သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖမ်းဆီးခံတွေကို ကူညီသူ တက်ကြွလှုပ်ရှားသူ ၅ ဦး တရားစွဲခံရ


ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ရုံးထုတ်ချိန် ရဲလုံခြုံရေးတွေအပေါ် ဝတ္တရားနှောင့်ယှက်မှု၊ လက်ရောက်မှု၊ အားပေးကူညီမှုတွေနဲ့ ၈၈မျိုးဆက်ကျောင်းသူ မနီလာသိန်းအပါအဝင် သမဂ္ဂကျောင်းသားလူငယ် (၅)ဦးကို ဗိုလ်တထောင်ရဲစခန်းက ဒီကနေ့ ဗိုလ်တထောင် တရားရုံးမှာ တရားစွဲဆိုလိုက်ပါတယ်။

အခုလိုပြည်ထဲရေးလက်အောက်ခံ ရဲအာဏာပိုင်တွေဘက်က လွတ်လပ်စွာထုတ်ဖော်ပြောဆိုလို့ ဖမ်းဆီးခံထားရသူတွေအပေါ် လာရောက်ဝန်းရံတဲ့ တက်ကြွလှုပ်ရှားသူတွေအပေါ် ဥပဒေပုဒ်မမျိုးစုံနဲ့ တရားစွဲဆိုနေတာဟာ ဥပဒေကြောင်းအရ မမှန်မကန် ဆောင်ရွက်တာသာဖြစ်တယ်လို့ တရားစွဲခံရသူတွေဘက်က ဝေဖန်ထောက်ပြကြပါတယ်။ မဆုမွန် ပြောပြပေးပါမယ်။

သင်္ကြန်မှာ ဆင်ဆာမတင်ပဲ မြန်မာပြည်ရဲ့ လက်ရှိအခြေအနေကိုသံချပ်စပ်ဆိုခဲ့တဲ့ ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ ဦးဆောင်သူ ကျောင်းသားတွေကို သံချပ်ထဲမှာ တပ်မတော်ကို ထိခိုက်စေတဲ့ အသုံးအနှုန်းတွေ ပါဝင်ခဲ့လို့ဆိုပြီး ရန်ကုန်တိုင်း စစ်ဌာနချုပ်က ဒုတိယ ဗိုလ်မှူးကြီး သန်းထွန်းမြင့်က တရားလိုပြုလုပ်ပြီး ပုဒ်မ ၅၀၅(က) အကြည်ညိုပျက်စေမှုနဲ့ ထပ်မံတရားစွဲဆိုပြီးတဲ့နောက် အခုဆိုရင်တော့ အင်းစိန်အကျဉ်းထောင်မှာ ဖမ်းဆီးချုပ်နှောင်ထားတာဖြစ်ပါတယ်။

အဲ့ဒီ့လို ဒေါင်းတို့မျိုးဆက်ကျောင်းသားတွေ ရုံးထုတ်ချိန် ဝန်းရံအားပေးသူတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေကြား အခြေအတင်ဖြစ်တာကို ဝင်ရောက်ဖြန်ဖြေခဲ့တဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်းက မနီလာသိန်း အပါအဝင် မရှားယမုံ၊ ကိုနန်းလင်း၊ ကိုနိုင်ကိုသူနဲ့ကိုမင်းဟန်ထက်တို့ ငါးဦးကို ဗိုလ်တထောင်မြို့နယ်ရဲစခန်းက ပြည်သူ့တာဝန်ဝတ္တရား နှောင့်ယှက်မှု၊ လက်ရောက်မှု၊ အားပေးကူညီမှု စသည့် ပုဒ်မ ၃၃၂ ၊ ၃၅၃ တို့ဖြင့် ဗိုလ်တထောင်မြို့နယ် တရားရုံးသို့စွဲဆိုတင်ပို့ခဲ့တဲ့အတွက် ဒီကနေ့ ဗိုလ်တထောင်တရားရုံးမှာ သွားရောက်ရင်ဆိုင်ခဲ့ရပါတယ်။

တရားဥပဒေလမ်းကြောင်းအတိုင်း တရားရင်ဆိုင်သွားမှာဖြစ်တယ်လို့ တရားစွဲဆိုခံရသူ ၈၈မျိုးဆက်ကျောင်းသူ မနီလာသိန်းက ဗွီအိုအေမြန်မာပိုင်းကိုပြောပါတယ်။

“ ဒီနေ့က ကျမတို့ အာမခံကိစ္စပဲပေါ့နော်။ ရှေ့နေပါဝါတင်တယ်၊ အာမခံပေးတယ်ပေါ့နော်။ အဓိကတော့ သူတို့ စွဲထားတဲ့ ပုဒ်မတွေပေါ့နော် အဲဒါတွေက ၃၃၂ ၊ ၃၅၃ ပုဒ်မတွေ ကျမတို့ကို တပ်ထားတယ်။ အဓိက ကျမပြောချင်တာက ကျမတို့ကို မမှန်မကန် တဖက်သတ် စွဲဆိုထားပေမယ့် ကျမကတော့ တရားဥပဒေကြောင်းအရ ရင်ဆိုင်နေတယ်ပေါေ့နာ်။ဗိုလ်တထောင် တရားရုံးမှာ ကျောင်းသူတွေ အချုပ်ကားပေါ်က ဆင်းလာတဲ့အချိန်မှာ ဗိုလ်တထောင် ရဲစခန်းကနေ ရဲမေကနေပြီးတော့ မဆုရတနာမြင့်နဲ့ မကေခိုင်ထွန်းကို တွန်းလိုက်တဲ့အချိန်မှာ စဖြစ်သွားတဲ့ ဖြစ်စဉ်ပေါ့နော်။ အဲဒီမှာ ကျမတို့က ကြားကနေ ဝိုင်းပြီးတော့ ဖြေဖျန်ခဲ့တယ်ပေါ့နော်။ ဒါပေမယ့် တကယ်ကို ကိုယ်ထိလက်ရောက်ကျူးလွန်သူတွေကိုတော့ ဒီဘက်မှာ တစုံတရာအရေးယူခဲ့ခြင်းမရှိပဲနဲ့ ကျမတို့ ကြားဝင်ဖျန်ဖြေသူတွေကို ပုဒ်မ မျိုးစုံတပ်ပြီး ကျမတို့ကို တရားစွဲဆိုထားခဲ့တယ်ပေါ့နော်။”

အခုလို ငြိမ်းချမ်းရေးလှုပ်ရှားသူ တိုင်းရင်းသားလူငယ်တွေ၊ တက်ကြွလှုပ်ရှားသူ ဒီမိုကရေစီအင်အားစုတွေ၊ သမဂ္ဂကျောင်းသားတွေအပေါ် ပြည်ထဲရေး၊ ကာကွယ်ရေးဘက်က တရားစွဲဆိုနေတာဟာ ဒီမိုကရေစီစံနှုန်းတွေကို ရည်ရွယ်ချက်ရှိရှိ ချိုးဖောက်မှုအဖြစ် လွတ်လပ်စွာလှုပ်ရှားမှုအသံက မောင်ဆောင်းခက ရှု့မြင်ပါတယ်။ ဗိုလ်တထောင်တရားရုံးအထိ အမှုစွဲတင်ရလောက်အထိ ရဲတပ်ဖွဲ့ဘက်က ဆောင်ရွက်မှုနဲ့ပတ်သက်ပြီးလည်း အမှုမှာ တောက်လျောက်လိုက်ပါဆောင်ရွက်ပေးနေတဲ့ မောင်ဆောင်းခက အခုလိုသုံးသပ်ပါတယ်။

“ဒီကိစ္စတွေ စဖြစ်တာက မေလ ၂၀ ရက်နေ့ ဗိုလ်တထောင်မြို့နယ် တရားရုံးမှာ ဒေါင်းတို့မျိုးဆက်ရုံးထုတ်စဉ်မှာ ဖြစ်ခဲ့တယ်ပေါ့နော်။ မေလ ၂၀ ရက်နေ့မှာဖြစ်ပြီး ၁ ရက် - ၂ ရက်အတွင်းမှာပဲ ဗိုလ်တထောင်ရဲစခန်းကနေပြီးတော့ သူတို့ကို လိုက်လံ ဖမ်းဆီးပြီးတော့ အမှုဖွင့်အရေးယူခဲ့တယ်။ ပြီးတော့ အာမခံပေးခဲ့တယ်ပေါ့။ အဲဒါဖြစ်ပြီးတော့ ၂ လကျော်ကြာတဲ့အချိန်မှာ ဒီအမှုကို တရားရုံးကို တင်နိုင်ခဲ့တာတွေ့တယ်။ သူတို့ စဆွဲတုန်းကဆိုရင် ပုဒ်မ ၄ ခုတပ်ပြီးဆွဲတယ် ပုဒ်မ၃၅၃၊ ၁၁၄ ရယ်၊ ၁၈၆ ရယ် ၃၃၂ ရယ်ဆိုပြီးတော့ စွဲဆိုခဲ့တယ်။ ဒါကိုကြည့်ခြင်းအားဖြင့် ဒီလိုကိစ္စတွေကို ပုဒ်မ ၄ ခုတပ်ခြင်းအားဖြင့် ဒေါင်းတို့မျိုးဆက်အပါအဝင် သူတို့ကို ဝိုင်းရံတဲ့၊ သူတို့နဲ့ ပတ်သက်သူတွေကို ပြည်ထဲရေး ရဲတပ်ဖွဲ့အနေနဲ့ ဘယ်လောက်အထိ အငြိုးထားနေသလဲဆိုတာကို သိသာစေတယ်လို့ မြင်ပါတယ်။”

ဗိုလ်တထောင်တရားရုံး ဒီကနေ့ ရုံးထုတ်စစ်ဆေးချိန်မှာတော့ မနီလာသိန်းအပါအဝင် ငါးဦးကို တရားသူကြီးက အာမခံပေးလိုက်ပြီး နောက်သီတင်းပတ် အင်္ဂါနေ့ကို ထပ်မံရုံးချိန်းပေးလိုက်ပါတယ်။ တရားခွင်အတွင်း ရဲတွေဘက်က အရပ်ဝတ်တွေ ဝတ်ဆင်ပြီး စုံစမ်းမေးမြန်းမှုတွေနဲ့ ဥပဒေဘောင်ကျော်လွန် လုပ်ဆောင်မှုတွေရှိခဲ့တဲ့အပေါ် နောက်ထပ် ရုံးချိန်းမှာတော့ တရားဥပဒေကြောင်းအရ သူတို့အနေနဲ့ ဆက်လက်ရင်ဆိုင်သွားဖို့ ပြင်ဆင်ထားတယ်လို့ ၈၈မျိုးဆက်ကျောင်းသူ မနီလာသိန်းကပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG