သုံးရလွယ်ကူစေသည့် Link များ

ရိုဟင်ဂျာပြဿ နာကြောင့် မြန်မာ-ဘင်္ဂလားဒေ့ရှ် ဆက်ဆံရေး ထိခိုက်ဖွယ်မရှိ


မောင်တောဘက်မှ ထွက်ပြေးလာတဲ့ ရိုဟင်ဂျာဒုက္ခသည်များ

မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်၂ နိုင်ငံကြားမှာ ရိုဟင်ဂျာအရေးကိစ္စကြောင့် ဆက်ဆံရေးကို အကြီးအကျယ်ထိခိုက်နိုင်မှာ မဟုတ်ဘူးလို့ ပညာရှင်တွေက သုံးသပ်လိုက်ပါတယ်။ ဘင်္ဂလားဒေရှ့်ဖက်တရားမဝင်ရောက်နေကြသူတွေကို ပြန်ခေါ်ဖို့ ဘင်္ဂလားဒေရှ့်အစိုးရက မြန်မာသံအမတ်ကြီးကို ကြာသပတေးနေ့ကပဲ ဆင့်ခေါ်ပြောကြားခဲ့တာပါ။ ဒါပေမဲ့ ကုန်သွယ်ရေး၊ လုံခြုံရေး အကျိုးစီးပွားတွေကြောင့် ၂ ဖက်လုံးက ဆက်ဆံရေးကို အကြီးအကျယ် အထိခိုက်ခံမှာမဟုတ်ဘူးလို့ Washington မြို့တော်အခြေစိုက် နိုင်ငံခြားဆက်ဆံရေးကောင်စီက အရှေ့တောင်အာရှဆိုင်ရာ အကြီးတန်းသုတေသီ တဦးက VOA မြန်မာပိုင်းကို ပြောပါတယ်။ အပြည့်အစုံကို မစုမြတ်မွန်က ဆက်ပြီးတင်ပြပါမယ်။

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်ထဲက နယ်စပ်လုံခြုံရေးစခန်းတွေ တိုက်ခိုက်ခံခဲ့ရပြီးနောက် လုံခြုံရေးတပ်ဖွဲ့တွေရဲ့ နယ်မြေရှင်းလင်းရေး ဆောင်ရွက်မှုတွေကြောင့် ဘင်္ဂဘားဒေရှ့်ဖက်ကိုအလုံးအရင်းနဲ့ ရိုဟင်ဂျာမူဆလင်တွေ လှိမ့်ဝင်လာနေတာကို စိုးရိမ်တယ်လို့ ဘင်္ဂလားဒေရှ့်အစိုးရက မြန်မာအစိုးရကို ဒုတိယအကြိမ်ပြောကြားခဲ့ပါတယ်။ ဘင်္ဂလားဒေရှ့်ဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမျိုးမြင့်သန်းကို ဘင်္ဂလားဒေရှ့်နိုင်ငံခြားရေးရုံး ၂ နိုင်ငံဆိုင်ရာ ကောင်စစ်ဝန်ဌာနရဲ့ အတွင်းဝင် Kamrul Ahsan က ကြာသပတေးနေ့က ဒုတိယအကြိမ်ဆင့်ခေါ်ပြောကြားခဲ့တာဖြစ်ပါတယ်။ ပထမတကြိမ်ကတော့ နိုဝင်ဘာလတုန်းက ဖြစ်ပါတယ်။ အောက်တိုဘာလ ၉ ရက်နေ့ထဲကစလို့ ဘင်္ဂလားဒေရှ့်နိုင်ငံဆီလာရောက် ခိုလှုံနေကြတဲ့ ရိုဟင်ဂျာတွေ ၅ သောင်းလောက်ရှိနေပြီး အဲဒီသူတွေအပါအဝင် ဘင်္ဂလားဒေရှ့်ဖက်မှာ တရားမဝင်ရောက်နေတဲ့ မြန်မာနိုင်ငံဖက်ကသူတွေကို စောစီးစွာပြန်ခေါ်ရေးကိုလည်း မြန်မာသံအမတ်ကြီးကို တိုက်တွန်းခဲ့ပါတယ်။

မြန်မာရေတပ်ရဲ့ ဒီဇင်ဘာ ၂၇ ရက်နေ့က ပြစ်ခတ်မှုကြောင့် ဘင်္ဂလားဒေရှ့် ငါးဖမ်းလှေပေါ်က တံငါသည် ၄ ယောက် အပြင်းအထန်ဒဏ်ရာရခဲ့တယ်လို့ဆိုတဲ့ ကိစ္စကိုလည်း ကြာသပတေးနေ့က မြန်မာသံအမတ်ကြီးကို ခေါ်ယူတွေ့ဆုံမှုအတွင်း ကန့်ကွက်ခဲ့ပါတယ်။ မြန်မာနဲ့ ဘင်္ဂလားဒေရှ့်ကြား အရင်ကလည်း ရိုဟင်ဂျာပြဿနာ၊ ရေနယ်နိမိတ်ပြဿနာ၊ နတ်မြစ်နယ်ခြားလိုင်းသတ်မှတ်မှု ပြဿနာတွေရှိခဲ့ပါတယ်။ ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ NLD အစိုးရ တက်လာခဲ့ပြီးနောက် ၂ နိုင်ငံဆက်ဆံရေး တိုးတက်စေဖို့ အပြန်အလှန် ဆောင်ရွက်မှုတွေ ရှိခဲ့ပါတယ်။ အခုတခါ ဘင်္ဂလားဒေရှ့်ဖက်ကို ထွက်ပြေးနေတဲ့ မွတ်ဆလင်တွေကိစ္စကြောင့် ၂ နိုင်ငံကြား ဆက်ဆံရေးပြန်ထိခိုက်မလားလို့ မေးခွန်းထုတ်စရာဖြစ်လာပါတယ်။

Washington မြို့တော်အခြေစိုက် နိုင်င်ငံခြားဆက်ဆံရေးကောင်စီ (Council on Foreign Relations) က အရှေ့တောင်အာရှဆိုင်ရာ အကြီးတန်းသုတေသီ Joshua Kurlantzick ကတော့ ကြီးကြီးမားမားထိခိုက်မှာ မဟုတ်ဘူးလို့ ခုလို သုံးသပ်ပါတယ်။

“၂ နိုင်ငံဆက်ဆံရေးကို ကြီးကြီးမားမားထိခိုက်လိမ့်မယ်လို့ ကျွန်တော်မထင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ဒေါ်အောင်ဆန်းစုကြည်အစိုးရက နယ်ခြားစောင့်စခန်းတွေ တိုက်ခိုက်ခံရမှုနဲ့ပါတ်သက်လို့ ဘင်္ဂလားဒေရှ့်အပေါ် အပြစ်မတင်သလို၊ လက်နက်ကိုင် ရိုဟင်ဂျာတွေ ရှိနေနိုင်တဲ့ကိစ္စအတွက်လည်း ဘင်္ဂလားဒေရှ့်ကို အပြစ်တင်မှာ မဟုတ်ပါဘူး။ ဘင်္ဂလားဒေရှ့်အစိုးရဖက်ကလည်း ရိုဟင်ဂျာတွေအပေါ် အဲလောက်ကြီး စာနာ သနား ဂရုစိုက်နေတာ မဟုတ်ပါဘူး။ ဒီပြဿနာက ထိန်းမနိုင်သိမ်းမရဖြစ်နေပေမယ့် ၂ နိုင်ငံလုံးက အပြန်အလှန်ဆက်ဆံရေး ကောင်းမွန်ဖို့ကို လိုလားကြပါတယ်။”

ဘင်္ဂလားဒေရှ့်နဲ့မြန်မာကြား အရင်ကရှိခဲ့တဲ့ ပြဿနာတွေထဲမှာ ရေပိုင်နက် နယ်နိမိတ်ပြဿနာတွေက ဖြေရှင်းပြီးသွားပေမယ့် ဘင်္ဂလားဒေရှ့်ဖက်မှာ ရောက်နေကြတဲ့ မွတ်ဆလင်တွေ မြန်မာဖက် ပြန်ပို့ရေးကိစ္စက ခုထိမပြေလည်သေးဘူးလို့ တောင်အာရှရေးရာ ကျွမ်းကျင်သူတွေက ထောက်ပြနေပါတယ်။

မေး။ ။ အခုလည်း ရခိုင်ပြည်နယ်ဖက်က မွတ်ဆလင်တွေ သူတို့နိုင်ငံဖက်မလာအောင် ပြဿနာအရင်းအမြစ်ကို အမြန်ဆုံးရှင်းပါလို့ ဘင်္ဂဘားဒေရှ့်အစိုးရက မြန်မာအစိုးရကို ထပ်ပြောနေတဲ့အတွက် ဒါက ၂ နိုင်ငံကြား ပြဿနာလို့ မြင်လို့မရပါဘူးလား။

ဖြေ။ ။ ဒါကတော့ ပြဿနာဖြစ်နေပါတယ်။ ဘာကြောင့်လဲဆိုတော့ ကိစ္စတွေ အများကြီးနဲ့ပါတ်သက်နေတဲ့ ခက်ခဲတဲ့ပြဿနာတခုဖြစ်လို့ပါတယ်။ အခွင့်အရေးဆုံးရှုံးနေတဲ့ကိစ္စ၊ အရပ်သားအုပ်ချုပ်မှုအောက်မှာ စစ်တပ်ကရှိမနေတဲ့ကိစ္စ၊ နယ်စပ်ကိစ္စ၊ ရိုဟင်ဂျာတွေကြား အမျက်ဒေါသထွက်နေကြတဲ့ကိစ္စ၊ ဒါတွေအားလုံးနဲ့ ပါတ်သက်နေပါတယ်။ ဒါပေမဲ့ ခြုံကြည့်ရင် ဘင်္ဂလားဒေရှ့်အစိုးရက ဒေါ်အောင်ဆန်းစုကြည်နဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးကို ရချင်ပါတယ်။ နောက်ဘင်္ဂလားဒေရှ့်နိုင်ငံမှာ ရိုဟင်ဂျာတွေဖက်လိုက်မယ့် ကိစ္စမျိုးမှန်သမျှကို လူတွေက သိပ်ထောက်ခံကြတာ မဟုတ်ပါဘူး။”

ပထဝီအနေအထားအရ မြန်မာနိုင်ငံဟာ ဘင်္ဂလားဒေရှ့်အတွက် တရုတ်နဲ့ အရှေ့တောင်အာရှနိုင်ငံတွေဆီ လမ်းဖွင့်ပေးမယ့် တံခါးပေါက်လိုဖြစ်နေတဲ့အတွက်ရော သဘာဝဓါတ်ငွေ့လို သယံဇာတတွေ ရရှိနိုင်မယ့်အလားအလာရှိတာကြောင့်ပါ ဘင်္ဂလားဒေရှ့်က မြန်မာနိုင်ငံနဲ့ ဆက်ဆံရေးကောင်းမွန်ဖို့ လိုလားပုံရပါတယ်။

အလားတူ မြန်မာဖက်အတွက်လည်း ဘင်္ဂလားဒေရှ့်ဟာ အရေးကြီးတယ်လို့ Joshua Kurlantzick ကသုံးသပ်ပါတယ်။

“သိပ်ကို အရေးကြီးပါတယ်။ နိုင်ငံရေးအရရော၊ ကုန်သွယ်ရေးအရရော။ အရေးကြီးတဲ့ စွမ်းအင်ဆိုင်ရာ ကိစ္စကြောင့်ရော၊ လုံခြုံရေးကိစ္စကြောင့်ရော ဘင်္ဂလားဒေရှ့်ဟာ မြန်မာရဲ့ အရေးအကြီးဆုံးနိုင်ငံတွေထဲက တခုဖြစ်ပါတယ်။”

မေး။ ။ ဒီတော့ မြန်မာနဲ့ ဘင်္ဂလားဒေရှ့်ကြား ဆက်ပြီး ဆက်ဆံရေး ကောင်းမွန်နေဖို့အတွက် ရိုဟင်ဂျာကိစ္စကို ဘယ်လို ကိုင်တွယ်သင့်တယ်လို့ ထင်ပါလဲ။

“ရခိုင်ပြည်နယ်မြောက်ပိုင်းမှာတင်မဟုတ်ဘဲ တခြားဒေသတွေမှာ မြန်မာစစ်တပ်က တရားဥပဒေမဲ့ဆောင်ရွက်နေတာတွေ ရပ်သင့်ပါတယ်။ အဲဒီမှာလုံခြုံရေးဆောင်ရွက်နေသူတွေအပေါ် အရပ်သားအုပ်ချုပ်မှုက ထိန်းချုပ်နိုင်အောင် ဒေါ်အောင်ဆန်းစုကြည်လုပ်သင့်ပါတယ်။ နယ်ခြားစောင့်တပ်တွေအပေါ် တိုက်ခိုက်တာဘယ်သူတွေလဲ၊ ဘယ်ကလာတဲ့ အဖွဲ့လဲ၊ ဘယ်သူတွေနဲ့ပါတ်သက်နေသလဲ ဘယ်လောက်ကြီးကျယ်တဲ့အဖွဲ့က တိုက်တာလဲဆိုတာကို ဖော်ထုတ်တဲ့နေရာမှာ ထင်သာမြင်သာရှိအောင်လုပ်ဖို့လိုပါတယ်။ အဲဒါမှ အားလုံးကို ခြုံပြီး အပြစ်တင်တာမျိုး မလုပ်မှာပါ။”

Washington မြို့တော်အခြေစိုက် နိုင်ငံခြားဆက်ဆံရေးကောင်စီ (Council on Foreign Relations) က အရှေ့တောင်အာရှဆိုင်ရာ အကြီးတန်းသုတေသီ Joshua Kurlantzick က VOA မြန်မာပိုင်းကို ပြောကြားခဲ့တာဖြစ်ပါတယ်။

XS
SM
MD
LG