သင်္ကြန်ကာလတုန်းက စိစစ်ရေး ဆင်ဆာမတင်ပဲ မြန်မာပြည်ရဲ့ လက်ရှိအခြေအနေကို သံချပ်စပ်ဆိုခဲ့တဲ့ ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင်တချို့ကို အင်းစိန်ထောင်တွင်းအကျဉ်းချထားရုံမက အခုချိန်အထိ နေအိမ်တွေမှာ ပိုက်စိပ်တိုက် လိုက်လံရှာဖွေ ဖမ်းဆီးအရေးယူနေတုန်းပဲလို့ ကိုယ်တိုင်တရားစွဲဆိုခံရသူ ဒေါင်းတို့မျိုးဆက်သံချပ် အဖွဲ့ဝင်ကပြောပါတယ်။ ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ကို တပ်မတော်ကို မလေးမစားလုပ်တယ်ဆိုပြီး ပုဒ်မ ၅၀၅ (က)နောက် ဆက်သွယ်ရေးပုဒ်မ ၆၆ဃ တို့နဲ့ တပ်အရာရှိတွေဘက်က တရားစွဲဆို ဖမ်းဆီးထိန်းသိမ်းနေတာတွေဟာ ဒီမိုကရေစီ အခြေခံသဘောတရား လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို ထိပါးလာနေတာဖြစ်တယ်လို့ လွတ်လပ်စွာ ထုတ်ဖော်ပြောခွင့် လှုပ်ရှားမှုအဖွဲ့ အသံကလည်း ဝေဖန်ပြောဆိုလိုက်ပါတယ်။ မဆုမွန် ဆက်သွယ်မေးမြန်းတင်ပြထားပါတယ်။
ဒီနှစ်မြန်မာနှစ်သစ်ကူး အတာရေသဘင်ပွဲတော်ကာလမှာ မြန်မာနိုင်ငံရဲ့ ခေတ်အခြေအနေ၊ ပြည်သူလူထု လက်တွေ့ရင်ဆိုင်နေရတဲ့ အခက်အခဲတွေနဲ့ လက်ရှိနိုင်ငံရေး ငြိမ်းချမ်းရေး စီးပွားရေး လူမှုရေး အခင်းအကျင်းတွေကို ကျောင်းသားလူငယ်တွေ စုဖွဲ့ထားတဲ့ သံချပ်အဖွဲ့တချို့ဟာ စိစစ်ရေး ဆင်ဆာမတင်ပဲ သံချပ်တွေနဲ့ ဖျော်ဖြေ တင်ဆက်ခဲ့ကြပါတယ်။ ဒါကြောင့် သင်္ကြန်အကြိုနေ့ကစလို့ သံချပ်အဖွဲ့တွေကို ရေကစားမဏ္ဍပ်တွေ၊ ဆုပေးမဏ္ဍပ်တွေမှာ ဖျော်ဖြေခွင့်မပေးပဲ အုပ်ချုပ်ရေး အာဏာပိုင်တွေဘက်က လိုက်လံ ပိတ်ပင်ခဲ့သလို ဒေသတချို့မှာတော့ လူအင်အားသုံး တားဆီးတာကို ကြုံခဲ့ရပါတယ်။
သင်္ကြန်အကျနေ့မှာတော့ ဒီသံချပ်အဖွဲ့တွေထဲက ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ကလူငယ်တချို့ကို သံချပ်တွေဟာ တပ်မတော်ကို ဂုဏ်သိက္ခာ ထိခိုက်စေခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ၆၆ ဃ ပုဒ်မနဲ့ ရန်ကုန်တိုင်း စစ်ဌာနချုပ်က တပ်အရာရှိတဦးက တရားစွဲဆိုခဲ့သလို နောက်ထပ် ထပ်ပြီးတော့ ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ ဦးဆောင်သူ ၅ ဦးကို သံချပ်ထဲမှာ တပ်မတော်ကို ထိခိုက်စေတဲ့ အသုံးအနှုန်းတွေ ပါဝင်ခဲ့တဲ့အတွက် ရန်ကုန်တိုင်း စစ်ဌာနချုပ်က ဒုတိယ ဗိုလ်မှူးကြီး သန်းထွန်းမြင့်က တရားလိုပြုလုပ်ပြီး ပုဒ်မ ၅၀၅(က) အကြည်ညိုပျက်စေမှုနဲ့ ထပ်မံတရားစွဲဆိုပြီးတဲ့နောက် အခုဆိုရင်တော့ အင်းစိန်အကျဉ်းထောင်မှာ ဖမ်းဆီးချုပ်နှောင်ထားလိုက်ပြီဖြစ်ပါတယ်။
နောက်ထပ်ထပ်ပြီးတော့ ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင်(၇)ဦးကို ၆၆ ဃပုဒ်မ နဲ့ ရန်ကုန်တိုင်းစစ်ဌာနချုပ်က ဒုဗိုလ်မှူးကြီး မျိုးမင်းဦးကနေ ထပ်မံတရားစွဲဆိုပြီး ပြီးခဲ့တဲ့သောကြာနေ့က သံချပ်အဖွဲ့ဝင် ကိုငြိမ်းချမ်းစိုးကို နေအိမ်မှာ လာရောက်ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။ အခုလက်ရှိ ဒေါင်းတို့မျိုးဆက်အဖွဲ့ဝင်တွေ ကို စွဲဆိုထားတဲ့ ပုဒ်မတွေနဲ့ အမှုရင်ဆိုင်နေရတဲ့အခြေအနေတွေကိုတော့ ကိုယ်တိုင် ၆၆ဃ ပုဒ်မနဲ့ တရားစွဲဆိုခံထားရပြီး နေအိမ်အထိ လာရောက်ရှာဖွေဖမ်းဆီးတာကို ခံနေရသူ မဆုရတနာမြင့်က ရှင်းပြပါတယ်။
“နောက်ဆုံးအခြေအနေကတော့ လောလောဆည် ၅ ယောက်ပေါ့နော်။ ကိုဇေယျာလွင် ၊ ကိုပိုင်ရဲသူ ၊ ဇော်လင်းထွဋ် ၊ ကိုပိုင်ဖြိုးမင်းနဲ့ မကေခိုင်ထွန်းကတော့ ပုဒ်မ ၅၀၅ (က)နဲ့ လက်ရှိ အင်းစိန်ထောင်မှာ သူတို့က လက်ရှိတရားရင်ဆိုင်နေတယ်ပေါ့။ ရုံးချိန်း ၂ ခေါက်ပြီးသွားပြီ သူတို့ရဲ့ နောက်လာမယ့် ရုံးချိန်က လာမယ့် ၁၃ ရက်နေ့ သူတို့ကို ရုံးချိန်းထပ်ချိန်းထားပါတယ်။ မရန်းကုန်းတရားရုံးမှာပါ။ သောကြာနေ့က ထပ်ပြီးတော့ တရားစွဲထားတယ်ပေါ့နော် ဗိုလ်တထောင်မြို့နယ် ရဲ့စခန်းမှာ လာပြီးတော့ အမှုဖွင့်တိုင်ကြားတဲ့အတွက် လက်ရှိအင်းစိန်ထောင်ထဲက ၅ ယောက်ရယ်၊ ကျမ မဆုရတနာမြင့်ရယ် ၊ ကိုငြိမ်းချမ်းစိုးရယ် အဲဒီ ၇ ယောက်ကို ၆၆ဃ နဲ့ ရန်ကုန်တိုင်းစစ်ဌာနချုပ်က ဒုဗိုလ်မှူးကြီး မျိုးမင်းဦးကလာပြီးတော့ အမှုဖွင့်ထားလို့ပါဆိုပြီး ညီမအိမ်မှာလည်း ညီမကို သွားရှာတယ်။ ပြီးတော့ ကိုငြိမ်းချမ်းစိုးအိမ်ကိုလည်း အဲဒီနေ့ညကပဲ သွားတယ်ပေါ့နော်။ ကိုငြိမ်းချမ်းစိုးက အိမ်မှာရှိနေတဲ့အတွက်၊ ကိုငြိမ်းချမ်းစိုးအိမ်က နာရေးလည်းဖြစ်နေတော့ အဲဒီမှာ သူရှိနေတဲ့အတွက် သူ့ကို ခေါ်သွားတယ်ပေါ့နေ်ာ။ နောက်နေ့မှ လာမယ်ဆိုတာတောင်မရဘူး အတင်းပဲ၊ စခန်းထဲလိုက်ခဲ့ပါ၊ ဖြေရှင်းပါဆိုပြီးတော့ ည ၁၁ နာရီသူ့ကို ဗိုလ်တထောင်ရဲစခန်းကို ခေါ်သွားတယ်လို့ သိရတယ်။”
အခုလိုမျိုး သင်္ကြန်သံချပ်ထိုးခဲ့တဲ့အတွက် ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ကို ပုဒ်မ ၅၀၅ (က) ဆက်သွယ်ရေးပုဒ်မ ၆၆ဃ တို့နဲ့ တရားစွဲဆိုတာ ဖမ်းဆီးထိန်းသိမ်းမှုတွေ လုပ်နေတာဟာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအခြေခံသဘောတရား လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို ထိပါးလာနေတာဖြစ်တယ်လို့ လွတ်လပ်စွာထုတ်ဖော်ပြောခွင့်လှုပ်ရှားမှုအဖွဲ့ အသံက ဧပြီလ ၁၉ရက်နေ့ နေ့စွဲနဲ့ ကြေညာချက်ထုတ်ပါတယ်။
တပ်မတော်ဘက်က သံချပ်အဖွဲ့တွေကို တရားစွဲဆိုမှုတွေကို အမြန်ဆုံးရုပ်ပေးဖို့နဲ့ ဖမ်းဆီးထိန်းသိမ်းခံ သံချပ်အဖွဲ့ဝင်တွေကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ကို လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်လှုပ်ရှားမှု အသံအဖွဲ့က တောင်းဆိုတဲ့အကြောင်း အသံအဖွဲ့က ကိုရဲဝေဖြိုးအောင်က ပြောပါတယ်။
“အရေးကြီးဆုံးကတော့ အဖမ်းခံထားရတဲ့လူတွေအကုန်လုံးကို ပြန်လွှတ်ပေးရမယ်၊ ဝေဖန်သူတွေကို ဖမ်းဆီး တရားစွဲဆိုနေတာတွေကို ရပ်တန့်ဖို့လိုပါတယ်။ ရပ်တန့်ဖို့လိုတဲ့နေရာမှာ တပ်မတော် တခုတည်းတင်မဟုတ်ဘူး ၊ လက်ရှိအချိန်မှာ အစိုးရလည်း တရားစွဲထားတာရှိတယ်။ ဒီလိုမျိုးတရားစွဲထားတာတွေကို ထပ်ပြီးတော့ တရားမစွဲအောင် ရပ်တန့်ဖို့လိုပါတယ်။ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို အနှောက်အယှက်ပေးတဲ့ ဥပဒေပုဒ်မ တွေကို ဖျက်သိမ်းဖို့ပါ။”
အရင်အာဏာရှင်တွေခေတ်က ပြည်သူတွေရဲ့ လက်တွေ့ဘဝတွေကို ထင်ဟပ်တဲ့ သင်္ကြန်သံချပ်ထိုးခွင့် ပိတ်ပင်ခံခဲ့ရတာတွေ ရှိခဲ့ပေမဲ့ အဲ့ဒီ့ခေတ်ကတည်းက ကျောင်းသားလူငယ် သံချပ်အဖွဲ့တွေဟာ ဆင်ဆာမတင်ခဲ့ကြသလို အခု အရပ်သားအစိုးရလက်ထက်မှာလည်း ယနေ့ခေတ်အခြေအနေကို လွတ်လပ်စွာ ဖော်ထုတ်တင်ပြကြဖို့ နဲ့ သက်ဆိုင်သူတွေ ဆင်ခြင်တုံတရားရှိစေဖို့ မီးမောင်းထိုးထောက်ပြတဲ့ အနေနဲ့ ဆင်ဆာမတင်ပဲ သံချပ်ထိုးခဲ့ကြတယ်လို့ ဒေါင်းတို့မျိုးဆက်က မဆုရတနာမြင့်ကပြောပါတယ်။
“သံချက်ထိုးတဲ့နေရာမှာ ခေတ်စနစ်အရ တိုင်းပြည်ပေါ်မှာ ဖြစ်စေချင်တာတွေ၊ အစိုးရကို ကောင်းစေချင်တာတွေ ၊ တပ်ကို ပြုပြင်စေချင်တာတေ၊ွ အစိုးရကို ပြုပြင်စေချင်တာတွေ အကုန်ပေ့ါ။ နောက်ပြည်သူတွေရဲ့ဘဝတွေ ငြိမ်းချမ်းရေး အကြောင်းတွေ ၊ပညာရေးအကြောင်းတွေ အကုန် ။ ညီမတို့ ဒါတွေကို သံချပ်တွေအဖြစ် သင်္ကြန်မှာပေါ့နော် ဖျော်ဖြေတယ်ပေါ့ အဲဒီတော့ ဒါက ညီမတို့က ကိုယ်ယုံကြည်လို့လုပ်တဲ့ အရာဖြစ်တယ်။ ပြီးတော့ ညီမတို့ ဒီမိုကရေစီရဲ့ အခြေခံဖြစ်တဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ညီမတို့အားလုံးက ယုံကြည်တယ်။ ဒီလိုမျိုးပြောရတာလည်း ညီမတို့က ပြုပြင်စေချင်လို့ ကောင်းစေချင်လို့ ပြောတဲ့အပိုင်းပေါ့နော် အဲဒါကို အရှက်ခွဲပါတယ်၊ ဂုဏ်သိက္ခာ ညိုးနွမ်းစေပါတယ်၊ ဆိုပြီးတော့ ပုဒ်မတွေကလည်း အကြီးကြီးတွေပေါ့နော်၊ ဒါတွေနဲ့ ညီမတို့ကို နိုင်ငံရေးအကျဉ်းသားတွေဖြစ်အောင် တွန်းပို့တာမျိုးပေါ့နော် ညီမအနေနဲ့ ဒါကို ပြောရမယ်ဆိုရင်တော့ မဖြစ်သင့်ဘူးပေါ့နော်၊ အကုန်လုံးက တိုင်းပြည်ရဲ့ဒီမိုကရေစီအပြောင်းအလဲတွေ ပညာရေးစနစ်အပြောင်းအလဲတွေမှာ အားလုံးပါခဲ့ကြတဲ့သူတွေ၊ ပေးဆပ်ခဲ့သူတွေ ကြီးပဲ။”
အခုလို စစ်တပ်ခေါင်းဆောင်တွေကို သင်္ကြန်သံချပ်နဲ့ သရော်လှောင်ပြောင်ခဲ့လို့ ရန်ကုန်တိုင်းစစ်ဌာနချုပ်ကနေ ဆက်သွယ်ရေးပုဒ်မ ၆၆(ဃ)နဲ့ တရားစွဲဆိုခံထားရတဲ့ ဒေါင်းမျိုးဆက် သံချပ်အဖွဲ့ဝင်တွေရဲ့ အမှုကို ရုပ်သိမ်းပေးဖို့ HRW လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ကလည်း ကြေညာချက် ထုတ်ပြန်ပြီး မြန်မာအာဏာပိုင်တွေကို တောင်းဆိုထားပါတယ်။