သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြည်သူ့ဘဝ ထင်ဟပ်တဲ့သင်္ကြန်သံချပ်


အိုးဝေသံချပ်အဖွဲ့
အိုးဝေသံချပ်အဖွဲ့

ဒီကနေ့ သောကြာနေ့ဟာဆိုရင် မြန်မာနှစ်သစ်ကူး မဟာအတာသင်္ကြန်ကာလရဲ့ သင်္ကြန်အကျနေ့ဖြစ်ပြီး သင်္ကြန်ကျပြီဖြစ်ပါတယ်။ မြန်မာနိုင်ငံတဝှမ်းလုံးက မြန်မာပြည်သူအပေါင်း အတာရေသဘင်ပွဲတော်ကို ခြိမ့်ခြိမ့်သဲ ဆင်နွှဲနေကြပြီလည်းဖြစ်ပါတယ်။ အတာသင်္ကြန်ပွဲတော်မှာ ရေကစားမဏ္ဍပ်တွေနဲ့ ရေကစားနေကြတာတွေ၊ စတုဒိသာအလှူကျွေးမွေးတာတွေနဲ့ စည်စည်ကားကားဖြစ်နေသလို မြန်မာ့ရိုးရာ အစဉ်အလာမပြတ် သင်္ကြန်ရဲ့ပြရုပ် သင်္ကြန်သရုပ်သကန်နဲ့ ပီပြင်အောင် ပုံဖော်နိုင်တဲ့ သင်္ကြန်သံချပ်တွေကို စပ်ဆိုနေကြတဲ့ သံချပ်အဖွဲ့တွေရဲ့ သံချပ်သံတွေကိုလည်း ရေကစားမဏ္ဍပ်တွေနဲ့ လူစည်ကားတဲ့နေရာတွေမှာ မြင်နေကြားနေရပြီဖြစ်ပါတယ်။

“ပြောရဦးမယ်… ပြောဦးမယ်ဟေ့ .. ပြောပါပြောကွာအားမနာနဲ့

ပြောပါပြောကွာအားမနာနဲ့….. ပြောရဦးမယ်… ပြောဦးမယ်ဟေ့

လွတ်လပ်စွာနဲ့ ဝေဖန်ပါ… သံချပ်တွေလည်း တင်တာတင်…

အပြောင်းအလဲဆိုတာ ဒါကြီးလား…… အပြောင်းအလဲဆိုတာ ဒါကြီးလား”

အိုးဝေသံချပ်အဖွဲ့
အိုးဝေသံချပ်အဖွဲ့

မြန်မာနှစ်သစ်ကူးချိန် သင်္ကြန်ကာလမှာ ရေသဘင်ပွဲတော်တွင်း သံချပ်အဖွဲ့တွေ ရဲ့သံချပ်ထိုးသံတွေဟာလည်း မြန်မာ့ရိုးရာအစဉ်အလာမပြတ်ရှေးခေတ်ကတည်းကရှိခဲ့တာပါ။ သံချပ်တွေဟာ ခေတ်ရဲ့ပုံရိပ်ကို ထင်ဟပ်စေသလို လူထုရဲ့အသံ လူထုရဲ့ခံစားချက်နဲ့ လူထုကိုယ်စား လူထုကြား အဆီအငေါ်မတည့် ပြုစရာပြင်စရာ အချက် အဖြစ်အပျက်တွေကို သက်ဆိုင်ရာတွေသိရှိနိုင်အောင်လို့ သရော်ပြီး သွယ်ဝိုက်ပြီး ထိထိမိမိစပ်ဆိုထားတဲ့ သံချပ်စာသားတွေဟာဆိုရင် စပ်ဆိုခံရသူရော စပ်ဆိုသူနဲ့ နားဆင်သူတွေပါ ပြုံးချင်ရယ်ချင်စရာ ကလိ၊ ရိ ထိမိစေတဲ့ ချစ်စရာသံချပ်ဓလေ့ထုံးတမ်းဖြစ်ခဲ့တယ်လို့ ကိုယ်တိုင် ကလေးဘဝကစလို့ ဖခင်ဖြစ်သူ ဦးမောင်မောင်နေဝင်းခေါ် ဂန္တဝင်မောင်ဝိုင်းရဲ့ မောင်မောင်ဆိုလေထီးရိုးရှည်အဖွဲ့မှာ အသက်အငယ်ဆုံးသံချပ်အဖွဲ့ဝင်အဖြစ် သံချပ်စပ်ဆိုခဲ့ဖူးတဲ့ အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့က ကိုမောင်မောင်ကျော်က သံချပ်အပေါ် သူ့အမြင် အခုလိုပြောပါတယ်။

“ခေတ်ဟောင်းတုန်းကလိုတော့မဟုတ်ဘူးပေါ့ဗျာ နည်းနည်းပိုပြီးတော့ နိုင်ငံရေး ကြွေးကြော်သံဆန်တာမျိုးတွေ ကျနေ်ာတွေ့ရပါတယ် ဒါပေမယ့် သူတို့အရမ်းကြိုးစားကြတယ်လေ။ သံချပ်ရဲ့သဘောကတော့ ဒီလိုပါ လူ့အဖွဲ့အစည်းထဲမှာဖြစ်ခဲ့တဲ့ ၁ နှစ်တာအတွင်းပေါ့နော် ၁ နှစ်တာအတွင်းမှာရှိနေတဲ့ လူမှုရေး၊ နိုင်ငံရေး၊ စီးပွားရေး တွေနဲ့ ပတ်သက်တဲ့အမြင်မတော်တဲ့ ကိစ္စလေးတွေကို ဝေဖန်ဆွေးနွေးအကြံပြုတဲ့အနှစ်သာရလေးတွေရှိပါတယ်။ ဒါကို တချို့က သံချပ်ဆိုတာကို နိုင်ငံရေးတရားဟောတာနဲ့ ရောတတ်ပါတယ်။ နိုင်ငံရေးတရားဟောတာ မဟုတ်ပါဘူး သံချပ်က ချစ်စရာကောင်းတယ် အနုပညာဆန်တဲ့ ဝေဖန်ဆွေးနွေးအကြံပြုချက်တွေဖြစ်ပါတယ်။”

ရှေးခေတ်တုန်းက သွယ်ဝိုက်စကားလုံးတွေနဲ့ သံချပ်တွေ ထိုးခဲ့ပေမဲ့ ယနေ့ခေတ် သံချပ် တွေကြားမှာတော့ ဒဲ့ဒိုးစာလုံးတွေနဲ့ တည့်တည့်ထောက်ပြတာမျိုး ကွဲလွဲမှုတွေ ရှိလာတာဟာ ခေတ်စနစ်အပေါ် အခြေခံပြီး သံချပ်တွေဟာလည်း ပြောင်းလဲလာရတာဖြစ်တယ်ဆိုတာကိုလည်း ကိုမောင်မောင်ကျော်က ထောက်ပြခဲ့ပါတယ်။

“အဲဒါခေတ်စနစ်အပေါ်မှာလည်း မူတည်တယ်ခင်ဗျ၊ ဟိုတချိန်တုန်းက ကျနော်တို့ ငယ်ငယ်တုန်းက ဖြတ်သန်းခဲ့ရတဲ့ အုပ်ချုပ်နေတဲ့အစိုးရ၊ နိုင်ငံရေး စနစ်အခြေအနေတွေပေါ့နော် အဲဒါတွေက အများကြီး သင်္ကြန်သံချပ်တွေပေါ်မှာ အများကြီးသက်ရောက်မှုရှိပါတယ်။ တိုက်ရိုက်သက်ရောက်မှုရှိပါတယ်။ ကျနေ်ာတို့ခေတ်တုန်းကတော့ သဘောအရ အနှစ်သာရအားဖြင့် ထိတယ်၊ရိတယ်၊ ကလိတယ်ပေါ့ဗျာ၊ အဲဒါဆိုတော့ ပရိတ်သတ်အမြင်မှာလည်း တွေးစရာလေးတွေ တခု ၂ ခုလောက်တော့အမြဲတမ်းထားခဲ့ပါတယ် ဒါသံချပ်တွေသဘောပါ။ ရှင်းရှင်းလင်းလင်းကြီး ပွင့်ပွင့်လင်းလင်းကြီး တခါတည်း ကြွေးကြော်သံလို နိုင်ငံရေးတရားလိုမျိုးကတော့ ဟိုတုန်းကမလုပ်ကြပါဘူး။ ဒါခေတ်စနစ်နဲ့လည်းဆိုင်တယ်လို့ ထင်တယ်လေ။”

အရင်စစ်အစိုးရအုပ်ချုပ်ခဲ့တဲ့ခေတ်တွေမှာတော့သင်္ကြန် သံချပ်တွေကို လွတ်လပ်စွာစပ်ဆိုနိုင်ခွင့်ဆိတ်သုန်းခဲ့ပေမဲ့လို့ အသွင်ကူးပြောင်းတဲ့ကာလတွေကစလို့ ခေတ်ကိုသရော် စနစ်ကို ဖော်ပြတဲ့ သံချပ်ထိုးနိုင်ခဲ့ကြတယ်လို့ကျောင်းသားတွေ စုဖွဲ့ထားတဲ့ ဒေါင်းအိုးဝေသံချပ်အဖွဲ့ခေါင်းဆောင်ကိုမင်းသွေးသစ်ကလည်း သံချပ်အပေါ် သူ့အမြင်အခုလိုပြောပြပါတယ်။

“ဒီသံချပ်က ကျနေ်ာတို့ နှစ်သစ်ကူးသင်္ကြန်ပွဲရဲ့ ရိုးရာအစဉ်အလာ ဖြစ်တယ်။ နောက်ပြီးတော့ သူ့ရဲ့အစဉ်အလာ အနှစ်သာရကိုက ခေတ်စနစ်ကိုဝေဖန်မယ်၊ လူထုဘက်ကနေ ရပ်တည်ပြီးတော့ ပြောကြဆိုကြ ထောက်ပြစရာရှိတာတွေထောက်ပြမယ်ဆိုတဲ့ သံချပ်ရဲ့အနှစ်သာရပေါ့လေ။ အခုကျနေ်ာတို့ သံချပ်ထိုးတဲ့နေရာမှာလည်း ဒီအနှစ်သာရတွေပါအောင် ကျနေ်ာတို့က ဒါတွေကိုကြည့်ပြီးတော့ ပြည်သူဘက်ကပဲရေးပါတယ်။ ပြည်သူဘက်ကပဲရေးတဲ့အခါမှာ လူထုရဲ့ရင်ထဲကို တိုက်ရိုက် ရောက်တယ်ပေါ့ ကျနော်တို့ သံချပ်စာသားတွေ နောက်တခုကတော့ ဟိုအရင်က သံချပ်တွေနဲ့ ကျနေ်ာတို့က Modified လုပ်တယ် ၊ ခေတ်စနစ်အရပြောင်းလဲတယ် ဆိုပြီးတော့ပဲ ပြောရမလားမသိဘူး သံချပ်တခုနဲ့ တခုကြားထဲမှာ ကျနေ်ာတို့ ဖျော်ဖြေမှုတွေထည့်သလို၊ သံချပ်စာသားတွေကလည်း ပိုပြီးတော့ လွတ်လပ်ပွင့်လင်းလာတဲ့အပြင် ပိုပြီးတော့ မြိုင်ဆိုင်ခေတ်မီလာတယ်ပေါ့လေ။”

သံချပ်တွေအပေါ် ဆင်ဆာကန့်သတ်ပိတ်ပင်မှုမရှိတဲ့ ရန်ကုန်တောင်ပိုင်းခရိုင် ဗဟိုမဏ္ဍပ်မှာ ဒီနှစ်အတွက် ပထမဆုံး ဝင်ရောက်ယှဉ်ပြိုင်ပြီး ဒီနှစ်မှာတော့ ထူးထူးခြားခြား အရပ်သားအစိုးရ လက်ထက် ပြောင်းလဲမှုတွေကို ဖော်ဆောင်ခဲ့တဲ့အထဲ ကမောက်ကမအလွဲအချော်တွေနဲ့ လူပြောများတဲ့ YBS အများသုံးယာဉ်လိုင်းတွေကြောင်း ပြည်သူတွေကြား တထိတ်ထိတ်တလန့်လန့် ကျီးလန့်စာစားဖြစ်နေရတဲ့ ရာဇဝတ်မှုထူပြောနေတဲ့ လုံခြုံရေးအစီအမံ အားနည်းနေတာတွေကို အဓိကထောက်ပြစပ်ဆိုကြတာကို ထူးထူးခြားခြားတွေ့ခဲ့ရတယ်လို့ သင်္ကြန်အကြိုနေ့မှာ ဗဟိုမဏ္ဍပ်မှာ သွားရောက်ယှဉ်ပြိုင်ခဲ့တဲ့ သံချပ်အဖွဲ့ခေါင်းဆောင် ကိုမင်းသွေးသစ်က ပြောပါတယ်။

“ကျနော်တို့ YBS ကိစ္စလိုမျိုး စပ်ဆိုကြတာကိုတွေ့ရတယ်၊ ဒါအများဆုံးစပ်ဆိုကြတယ်။ YBSရဲ့စနစ်မှာရှိတဲ့ ချို့ယွင်းချက်တွေကို ဝေဖန်တာတွေပါတယ်။ နောက်တခုက ကျနော်တို့ဒီ တရားဥပဒေစိုးမိုးရေးလို့ပြောရမလားမသိဘူး ရာဇဝတ်မှုလို့ ပြောလာတဲ့အခါမှာ ဦးကိုနီကို သတ်ဖြတ်လုပ်ကြံခဲ့တဲ့ အဓိက တရားခံတွေလွတ်နေတဲ့ကိစ္စတွေကိုလည်း ပြင်းပြင်းထန်ထန် ထောက်ပြဝေဖန်တာမျိုးတွေ တွေ့ရတယ်။ ရပ်ကွက်လူထုတွေက အခြေခံလူတန်းစားပြည်သူတွေက အားရပါးရအားပေးတာတွေကိုတွေ့ရတယ်။ နောက်ဆုံးသူတို့ကိုယ်တိုင်က သံချပ်စာသားတွေကို တအားသဘောကြပါတယ် ကြိုက်လည်းကြိုက်ပါတယ်။ ဒီလိုမျိုး ပြောဖို့ဆိုဖို့လိုတယ်လို့ လာပြောကြပါတယ် ကျနေ်ာတို့ သံချပ်ဖျော်ဖြေပြီးဆင်းလာတဲ့အခါမှာ။”

ဒီနှစ် ၂၀၁၇ ခုနှစ်အတွက် သင်္ကြန်ထူးခြားဖြစ်စဉ်တွေမှာ မြန်မာ့ရိုးရာအစဉ်အလာကို ပုံဖော်ပြမယ့် သင်္ကြန် ရေသဘင်ပွဲတော်ကို အသွင်တမျိုးနဲ့ ဆင်နွှဲနိုင်အောင် မန္တလေးဘက်မှာတော့ ရိုးရာအစဉ်အလာတွေကိုပုံဖော်ခဲ့ကြပေမဲ့လို့ ရန်ကုန်မှာတော့ စီးပွားဖြစ်သင်္ကြန်မဏ္ဍပ်တွေ ပိတ်ပင်ကန့်သတ်မှုရှိတာကြောင့် ရေကစားမဏ္ဍပ်တွေ နည်းပါးသွားပေမဲ့လို့ မြို့နယ်ရပ်ကွက်တွေဘက်မှာတော့ လူငယ်တွေက တနိုင်တပိုင် ရေကစားမဏ္ဍပ်တွေနဲ့ပျော်ပျော်ရွှင်ရွှင်ကစား နေကြသလို သံချပ်အဖွဲ့တွေကလည်း မြို့နယ်တွေရဲ့ဖိတ်ခေါ်မှုတွေနဲ့ သင်္ကြန်ကာလတလျောက်လုံးမှာ လိုက်လံဖျော်ဖြေနေကြဖို့ စီစဉ်နေကြတယ်လို့သိရပါတယ်။

ပြည်သူ့ဘဝ ထင်ဟပ်တဲ့သင်္ကြန်သံချပ်
please wait

No media source currently available

0:00 0:05:44 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG