သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရှမ်းမြောက်မှာ ပိတ်မိနေတဲ့ နိုင်ငံခြားသား ၂၇၀ ကျော် ထိုင်းကိုရောက်ရှိ


မြန်မာနိုင်ငံက လောက်ကိုင်မြို့မှာ တိုက်ပွဲတွေကြား ပိတ်မိနေခဲ့တဲ့ ထိုင်းငံသား ၄၁ ယောက်ကို ပထမဆုံးအကိမ် ကယ်ထုတ်ခဲ့ပုံ။ (ဓာတ်ပုံ-ထိုင်းတော်ဝင်တပ်ဖွဲ့၊ နိုဝင်ဘာ ၁၈။ ၂၀၂၃)
မြန်မာနိုင်ငံက လောက်ကိုင်မြို့မှာ တိုက်ပွဲတွေကြား ပိတ်မိနေခဲ့တဲ့ ထိုင်းငံသား ၄၁ ယောက်ကို ပထမဆုံးအကိမ် ကယ်ထုတ်ခဲ့ပုံ။ (ဓာတ်ပုံ-ထိုင်းတော်ဝင်တပ်ဖွဲ့၊ နိုဝင်ဘာ ၁၈။ ၂၀၂၃)

မြန်မာနိုင်ငံ ရှမ်းပြည်နယ်မြောက်ပိုင်းက တိုက်ပွဲတွေအတွင်း ပိတ်မိနေကြတဲ့ ထိုင်းနဲ့ တခြားနိုင်ငံသား စုစုပေါင်း ၂၇၃ ဦးဟာ နိုဝင်ဘာလ ၂၀ ရက်နေ့မှာ တရုတ်နိုင်ငံ ကူမင်းမြို့ကနေတဆင့် ထိုင်းနိုင်ငံကို ရောက်ရှိလာပြီဖြစ်ပါတယ်။ ဒီသတင်းကို ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ် ။

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ညီနောင်မဟာမိတ် အဖွဲ့ ၃ ဖွဲ့နဲ့ စစ်ကောင်စီတပ်တွေကြားကတိုက်ပွဲတွေအတွင်း ပိတ်မိနေကြတဲ့ ထိုင်းနဲ့ တခြားနိုင်ငံသား စုစုပေါင်း ၂၇၃ ဦးဟာ ဒီကနေ့ နံနက် နိုဝင်ဘာလ၂၀ ရက် မနက် (၃) နာရီက တရုတ်နိုင်ငံ ယူနမ်ပြည်နယ် ကူမင်းလေဆိပ်ကနေ ထိုင်းနိုင်ငံပိုင်လေကြောင်းကလေယာဉ် နှစ်စင်းနဲ့ ဘန်ကောက်မြို့ ဒိုမောင်းလေဆိပ်ကို ဆိုက်ရောက်လာပါပြီ။

ထိုင်း ၂၆၆ ဦး ကို လေဆိပ်ကနေ နောင်ကျော့ မြို့နယ် အုပ်ချုပ်ရေး ဌာနဝင်းအတွင်းကို ဘတ်စ်ကားတွေနဲ့ ခေါ်ဆောင်သွားပြီး အဲဒီမှာ ရဲတပ်ဖွဲ့နဲ့ လူဝင်မှုကြီးကြပ်ရေးရာရှိတွေက ရောက်လာသူတွေကို အသေးစိတ် စစ်ဆေးနေပါပြီ။ ရောက်လာသူတွေထဲက ဖိလစ်ပိုင်နိုင်ငံသား ၆ ဦးနဲ့ စင်ကာပူ နိုင်ငံသားတဦးကိုတော့ လေဆိပ် လဝက ရဲတပ်ဖွဲနဲ့ သက်ဆိုင်ရာသံရုံးတွေကလာရောက်ပြီး ဆက်လက် စစ်ဆေးနေကြောင်း ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။

အခုပြန်ရောက်လာကြတဲ့ ထိုင်းနိုင်ငံသားတွေဟာ ထိုင်းအခြေစိုက် Immanuel Foundation (အင်မင်နူရယ် ဖေါင်းဒေးရှင်း) လူကုန်ကူးမှု တိုက်ဖျက်ရေးနဲ့ လူမှုကယ်ဆယ်ရေးအဖွဲ့ကို သူတိုရဲ့အုပ်ထိန်းသူတွေက သတင်းပေးတိုင်ကြားခဲ့ကြတဲ့အတွက် သူတို့အဖွဲ့က ထိုင်းအစိုးရထံတင်ပြခဲ့တဲ့နောက် အခုလို ကယ်တင်နိုင်တာဖြစ်တဲ့အကြောင်း အဖွဲ့ဒုဥက္ကဋ္ဌ နိုင် ကြာယူရပ် ဂျင်မင်ခ (Mr. Jaruwat Jinmankha) က ထိုင်းဘာသာနဲ့ အခုလို ပြောပါတယ်။

“ထိုင်းနိုင်ငံသား ၂၆၆ ဦးကိုတော့ ကျနော်တို့ အောင်မြင်စွာကယ်တင်နိုင်ခဲ့ပါပြီ။ နောက်ထပ်ကျန်နေတဲ့ ထိုင်းနိုင်ငံသား ၃၀ ကျော်အတွက်လည်း ဆက်လက် ကယ်တင်ဖို့ ကျန်နေပါသေးတယ်။”

ထိုင်းနိုင်ငံခြားရေးဌာနရဲ့ သတင်းထုတ်ပြန်ချက်မှာတော့ အခုလို ဒုက္ခရောက်နေကြတဲ့ ထိုင်းနဲ့ တခြားနိုင်ငံသားတွေကို ကယ်ထုတ်နိုင်ခဲ့တာဟာ လွယ်ကူတဲ့ကိစ္စမဟုတ်ဘဲ နိုင်ငံအဆင့်လုပ်ဆောင်မှုတွေ ဆက်တိုက်ရှိခဲ့ရကြောင်း ပြောပါတယ်။ ဒ့ါအပြင် အခု ပြန်ရောက်လာကြသူအများစုဟာ မြန်မာနိုင်ငံထဲကို တရားမဝင်လမ်းကြောင်းတွေကနေ ဝင်ရောက်သွားခဲ့ကြတာဖြစ်လို့ သူတို့ကို သက်ဆိုင်ရာအာဏာပိုင်တွေက အသေးစိတ် စစ်ဆေးသွားမယ်လို့ထုတ်ပြန်ထားပါတယ် ။

ဒီကနေ့ညနေ အချိန်ထိ ပြန်ရောက်လာသူ ထိုင်း၂၆၆ ဦးကို ဆွေမျိုးသားချင်းတွေက နောင်ကျော့ အုပ်ချုပ်ရေးဝင်း အပြင်ဘက်မှာ တွေ့ဆုံခွင့်ရဖို့ စောင့်နေကြတာပါ။ ထိုင်း အာဏာပိုင်တွေကတော့ လိုအပ်တဲ့ စစ်ဆေးမှုတွေပြီးမှသာ မိဘ ဆွေမျိုးတွေထံ အပ်နှံသွားမယ်လို့ ပြောင်ကြောင်း ထိုင်းသတင်းတွေမှာ ဖော်ပြကြပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG