သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ငြိမ်းချမ်းရေးလုပ်ငန်းစဉ် နိုင်ငံတော်အတိုင်ပင်ခံ စိုးရိမ်


မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ကြီးမားတဲ့အခက်အခဲတွေ၊ စိန်ခေါ်ချက်တွေ ရှိနေတာကို အထူး သတိပြုမိတယ်ဆိုတာကို ဒေါ်အောင်ဆန်းစုကြည်က အသိအမှတ်ပြု ပြောဆိုပါတယ်။ ဒီအချက်ကို တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ ဘာသာရေးခေါင်းဆောင်တွေကလည်း လက်ခံသဘောတူပြီး ငြိမ်းချမ်းရေးအတွက် အားလုံးမှာတာဝန်ရှိကြောင်းနဲ့ ထောက်ခံဆောင်ရွက်သွားမှာဖြစ်ကြောင်း ပြောဆိုပါတယ်။ နေပြည်တော်မှာ ဒီကနေ့ စတင်ကျင်းပတဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဆိုင်ရာ အခမ်းအနားအတွင်း အဲဒီလိုပြောသွားကြတာပါ။ ဒီသတင်းကိုတော့ ဗီအိုအေမြန်မာပိုင်းသတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

မြန်မာနိုင်ငံတွင် အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေး ထွန်းကားရန်အတွက် ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ဒီကနေ့ နိုဝင်ဘာလ ၂၁ရက်နေ့ကနေစတင်ပြီး နေပြည်တော်မှာ ၂ရက်ကြာကျင်းပနေတာဖြစ်ပါတယ်။

ဒီဆွေးနွေးပွဲအဖွင့်မိန့်ခွန်းမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ကြီးမားတဲ့အခက်အခဲတွေ၊ စိန်ခေါ်ချက်တွေရှိနေတာကို အသိအမှတ်ပြုပြောကြားသွားပါတယ်။

“စိုးရိမ်ဖွယ် အခြေအနေတွေ ရှိနေဆဲပါ။ အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေအကြား တိုက်ပွဲတွေ ဆက်ဖြစ်နေသလို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကြားမှာလည်း တိုက်ပွဲတွေက ဆက်ဖြစ်နေဆဲပါ။ ဒီအခြေအနေတွေအပေါ် ကျမတို့ မပြတ် သတိပြုထားပြီး ဆွေးနွေးပြောဆိုတာ၊ စေ့စပ်ညှိနှိုင်းတာ၊ အပြန်အလှန် ယုံကြည်မှု နားလည်မှုတို့ကို တည်ဆောက်ရေး ခိုင်မာတဲ့သန္နိဋ္ဌာန်၊ ကြိုးပမ်းအားထုတ်မှုတို့ကနေတဆင့် ဖြေရှင်းဖို့ ရည်ရွယ်ထားပါတယ်။”

ရခိုင်ပြည်နယ် အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက်လည်း ဆောင်ရွက်နေတဲ့အကြောင်းနဲ့ ဒီအတွက် တရားဥပဒေစိုးမိုးရေးနဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို ဦးစားပေးဆောင်ရွက်နေကြောင်း ထည့်သွင်း ပြောကြားပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေထဲက ကရင်အမျိုးသားအစည်းအရုံး KNU ဥက္ကဌ ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုးကလည်း ငြိမ်းချမ်းရေးရရှိဖို့အတွက် အခက်အခဲတွေ စိန်ခေါ်မှုတွေရှိနေတာကို လက်ခံပြီး အားလုံးပါဝင်ဖို့ အရေးကြီးကြောင်း ပြောဆိုပါတယ်။

“လူမျိုးရေးအရဖြစ်စေ၊ ဘာသာတရားအရဖြစ်စေ မည်ကဲ့သို့ပင် ကွဲနေပါစေ။ ကျနော်တို့နိုင်ငံရဲ့ ငြိမ်းချမ်းရေးအတွက် အားလုံးမှာ တာဝန်ရှိကြပါတယ်။ တိုင်းရင်းသားပြည်သူတရပ်လုံးက လိုလားတဲ့ ဒီမိုကရေစီအရေးသည်လည်းကောင်း၊ ဖက်ဒရယ်အရေးသည်လည်းကောင်း ငြိမ်းချမ်းမှုမရှိဘဲနဲ့ ဖြစ်နိုင်မှာ မဟုတ်ဘူး။ အားလုံး သတိပြုကြရမှာ ဖြစ်ကြောင်း ပြောကြားရင်း နိဂုံးချုပ်ပါတယ်။ ”

မြန်မာနိုင်ငံ ကက်သလစ်ဂိုဏ်းချုပ်ဆရာတော် ကာဒီနယ်ချားလ်ဘိုကလည်း မြန်မာနိုင်ငံဟာ ကမ္ဘာအလယ်မှာ စိန်ခေါ်မှုများစွာနဲ့ ရင်ဆိုင်နေရပြီး အစိုးရရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် ထောက်ခံကြောင်း အခုလို ထည့်သွင်းပြောကြားပါတယ်။

“အရေးကြီးဆုံးကတော့ အများပြည်သူအားလုံးအတွက် ဖွံ့ဖြိုးတိုးတက်မှုနဲ့ သာယာဝပြောရေးကို ဆောက်တည်ပေးဖို့ ငြိမ်းချမ်းရေးကို ရှာဖွေရမှာဖြစ်ပါတယ်။ ကျနော်တို့ ဘာသာတရားပေါင်းစုံအနေနဲ့ ကမ္ဘာ့တိုင်းပြည်များရဲ့ ထင်မြင်သုံးသပ်ချက်များကွဲပြားကြပေမဲ့ နိုင်ငံတော်အစိုးရရဲ့ ငြိမ်းချမ်းရေးကြိုးပမ်းမှုများကို အပြည့်အ၀ ထောက်ခံအားပေးပါတယ်။ ”

ရေရှည်တည်တံခိုင်မြဲတဲ့ ငြိမ်းချမ်းရေးရရှိဖို့ အမျိုးသမီးများကို ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အဆင့်အသီးသီးမှာ ပါဝင်ဖို့ လိုအပ်ကြောင်းလည်း ထောက်ပြပါတယ်။

နေပြည်တော်မှာ ကျင်းပတဲ့ ဘာသာပေါင်းစုံငြိမ်းချမ်းရေးဆွေးနွေးပွဲကို ဘာသာရေးခေါင်းဆောင်တွေ၊ နိုင်ငံခေါင်းဆောင်တွေ၊ တပ်မတော်ဒုတိယကာကွယ်ရေးဦးစီးချုပ် ဒုဗိုလ်ချုပ်မှုးကြီး စိုးဝင်း၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်နဲ့အတူ နိုင်ငံတကာသံတမန်တွေ၊ ကုလသမဂ္ဂကိုယ်စားလှယ်တွေနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းက ကိုယ်စားလှယ်တွေပါဝင်တက်ရောက်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG