတ်ပါဘူး။ လိုင်စင်မရှိရင် ဆရာဝန်လည်းမရပါဘူး သူနာပြုလည်းမရပါဘူး။အဲဒါကို သူတို့ ဆန္ဒဖော်ထုတ်တယ်လို့ ထင်ပါတယ်ခင်ဗျ။”

အရပ်သားအစိုးရအုပ်ချုပ်တဲ့ တနှစ်တာကာလအတွင်းမှာ စီမံခန့်ခွဲမူတွေ အားနည်းမူတွေ ရှိခဲ့သလို ဒီပြဿနာကို ဆွေးနွေးညှိနှိုင်းတဲ့နည်းနဲ့ အဖြေရှာ သင့်ကြောင်းမြန်မာနိုင်ငံရေးလေ့လာသူ ဒေါက်တာရန်မျိုးသိန်း က အခုလိုပြောဆိုပါတယ်။

“ဒါက ၁၉၈၈ ခုနှစ်နောက်ပိုင်းမှာပေါ့လေ သူနာပြုတွေရဲ့ ပထမဦးဆုံး လမ်းပေါ်ထွက်ပြီးတော့ ဆန္ဒပြတာလို့ ပြောလို့တော့ ရပါတယ်ခင်ဗျ။ အဲဒီတော့ အဓိကဖြစ်ရတဲ့ အကြောင်းအရင်းကတော့ အစိုးရတာဝန်ရှိတဲ့သူအပိုင်းက ဒီအောက်ခြေ မှာ ဖြစ်တဲ့ နစ်နာမှုတွေ ၊လိုအပ်ချက်တွေ၊ အားနည်းချက်တွေကို ထိထိရောက်ရောက်ပေါ့လေ တွေ့ဆုံဆွေးနွေး အဖြေမရှာနိုင်တဲ့အတွက်ကြောင့် ၊ ညှိနှိုင်းပြီးတော့ ဆောင်ရွက်နိုင်မှုမရှိတဲ့အတွက်ကြောင့် ဒီလမ်းပေါ်ရောက်တဲ့ အထိ ဖြစ်လာတာလို့ သုံးသပ် ပါတယ်။ ဒါက တကယ်တမ်းပြဿနာဖြစ်နေတာက လွန်ခဲ့တဲ့လအနည်းငယ်ကတည်းက ဖြစ်နေတာပါ။ အဲဒီကတည်းက ညှိနှိုင်းဆွေးနွေး အဖြေရှာနိုင်ခဲ့မယ်ဆိုရင် ဒီလောက် ကြီးကြီးမားမား ဖြစ်လာစရာ အကြောင်းမရှိဘူး လို့ မြင်ပါတယ်။”

သူနာပြုတက္ကသိုလ်ကျောင်းသားသမဂ္ဂကနေ ဦးဆောင်ပြီး ရန်ကုန်မြို့မှာ ဆန္ဒ ထုတ်ဖော်ပွဲလုပ်ခဲ့ အပြီးမှာတော့ အစိုးရဘက်က လက်တလော တုံ့ပြန်မူတွေတော့ မတွေ့ရသေးပါဘူး။ ဒီကိစ္စနဲ့ ပတ်သက်လိုတော့ သတင်းထုတ်ပြန်ဖို့စီစဉ်နေ တဲ့အကြောင်းကိုတော့ အစိုးရ တာဝန်ရှိသူတွေ ဘက်ကတော့ပြောဆိုခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG