သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

အဂတိလိုက်စားမှုတွေကို တိုင်ကြားမှုမရှိလည်း အရေးယူမည်


အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပြင်ဆင်ပြဌာန်းပြီးဖြစ်လို့ အဂတိလိုက်စားမှုတွေကို တိုင်ကြားမယ့်သူမရှိခဲ့လျင်လည်း ကျော်စောမှုအရ စုံစမ်းစစ်ဆေးနိုင်ပြီး အထောက်အထားခိုင်လုံပါက ကော်မရှင်အနေနဲ့ တရားစွဲဆိုပိုင်ခွင့်ရှိကြောင်းအပါအဝင်၊ ကော်မရှင်ရဲ့ လုပ်ပိုင်ခွင့်တွေ၊ ကော်မရှင်အနေနဲ့ ကိုင်တွယ်ရမယ့် အကြီးစားလာဘ်စားမှုတွေနဲ့ အများပြည်သူနဲ့ ထိတွေ့ဆက်ဆံရတဲ့ဌာနတွေမှာ ပြည်သူ့ဝန်ထမ်းဥပဒေအရ ဌာနတွင်းအရေးယူနိုင်တဲ့ အသေးစားလာဘ်စားမှုစတာတွေနဲ့ ပတ်သက်လို့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဌ ဦးအောင်ကြည်ကို ဒေါ်ခင်စိုးဝင်းက သီးသန့်တွေ့ဆုံမေးမြန်းထားပါတယ်။

ဒေါ်ခင်စိုးဝင်း။ ။ အခုမြန်မာနိုင်ငံအနေနဲ့ပေါ့နော် ကမ္ဘာတ၀ှမ်းမှာ အဂတိလိုက်စားမှုနဲ့ ပတ်သက်ပြီးတော့ စောင့်ကြည့်တဲ့ international transparency လို့ခေါ်တဲ့ အဖွဲ့အစည်းရှိပါတယ်။ အဲဒီအဖွဲ့အစည်းကနေပြီးတော့ ၂၀၁၇ မှာ ထုတ်ပြန်တဲ့ အညွန်းကိန်းပေါ့နော်အဲဒီမှာ နိုင်ငံပေါင်း ၁၈၀ ရှိတဲ့ အနက်မှာ မြန်မာနိုင်ငံအနေနဲ့အဆင့် ၁၃၀ နေရာမှာရှိနေပါတယ် အဲဒီတော့ အဂတိလိုက်စားမှုနဲ့ ပတ်သက်ပြီးတော့ တော်တော်ဆိုးတဲ့အခြေအနေမှာ ရှိနေပါတယ်။ ဥက္ကဋ္ဌကြီး တာဝန်ယူထားတဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဌဆိုတဲ့ တာဝန်က အင်မတန်မှ ကြီးလေးပါတယ်။ အင်မတန်မှ ခက်ခဲတယ်ဆိုတာ အားလုံးသိကြပါတယ်။ အဲဒီတော့ ဥက္ကဋ္ဌကြီးတို့ကော်မရှင်အနေနဲ့ပေါ့နော် ဥပဒေဘောင်အတွင်းကနေ လုပ်ပိုင်ခွင်နဲ့ ပတ်သက်ပြီး အများပြည်သူသိအောင် ရှင်းပြပေးပါလားရှင့်။

ဦးအောင်ကြည်။ ။ ကျနော်တို့လုပ်ပိုင်ခွင့်ကတော့ အားလုံးသိကြတဲ့အတိုင်းပဲ နဂိုတုန်းကတော့ ကျနော်တို့ကို နိုင်ငံတော်သမ္မတနဲ့ လွှတ်တော်ဥက္ကဋ္ဌတွေက ပေးအပ်တဲ့ တာဝန်ဝတ္တရားတွေကို ထမ်းဆောင်ရတာတခု ၊ နောက်တခုကတော့ တိုင်ကြားတဲ့လူတွေ နစ်နာတဲ့လူတွေကနေပြီးတော့ တိုင်ကြားလာရင် အဲဒီတိုင်ကြားချက်ဟာ ဘယ်လောက်အတိုင်းအတာအထိမှန်သလဲဆိုတာ စစ်ဆေးပေးရတဲ့ အလုပ်တခု ။ အဲလိုစစ်ဆေးတဲ့အခါကျတော့ ကျနော်တို့က စစ်ဆေးရုံပဲ စစ်ဆေးရတာပါ။ ဒီတိုင်ကြားချက်က မှန်၏၊ မမှန်၏ ဆိုတာပေါ့နော် ခိုင်လုံ၏၊ မခိုင်လုံ၏ ဆိုတာပေါ့နော် စစ်ဆေးရတယ်။ စစ်ဆေးပြီးရင် စစ်ဆေးချက် ခိုင်လုံတယ်ဆိုတဲ့အခါ သက်ဆိုင်ရာ ရဲစခန်းမှာ အမှုဖွင့်ရတာပေါ့နော် ကျနော်တို့ တရားလိုဖြစ်သွားတာပေါ့ ပြီးတော့ အမှုဖွင့်ပြီးတော့မှ တရားရုံးမှာဆက်ပြီးတော့ တရားစွဲဆိုဖို့ လုပ်ရတာပေါ့။ ကျနော်တို့ရဲ့ လုပ်ငန်းစဉ်က ရှိတယ် မရှိဘူးဆိုတာ ဆုံးဖြတ်တာမဟုတ်ပါဘူး။ တိုင်ကြားတဲ့ တိုက်ကြားချက်သည် ခိုင်လုံမှုရှိတယ် အရေးယူဖို့ သင့်တယ်၊ မသင့်ဘူးဆိုတာ ကျနော်က စဉ်းစားပါတယ်။ အရေးယူဖို့ သင့်တယ် ကျနော်တို့ ဥပဒေနဲ့ ညှိစွန်းတယ်ဆိုရင် တရားရုံးမှာဆက်ပြီးတော့ တရားစွဲဆိုပါတယ်။ တနည်းအားဖြင့်တော့ အဂတိလိုက်စားမှုနဲ့ ပတ်သက်တဲ့ကိစ္စတွေမှာ တရားစွဲတဲ့အဖွဲ့အစည်းတခုအနေအထားပဲရှိပါတယ် ဆိုတာပြောချင်ပါတယ်။

ဒေါ်ခင်စိုးဝင်း။ ။ နောက်ဆုံးဥပဒေအရက တိုင်ကြားတဲ့လူမရှိရင်လည်း ကျော်စော်မှုပေါ့နော် ။ ကျော်စော်မှုနဲ့ စစ်ဆေးလို့ရတာတွေရှိပါတယ်။ လူတော်တော်များများက ကျော်စော်နေတဲ့ လူတွေအများကြီးရှိပါတယ် အဲဒီတော့ အဲလို အများကြီးကနေပြီးတော့ ဘယ်လိုမျိုးကိစ္စတွေကို အထူးကိစ္စအနေနဲ့ စဉ်းစားထားပါသလဲရှင့်။

ဦးအောင်ကြည်။ ။ ကျော်စော်မှုဆိုတာက ကျော်စော်တိုင်းတော့ ကျော်စော်မှုလို့မခေါ်နိုင်ပါဘူး။ အဂတိလိုက်စားမှု ဖြစ်ပေါ်တယ်ဆိုတဲ့ သတင်းက ပြန့်နှံ့နေတယ်ပေါ့နော် ။ အဲဒီ သတင်းကို ကျနော်တို့ ကော်မရှင်ကနေပြီးတော့ လေ့လာမယ် ။ ဒီပြန့်နှံ့နေတဲ့ သတင်းသည် အဂတိလိုက်စားမှုနဲ့ ညှိစွန်းနိုင်တယ်လို့ ကျနော်တို့ ကိုယ်တိုင်ပေါ့လေ သံသယမကင်းဘူးပေါ့လေ ၊ ဖြစ်နိုင်တယ်လို့ ကျနော်တို့တွေ့ရမယ်။ အဲဒီ သံသယမကင်းတဲ့အချက်ကို စုံစမ်းဖို့အတွက် ဒီကျော်စော်သတင်းမှာ လုံလောက်တဲ့ အထောက်အထားပေါ့နော် အားကိုးအားထားပြုလောက်တဲ့ အထောက်အထားတွေရောရှိသလားဆိုတာ ကျနော်တို့က စုံစမ်းမယ် လေ့လာမယ်။ ပြီးရင် ကျနော်တို့က အစည်းအဝေးထိုင်မယ်။ ကော်မရှင်အဖွဲ့ဝင်တွေအားလုံးစုပေါင်းပြီးတော့ အစည်းအဝေးထိုင်မယ်။ ဒီမှာတော့ သတင်းတခုဖြစ်တယ်၊ ဒါနဲ့ ပတ်သက်ပြီးတော့ အဂတိလိုက်စားမှု ဖြစ်နိုင်တယ် ဆိုတဲ့ သံသယမကင်းတဲ့အခြေအနေရှိတယ်။ ဒီအတွက် ခိုင်လုံတဲ့အထောက်အထားလည်း အထိုက်အလျောက်တွေ့နေပြီဆိုရင် ကော်မရှင်က အစည်းအဝေးထိုင်ပါတယ်။ ကျနော်တို့ ကော်မရှင်မှာ ဆွေးနွေးဆုံးဖြတ်တဲ့ ဆုံးဖြတ်ချက်တွေအားလုံး ကျနော်တို့ ဆုံးဖြတ်ပါတယ်။ ဒါကို အများစုက လက်ခံပြီ ၃ ပုံ ၂ပုံက ဒီဟာကတော့ အရေးယူမယ်ဆိုရင်လည်း ယူလို့ရပြီ အဂတိလိုက်စားမှု သံသယမကင်း ဖြစ်နိုင်တယ်ဆိုတဲ့အခြေအနေလည်း ရှိတယ်။ အများကလည်း သတင်းထွက်နေတယ် ဟိုလူကပြော ဒီလူကပြော ဒါတွေလည်းရှိတယ်ဆိုရင် အဲဒါကို ကျနော်တို့က ကျော်စော်သတင်းဆိုပြီး အစည်းအဝေးမှာ ၃ ပုံ ၂ပုံ ဆန္ဒမဲနဲ့ ဆုံးဖြတ်ပါတယ်။ ဆုံးဖြတ်ပြီးရင် ဘာဖြစ်သွားသလဲဆိုတော့ ကျော်စော်သတင်းကို သတင်းပို့တိုင်တန်းချက်အဖြစ်နဲ့ ပြောင်းလိုက်တယ်။ ဒါက ကျော်စော်သတင်းအနေနဲ့မဟုတ်တော့ဘူး သတင်းပို့တိုင်တန်းချက်ဖြစ်သွားပြီ ။ သတင်းပို့တိုင်တန်းချက်ဖြစ်သွားပြီဆိုရင် ၂၀၁၃ ဥပဒေအရ ကျနော်တို့ ဆက်လက်ပြီးတော့ စုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့တာတို့ စုံစမ်းစစ်ဆေးတာတို့ ဆက်လုပ်သွားတဲ့အနေအထားဖြစ်သွားပါတယ်။

ဒေါ်ခင်စိုးဝင်း။ ။ ကိုယ်နဲ့ သင့်တဲ့လူကို ဦးစားပေးမယ်၊ ပစားပေးမယ် ။ ကိုယ်နဲ့ မသင့်တဲ့လူကို ပစားမပေးဘူး ဆိုတာကလည်း အဂတိလိုက်စားမှုတခုပါပဲ ။ အဲဒီတော့ ဌာနဆိုင်ရာတွေမှာလည်း အများကြီးရှိပါတယ် မျက်နှာကြီးရာဟင်းဖတ်ပါတဲ့ကိစ္စတွေ ၊ အဲဒါမျိုးနဲ့ပတ်သက်လာရင် ဘယ်လိုမျိုး ကိုင်တွယ်ဖို့ စီစဉ်ထားပါသလဲရှင့်။

ဦးအောင်ကြည်။ ။ ကျနော်တို့ အဲဒါနဲ့ ပတ်သက်ပြီးတော့ စဉ်းစားနေတာရှိပါတယ်။ အခုအချိန်မှာ အဂတိလိုက်စားမှုဖြစ်ပွားတဲ့ ဧရိယာကိုကြည့်မယ်ဆိုရင် ပြည်သူနဲ့ နေ့တဓူဝ ထိတွေ့နေရတဲ့ အောက်ပိုင်းဌာနဆိုင်ရာအဖွဲ့အစည်းတွေပေါ့နော် မြို့နယ်အဆင့်၊ ခရိုင်အဆင့် စတဲ့အဖွဲ့အစည်းတွေပေါ့ ဒီအဖွဲ့အစည်းတွေမှာလည်း တမျိုးရှိသလို တဖက်ကလည်း အထက်ပိုင်းပေါ့ ခနက ၀ယ်ယူရေးကိစ္စ ၊ တည်ဆောက်ရေးကိစ္စ ပဲဖြစ်ဖြစ်ဒီလိုကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ အခွင့်အရေးတစုံတခုရဖို့အတွက် လာဘ်ပေးလာဘ်ယူလုပ်တာတွေလည်းရှိပါတယ်။ အဲဒီတော့ တနည်းအားဖြင့်ကြည့်မယ်ဆိုရင်တော့ အနိမ့်စားအဂတိလိုက်စားမှုနဲ့ ကြီးမားတဲ့ အဂတိလိုက်စားမှုလို့ပဲပြောရမှာပေါ့နော်။ Grand corruption ကိစ္စမျိုးတွေကိုတော့ ကျနော်တို့ဥပဒေနဲ့ ကိုင်တွယ်ဖို့အတွက်ကို သင့်တော်တာပေါ့ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ဥပဒေက ပြစ်မှုဆိုင်ရာ ဥပဒေလည်းဖြစ်တယ်။ အရေးယူမယ်ဆိုရင်လည်း အနိမ့်ဆုံးထောင်ဒဏ် ၇ နှစ်အထိ ချနိုင်တဲ့ ပြစ်ဒဏ်မျိုးဖြစ်တယ်။ ဒီထိုက်ပိုပြီးရင်တော့ သူ့အဆင့်နဲ့သူများသွားတာရှိပါတယ်။ အလားတူ နိုင်ငံဝန်ထမ်းဥပဒေကျတဲ့အခါကျတော့ သတိပေးမယ်၊ ရာထူး အဆင့်လျော့ချမယ်၊ အလုပ်က ထုတ်ပယ်မယ် လာဘ်ပေးလာဘ်ယူနဲ့ ပတ်သက်ပြီးတော့ သူ့မှာလည်း လုပ်ပိုင်ခွင့်ရှိပါတယ် နိုင်ငံဝန်ထမ်းဥပဒေမှာ ။သူ့ လုပ်ပိုင်ခွင့်နဲ့ လုပ်လို့ရအောင်ဆိုပြီးတော့ ကျနော်တို့က petty corruption နဲ့ Grand corruption ကို ၊ petty အပိုင်းကိုတော့ ဌာနဆိုင်ရာ သူ့ဥပဒေအတိုင်းပေါ့နော် ပြစ်မှုနဲ့ ပြစ်ဒဏ်နဲ့လည်းမျှအောင်ပေါ့နော် ။ ဥပမာ ၁ သောင်းယူတယ်၊ ၂ သောင်းယူတယ် ဒီလိုကိစ္စမျိုးတွေကျတော့ သူ့ဌာနအတွင်းမှာပဲ အရေးယူဆောင်ရွက်ကြတယ်၊ ကြီးမားလာတဲ့ ကိစ္စ ဖြစ်ရင် ကျနော်တို့ဆီကို လွှဲပေါ့။ ဒီလိုပုံစံနဲ့ ကျနော်တို့က ကော်မရှင် နဲ့ရော သက်ဆိုင်ရာအစိုးရဌာနနဲ့ရော ပူးပေါင်းပြီးတော့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကို ချိန်သားညီအောင်ပေါ့နော် ကျနော်တို့အခုဆွေးနွေးနေကြစဲဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ဒီကိစ္စသည် မလွဲသွေ အစိုးရဌာနတွေမှာ ဖြစ်နေတဲ့ အဂတိလိုက်စားမှုတွေကလည်း ဌာနတွေက တိတိကျကျလုပ်လာရင် လုပ်လာသလောက် လျော့ပါးသွားမှာဖြစ်တယ်။ အထက်ပိုင်းမှာ ဖြစ်တာတွေကိုလည်း ကျနော်တို့က စည်းမျဉ်းစည်းကမ်းပြင်ဆင်တာတွေ တဖက်ကလည်း အရေးယူတာတွေ တိုးမြင့်ဆောင်ရွက်ပေးခြင်းအားဖြင့် ဒီဟာတွေ လျော့ပါးသွားဖို့ အလားအလာရှိပါတယ်လို့ ပြောချင်ပါတယ်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဌ ဦးအောင်ကြည်နဲ့ သီးသန့်တွေ့ဆုံမေးမြန်းခန်းပထမပိုင်းကို တင်ဆက်ခဲ့တာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG