သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မတ်ပဲနဲ့ ပဲတီစိမ်း အိန္ဒိယက ဒီနှစ်ဝယ်မည်


မတ်ပဲ (CC/Shijan Kaakkara)
မတ်ပဲ (CC/Shijan Kaakkara)

အိန္ဒိယနိုင်ငံက ဒီဘဏ္ဍာနှစ်ထဲမှာ မြန်မာနိုင်ငံက မတ်ပဲနဲ့ ပဲတီစိမ်း နှစ်မျိုးပေါင်း တန်ချိန်သုံးသိန်းလောက် ပြန်လည်ဝယ်ယူမယ်လို့ ကြေညာချက် ထုတ်ပြန်လိုက်တာကြောင့် ပြည်တွင်းဈေးကွက်မှာ မတ်ပဲဈေးနှုန်း တက်သွားပါတယ်။ ၂၀၁၇ ခုနှစ် နှစ်ကုန်ပိုင်းကစလို့ မြန်မာနိုင်ငံက မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစိမ်းငုံတွေကို အိန္ဒိယဖက်က အဝယ်ကန့်သတ်ခဲ့တာပါ။ အခု တန်ချိန် ၃ သိန်းလောက်ဝယ်မယ်လို့ ကြေညာလိုက်ပေမဲ့ ကြေညာချက်ဟာ ပုံမှန်နှစ်တွေထက် နောက်ကျတာကြောင့် လယ်သမားတချို့ကတော့ ပြည်တွင်းဈေးကွက်မှာ ကျနေတဲ့ဈေးနဲ့ ပဲတွေကို ရောင်းချပြီးဖြစ်လို့ နစ်နာဆုံးရှုံးတယ်လို့ မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်းက ပြောပါတယ်။ ဒီအကြောင်းကို ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုဇော်ထက်က တင်ပြပေးမှာပါ။

အိန္ဒိယဘက်က အဝယ်ရပ်နားထားတဲ့ မတ်ပဲနဲ့ ပဲတီစိမ်းကို ပြန်ပြီးဝယ်ယူမယ်ဆိုတာကြောင့် ဒီရက်ပိုင်း အတွင်း မတ်ပဲ၊ ပဲတီစိမ်း ဈေးနှုန်းတွေ တစ်တန်ကို ကျပ်ရှစ်သောင်းလောက် မြင့်တက်သွားပါတယ်။ မြန်မာနိုင်ငံက တင်ပို့နေတဲ့ မတ်ပဲနဲ့ ပဲတီစိမ်းကို အိန္ဒိယနိုင်ငံက ၂၀၁၇ သုံးလပိုင်းကစပြီး အဝယ်ရပ်ထားတာဖြစ်လို့ ပဲဈေးနှုန်းတွေ အနိမ့်ဆုံး ဈေးကိုကျဆင်းခဲ့တာဖြစ်ပြီး အခုလို ပြန်လည်ဝယ်ယူမယ်ဆိုတဲ့ သတင်းကြောင့် ဈေးနှုန်းတွေ ပြန်ပြီး မြင့်တက်လာတာ ဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံက အခုဘဏ္ဍာနှစ်ထဲမှာ မြန်မာနိုင်ငံက မတ်ပဲနဲ့ ပဲတီစိမ်း နှစ်မျိုးပေါင်း တန်ချိန်သုံးသိန်းလောက် ပြန်လည်ဝယ်ယူမယ်လို့ ကြေညာချက် ထုတ်ပြန်လိုက်ပေမဲ့ အိန္ဒိယနိုင်ငံရဲ့ ကြေညာချက်ဟာ ပုံမှန်နှစ်တွေထက် နောက်ကျသွားတာ ဖြစ်လို့ ပြည်တွင်းဈေးကွက်မှာ ပဲဈေးကျဆင်းသွားပြီး လယ်သမားတွေအနေနဲ့ အဆုံးအရှုံးများခဲ့ပါတယ်။ ဝယ်ယူမယ့် အသေးစိတ် ကြေငြာချက် ကိုတော့ မထုတ်ပြန်သေးဘူးလို့ မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်း ဗဟိုအလုပ်အမှုဆောင် ဒေါက်တာမြတ်စိုးက အခုလိုပြောပါတယ်။

“ဝယ်တော့ဝယ်မယ် သူတို့ဘယ်လို လိုင်စင်ပေးမလဲ၊ ဘယ်လိုဝယ်မလဲ မကြေငြာသေးဘူးပြောတယ်။ ပဲတီစိမ်းက (တန်ချိန်) တစ်သိန်းခွဲဆိုတော့၊ ပစ္စည်းကဒီမှာလည်းမရှိတော့ သူတစ်ခြားနိုင်ငံကဝယ်ပေါ့။ မတ်ပဲကတော့ မြန်မာတစ်နိုင်ငံတည်းကပဲ export ဝယ်တယ်ဆိုတော့ ဒီကပဲ ခွဲတမ်းအကုန်ရမှာပါ။ ပြန်ပေးသွင်းတယ်ဆိုတော့ ကောင်းပါတယ်။ တချို့လယ်သမားတွေကတော့ လယ်သမား တစ်ဝက်ကျော်လောက်တော့ ပစ္စည်းမရှိတော့ဘူပေါ့။ ကြေငြာတာ နည်းနည်း နောက်ကျတယ်ထင်တယ်။ မတ်လလောက်ကတည်းက သူကဧပြီလဆန်းဆိုဖွင့်မယ်ဆိုပြီး လူတွေကထင်နေကြတာ အခုမှလာဖွင့် တော့ လယ်သမားကလည်း ပေါ်ချိန်က မတ်လကတည်းကပေါ်တာဆိုတော့ တချို့လယ်သမားတွေက ပဲတွေမရှိတော့ဘူး။ ရောင်းကုန်သွားပြီ။”

ပြီးခဲ့တဲ့နှစ်က အိန္ဒိယနိုင်ငံမှာ ပဲမျိုးစုံအထွက်နှုန်း တန်ချိန် ၂၃သန်းရှိခဲ့တာကြောင့် ပြည်ပနိုင်ငံတွေ အထူးသဖြင့် မြန်မာနိုင်ငံက ပုံမှန်ဝယ်ယူတဲ့ မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံကို ၂၀၁၇ ရှစ်လပိုင်း ကစပြီး ကန့်သတ်ထားတာဖြစ်ပါတယ်။

ဒီလ ၄ရက်က မတ်ပဲဈေးနှုန်းက ပြည်တွင်းမှာ တစ်တန်ကို ကျပ်၃၈၀,၀၀၀ ရှိခဲ့ပေမဲ့ မေလ ၅ရက်မှာတော့ တစ်တန်ကို ၄၇၀,၀၀၀ ထိ မြင့်တက်သွားပါတယ်။ အခြားပဲဈေးတွေလည်း အနည်းငယ် အပြောင်းအလဲ ဖြစ်သွားတယ်လို့ ပခုက္ကူမြို့ ရတနာပွဲရုံပိုင်ရှင် ကိုတင်ခိုင်ကအခုလိုပြောပါတယ်။

“ပဲစင်းငုံလည်း အဲဒီလိုပြန်ဖွင့်တယ်ဆိုတော့ ပဲစင်းငုံလည်း ဖွင့်မှာဆိုတဲ့အတွေးတော့ ဝင်မှာပေါ့ဗျာ အဲဒါ တစ်တင်း တစ်ထောင်(ကျပ်)လောက် ပြန်တက်သွားတာပေါ့။ အိန္ဒိယထွက်ထွက် ဘယ်နိုင်ငံထွက်ထွက် ဘေးနိုင်ငံတွေက များများဝယ်သွားတယ်ဆိုရင် ကိုယ့်ပြည်တွင်းဈေးကွက် လှုပ်လှုပ်ရှားရှားတော့၊ တောင်သူတွေပိုပြီး အကျိုးအမြတ်များများ ရတာပေါ့။”

အိန္ဒိယဘက်က ပြည်တွင်းမတ်ပဲကို ဝယ်တဲ့အခါမှာ အနည်းဆုံးဈေးနဲ့ဝယ်ယူမှာဖြစ်လို့ ပြည်တွင်းမှာ ဈေးနှုန်းအလွန်အကျွံ မြင့်နိုင်တဲ့အခြေအနေကို သတိထားဖို့ အစိုးရဌာနဆိုင်ရာ တာဝန်ရှိသူတွေက သတိပေးထားပါတယ်။

ပဲစင်းငုံကတော့ အိန္ဒိယဘက်က ဝယ်ယူမယ်ဆိုတဲ့ အရိပ်အယောင်မရှိသေးတာမို့ တောင်သူတွေအနေနဲ့ ၂၀၁၉ သီးနှံအတွက် စီးပွားဖြစ်မစိုက်ကြဖို့ မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်းက ဒီရက်ပိုင်းမှာ ကြေငြာချက်ထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံက အိန္ဒိယ အပါအဝင် သီရိလင်္ကာ၊ နီပေါ၊ မလေးရှား၊ ထိုင်းနဲ့ UAE နိုင်ငံတွေကို ပဲမျိုးစုံ တင်ပို့နေပြီး ၇၅ ရာခိုင်နှုန်းက အိန္ဒိယနိုင်ငံကို တင်ပို့နေတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG