သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြည်တွင်းပုဂ္ဂလိကဘဏ်တွေ ပမာဏများပြားတဲ့ငွေသား ပြန်ထုတ်ပေးနေ


ကမ္ဘောဇဘဏ်မှာ ငွေရေတွက်နေတဲ့မြင်ကွင်း။ (ယခင်မှတ်တမ်းဓာတ်ပုံ/ရိုက်တားစ်)
ကမ္ဘောဇဘဏ်မှာ ငွေရေတွက်နေတဲ့မြင်ကွင်း။ (ယခင်မှတ်တမ်းဓာတ်ပုံ/ရိုက်တားစ်)

ပြည်တွင်းပုဂ္ဂလိကဘဏ်တွေမှာ တနင်္လာနေ့ကစပြီး ငွေသားကို ထုတ်ယူချင်သလောက် ပြန်ထုတ်ပေးနေပြီဆိုပေမဲ့ ဘဏ်ခွဲအားလုံးမှာတော့ တပြေးညီထုတ်ပေးနေတာတော့မဟုတ်သေးဘူးလို့ ကိုယ်တိုင် ကြုံတွေ့နေရသူတွေက ပြောပါတယ်။ ငွေထုတ်စက်တွေမှာတော့ အရင်ကထက်စာရင် အကန့်အသတ်ရှိနေတုန်းဖြစ်သလို တနေ့ကို ၃ သိန်းလောက်ပဲ သတ်မှတ်ထားတာမျိုးလည်းရှိနေပါတယ်။ ရန်ကုန်က သတင်းပေးပို့ထားပါတယ်။

ရန်ကုန်၊ မန္တလေးအပါအဝင် မြို့ကြီးအများစုက ပုဂ္ဂလိကဘဏ်ခွဲတွေမှာ ငွေသားကို အရင်ရက်တွေလို ကျပ်၁၀ သိန်း၊ သိန်း ၂၀ ဆိုပြီး ကန့်သတ် ထုတ်ပေးတာမျိုးမဟုတ်တော့ဘဲ ငွေစာရင်းတခုကို ကျပ်သိန်း ၂၀၀ အထိ ပြန်ထုတ်ပေးနေကြောင်း ဒီနေ့ ကိုယ်တိုင်ငွေထုတ်လာသူတချို့က ဗွီအိုအေကို ပြောပါတယ်။ ရိုးရိုးငွေစာရင်းဖွင့်ထားသူက တရက်ကို ကျပ်သိန်း ၁၀၀ ထုတ်လို့ရပြီး Special Account လို့ခေါ်တဲ့ ငွေစာရင်းအသစ်တွေကတော့ အများဆုံး သိန်း ၂၀၀ အထိ ရရှိနေကြောင်း တချို့ကပြောပါတယ်။ ဒါပေမဲ့ ဘဏ်ခွဲတိုင်းတော့ ဒီပမာဏအတိုင်း အတိအကျ ရသေးတာမဟုတ်ကြောင်း ရန်ကုန်မှာ ငွေထုတ်သူတချို့က ဆိုပါတယ်။

ပုဂ္ဂလိကဘဏ်တခုရဲ့ ဝန်ဆောင်မှုဌာနဘက်ကတော့ သက်ဆိုင်ရာဘဏ်ခွဲတွေမှာ ထုတ်နိုင်မယ့်ပမာဏကို သူတို့ဘဏ်ခွဲတွေကို အရင်ဆက်သွယ် မေးမြန်းနိုင်ကြောင်း အခုလို ပြောပါတယ်။

"လက်ရှိက ငွေထုတ်တာနဲ့ပတ်သက်ပြီးတော့ ဘဏ်ခွဲတွေမှာ လုပ်ဆောင်မယ်ဆိုရင်တော့ သွားထုတ်တဲ့ဘဏ်ခွဲနဲ့ တချက် ဆက်သွယ်ပြီး လုပ်ဆောင်လို့တော့ ရပါတယ်။ ဒါမှမဟုတ် ATM စက်လေးမှာ ကတ်ကလေးနဲ့ ထုတ်မယ်ဆိုရင်တော့ ညီမလေးတို့က ရိုးရိုး စမတ်ကတ်ပေါ့နော်၊ စမတ်ကတ်က တပတ်ကို ၃ သိန်း ထုတ်လို့ရပါတယ်။ Other debit ကတ်တွေအနေနဲ့ ဆိုရင်တော့ တရက်ကို ၃ သိန်းနဲ့ တပတ်ကို ၁၀ သိန်းထုတ်လို့ရတယ်ရှင့်။"

Special Account ငွေစာရင်း ဖွင့်ထားပေမဲ့လည်း ကျပ်သိန်း ၂၀၀ ထက်ကျော်ပြီးထုတ်မယ်ဆိုရင်တော့ ဘဏ်ကို အထောက်အထားနဲ့ တင်ပြရတယ်လို့ တချို့ကပြောပါတယ်။ ငွေလာထုတ်သူတွေကတော့ ပြီးခဲ့တဲ့ရက်ပိုင်းလိုပဲ အများအပြားတန်းစီ၊ ထုတ်ယူနေကြောင်း စစ်ကိုင်းမြို့၊ ကမ္ဘောဇဘဏ်ခွဲ (၂) မှာ တနင်္လာနေ့ကငွေထုတ်ခဲ့သူတဦးကလည်း ဗွီအိုအေကို ပြောပါတယ်။

"အခု Special Account ဆိုရင် ကမ္ဘောဇဘဏ်ခွဲ (၂) ကနေ သိန်း ၂၀၀ အထိ ရတယ်လို့ ကျနော်တို့ မနက်ကတွေ့ခဲ့ရပါတယ်။ ဘဏ် (၁) ကတော့ ထုတ်လို့မရဘူး။ ဘဏ် (၂) ကပဲ ထုတ်ခဲ့ရတာပေါ့နော်၊ ဘယ်လောက်ထုတ်ထုတ် ထုတ်လို့ရတယ်ပြောတယ်။ ဒီနေ့ကတော့ အများကြီးပဲ စာအုပ်နဲ့ပဲထုတ်ပေးတာပေါ့နော်။ ကတ်တွေနဲ့တော့ ထုတ်လို့မရသေးဘူး။ ATM တွေမှာ ကတ်နဲ့ထုတ်လို့ မရသေးဘူး။ စာအုပ်နဲ့ ရိုးရိုးစာအုပ်ရတယ်၊ ရိုးရိုးအကောင့်ရတယ်၊ Special Account ရတယ်။ ပိုက်ဆံအခြေအနေကတော့ စက္ကူအနံ့တောင် မပျောက်သေး၊ အခုမှရိုက်ထုတ်ထားတဲ့ ပုံစံကြီးပေါ့။ ခုလေးတင်မှ စက်ရုံက၊ ဝါဇီကထွက်လာသလိုလို ဘာလိုလိုနဲ့ အသစ်ကို ကျပ်ချွတ်တွေချည်းပဲ။"

ATM စက်တွေမှာတော့ မြို့ပေါ်က စက်တချို့ကလွဲပြီး ကျန်တဲ့နေရာတွေမှာ ထုတ်လို့မရသေးဘူးလို့ ဆိုပါတယ်။ ဇွန်လထဲမှာ ငွေလဲလုပ်ငန်း လုပ်ကိုင်သူတွေ၊ ရွှေရောင်းဝယ်သူတွေနဲ့ ဘဏ်လုပ်ငန်းရှင်တချို့ကို စစ်ကောင်စီက ခေါ်ယူတွေ့ဆုံပြီး တချို့ကို အရေးယူထားတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာပြီးနောက် ဘဏ်တွေကနေ အခုလို ငွေ ထုတ်ယူသူတွေအတွက် လိုသလောက် ပြန်ထုတ်ပေးနေတာလို့ သုံးသပ်ချက်တွေ ရှိနေပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ်က တချို့ဘဏ်ခွဲတွေမှာ တရက်ကို ကျပ် ၁၀ သိန်းပဲ အများဆုံးထုတ်ပေးခဲ့တာပါ။ တချို့ဘဏ်ခွဲတွေကတော့ ငွေသားဆိုရင် လုံးဝထုတ်မပေးတဲ့အဆင့်ထိရောက်ခဲ့တယ်လို့ ကိုယ်တိုင် ကြုံတွေ့ရသူတွေက ပြောပါတယ်။

စိုးရိမ်တကြီး ငွေထုတ်သူတွေ များလာတဲ့အခါမှာတော့ ဘဏ်တွေဘက်က ဒီနေ့မှာ ငွေသားကို အထိုက်အလျှောက် ပြန်ပြီး ထုတ်ပေးလာတာတွေ့ကြရပေမဲ့ ငွေထုတ်ရာမှာကန့်သတ်ခဲ့တာ၊ အခုတော့ လိုသလောက်ပြန်ထုတ်ပေးနေတာ စတဲ့ အကြောင်းအရင်းကို ပုဂ္ဂလိက ဘဏ်တွေဘက်က သတင်းထုတ်ပြန်ခြင်းမရှိသေးပါဘူး။

Forum

XS
SM
MD
LG