သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ဘေးရှောင်တွေအရေး သွေးစွန်းတဲ့ပယင်းအစီရင်ခံစာ ကချင်လူမှုအဖွဲ့ထုတ်ပြန်


(ဓါတ်ပုံ -ကချင်ဖွံ့ဖြိုးရေး ကွန်ယက် အဖွဲ့ )
(ဓါတ်ပုံ -ကချင်ဖွံ့ဖြိုးရေး ကွန်ယက် အဖွဲ့ )

ကချင်ပြည်နယ် ဟူးကောင်း ချိုင့်ဝှမ်း ဒေသကို စစ်တပ်က နယ်မြေ ရှင်းလင်းပြီး ထိန်းချုပ်လိုက်ရတဲ့ အကြောင်းရင်းက သယံဇာတတွေကို ထိန်းချုပ်ရေးနဲ့ တရုတ်ရဲ့ ပိုးလမ်းမကြီး စီမံကိန်း လုံခြုံရေး အတွက် အဓိက ဖြစ်တယ်လို့ အစီရင်ခံစာသစ် တခုက ပြောဆိုလိုက်ပါတယ်။ နေပြည်တော်ရဲ့ သွေးစွန်းသော ပယင်းဆိုတဲ့ အစီရင်ခံစာသစ်မှာတော့ ပြီးခဲ့တဲ့ ၂ နှစ်တာ ကာလ အတွင်း သဘာ၀ သယံဇာတွေကို ထိန်းသိမ်းရေး အတွက်ဆိုပြီး မြန်မာ့ တပ်မတော်က ဟူးကောင်းချိုင့်ဝှမ်း ဒေသကို ရှင်းလင်း သိမ်းယူပြီး သယံဇာတတွေ ဆက်လက် ထုတ်ယူနေတယ်လို့ စွပ်စွဲထားပါတယ်။ မသိင်္ဂ ီထိုက် စုစည်းတင်ပြပေးမှာပါ။

ပယင်း အဓိက ထွက်တဲ့ ကချင်ပြည်နယ် ဟူးကောင်း ချိုင့်ဝှမ်း ဒေသက တရားမဝင် သယံဇာတ တူးဖော်ရေး လုပ်ငန်းတွေနဲ့ သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေး အကြောင်းပြချက်နဲ့ မြန်မာ့ တပ်မတော်က နယ်မြေကို ကချင်လက်နက်ကိုင်တပ် KIA လက်ထဲကနေ ထိန်းချုပ်ရယူခဲ့ပြီးနောက်ပိုင်း ဖြစ်ပေါ်လာတဲ့ အကျိုးဆက်တွေကို နေပြည်တော်ရဲ့ သွေးစွန်းတဲ့ ပယင်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ တပ်မတော်က နယ်မြေ ထိန်းချုပ်ပြီး နောက်ပိုင်းမှာ ပယင်းမှော်တွေ ဆက်ပြီး တူးဖော် ထုတ်လုပ်နေပြီး ဒေသခံတွေကတော့ တနိုင်းမြို့ပေါ်မှာ စစ်ရှောင်တွေ အဖြစ် နှစ်နဲ့ချီ နေထိုင်နေရဆဲ ဖြစ်တယ်လို့ အစီရင်ခံစာက ထောက်ပြပါတယ်။ ဒီအစီရင်ခံစာကို ပြုစုသူ တဦးဖြစ်တဲ့ ကချင်ဖွံ့ဖြိုးရေး ကွန်ယက် အဖွဲ့ KDNG က သုတေသနမှူး ဇော်မိုင်က သြဂုတ်လ ၂၀ ရက်နေ့က လုပ်တဲ့ အစီရင်ခံစာ ထုတ်ပြန်ပွဲမှာ အခုလို ပြောပါတယ်။

“ပတ်ဝန်းကျင်ထိန်းသိမ်းရေး ရှေ့တန်းက ခေါင်းစဉ်နဲ့ ၂၀၀၇ ခုနှစ် ဇွန်၊ ဇူလိုင်မှာ ပယင်းမှော်တွေမှာ ပယင်းပြန်ပြီးတူးဖော်လာတဲ့သတင်းတွေ ပြန်လည်ထွက်လာတာကို ကျနော်တို့တွေ့ရတယ်။ စက်တင်ဘာမှာကျတော့ တနိုင်းမြို့လွှတ်တော်ကိုယ်စားလှယ်က လွှတ်တော်မှာ ပယင်းကို တရားဝင်တူးဖို့အတွက် စာတင်တယ်။ စာတင်ပြီးနောက် IDP ဒေသခံတွေကတော့ သမ္မတဆီကို နေရပ်ကို ပြန်ချင်တဲ့အကြောင်းနဲ့ သူတို့နယ်မြေတွေမှာ ပယင်း၊ ရွှေ၊ သံယံဇာတ တူးဖော်ခြင်းတွေကို ရပ်တန့် ဖျက်သိမ်းပေးရန် စာတင်တယ်။ IDP တွေ ပြန်ချင်တဲ့အကြောင်း စာတင်တယ် စာတင်ထားပေမယ့် ဒါပေမယ့် ယနေ့အထိ လုပ်ဆောင်လာတာကို ကျနော်တို့ မတွေ့ရဘူး။”

ကချင်ပြည်နယ် ဟူးကောင်းချိုင့်ဝှမ်းဒေသ ပယင်းရဲ့ အဓိက ဝယ်လက်က တရုတ်ဖြစ်ပြီး တနှစ်ကို ဒေါ်လာ ၁ သန်းလောက်ထိ ဝင်ငွေရနေတယ်လို့ နေပြည်တော်ရဲ့ သွေးစွန်းတဲ့ ပယင်း အစီရင်ခံစာကို ပြုစုသူ တဦး ဖြစ်တဲ့ ကချင်ဖွံ့ဖြိုးရေး ကွန်ယက် အဖွဲ့ KDNG က သုတေသနမှူး ကိုဇော်မိုင်က ပြောပါတယ်။

ကချင်ပြည်နယ်က ပယင်း အဓိက ထွက်တဲ့ ဟူးကောင်းချိုင့်ဝှမ်း ဒေသကို တပ်မတော်က ၂၀၁၇ ခုနှစ် ဇွန်လ အတွင်း နယ်မြေ ရှင်းလင်းပြီး အခုအချိန်ထိ ထိန်းချုပ်ထားပါတယ်။ စစ်တပ်ရဲ့ နယ်မြေ ရှင်းလင်းရေး အတွင်း ထွက်ပြေးရတဲ့ ဌာနေတိုင်းရင်းသား ၃ ထောင်ကျော်ကတော့ နေရပ်ရင်းတွေ မပြန်နိုင်သေးဘဲ တနိုင်းမြို့ပေါ်မှာ စစ်ရှောင်တွေ အဖြစ် အခုအချိန်ထိ ခိုလှုံနေကြရပါတယ်။ ဒါပေမယ့်လည်း အစိုးရဘက်က စစ်ရှောင်တွေ အဖြစ် တရားဝင် အသိအမှတ်မပြုထားတာကြောင့် လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ အကူအညီတွေ မရဘူးလို့လည်း တနိုင်း စစ်ရှောင် တဦး ဖြစ်တဲ့ ကိုဆိုင်းအောင်က မနေ့က လုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုလိုက်ပါတယ်။

“ကျနော်တို့ IDP စခန်းမှာ နေတဲ့အချိန်မှာလည်း နိုင်ငံတော်အစိုးရကနေ ဟူးကောင်းချိုင့်ဝှမ်းဒေသမှာ IDP ရှိတဲ့ဒေသအဖြစ် သတ်မှတ်ချင်းမခံရတဲ့အတွက်ကြောင့် ကျနော်တို့ကို လာရောက်ကူညီဖို့ နိုင်ငံတကာက လူမှုကူညီမှုအသင်း ၊ အဖွဲ့အစည်းတွေရဲ့ ကူညီထောက်ပံ့မှုကိုလည်း ကျနော်တို့ အပြည့်အ၀ မရခဲ့ဘူး။”

ဟူးကောင်းချိုင့်ဝှမ်း ဒေသက တရားမဝင် ပယင်း တူးဖော်တဲ့ မှော်ကို ရှင်းလင်းဖို့နဲ့ သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အတွက် နယ်မြေကို ရှင်းလင်း ထိန်ချုပ်လိုက်ပြီးနောက်မှာ ဆက်လက်ပြီး ပယင်း တူးဖော်နေတဲ့ အတွက် ကန့်ကွက်တယ်လို့လည်း စစ်ရှောင် ဒေသခံတွေက ပြောပါတယ်။ တပ်မတော်ရဲ့ နယ်မြေ ရှင်းလင်းရေး အတွင်း ထွက်ပြေးခဲ့ရတဲ့ ဒေသခံတွေက ပယင်းမှော် တူးဖော်တာကို ရပ်ပြီး နေရပ်ရင်းတွေ ပြန်နိုင်ဖို့ သမ္မတထံကို အသနားခံစာ တင်ပြထားပေမယ့် အခုအချိန်ထိတော့ ဘာမှ မထူးသေးဘူးလို့လည်း စစ်ရှောင်တွေက ပြောပါတယ်။

လက်ရှိမှာတော့ ပယင်းထွက်တဲ့ ဟူးကောင်းဒေသမှာ သဘာ၀ ပတ်ဝန်းကျင် ပျက်စီးမှုနဲ့ ကြုံတွေ့နေရသလို စစ်ရှောင်တွေ ချန်ထားခဲ့တဲ့ ပစ္စည်းတွေလည်း ဘယ်သူ့ လက်ချက်မှန်း မသိဘဲ ဆုံးရှုံးရတယ်လို့ စစ်ရှောင် တဦး ဖြစ်တဲ့ ဒေါ်လုဆိုင်းက ပြောပါတယ်။

“ကျမတို့ စစ်ပြေးလာတဲ့အချိန်မှာ အဝတ်တထည် ကိုယ်တထည် နဲ့ ထွက်ပြေးလာခဲ့ရပါတယ်။ ကျမတို့ တသက်တာ စုဆောင်းခဲ့တဲ့ သိမ်းဆည်းခဲ့တဲ့ ကျမတို့ ပစ္စည်းဥစ္စာတွေအားလုံးကို ထားခဲ့ရပါတယ်။ ဒီဒေသကို တပ်မတော်ကနေ ထိန်းချုပ်ပြီးတဲ့နောက် ကျမတို့ ရွာထဲမှာ တပ်က စခန်းချပြီးနေပါတယ်။ ကျမတို့ပစ္စည်းတွေကို လွန်ခဲ့တဲ့ နွေရာသီအချိန်မှာ တနေ့ကို ကား ၄-၅-၆ စီးနဲ့ အပြင် ကားလမ်းတွေကို သယ်ထုတ် နေတယ်ဆိုတာကိုလည်း ကျမတို့ တွေ့ခဲ့ရပါတယ်။”

ကချင် ဖွံ့ဖြိုးရေး ကွန်ယက် အဖွဲ့က ထုတ်တဲ့ နေပြည်တော်ရဲ့ သွေးစွန်းတဲ့ ပယင်း အစီရင်ခံစာ သစ်ထဲမှာတော့ မြန်မာ့ တပ်မတော်က ဌာနေတိုင်းရင်းသားတွေကို မောင်းထုတ် ရှင်းလင်းပြီး ကချင်လွတ်မြောက်ရေး တပ် KIA ထိန်းချုပ်မှုကနေ ပယင်းမှော်ကို ရယူသွားကြောင်း၊ ၂၀၁၈ ခုနှစ်မှာ ပယင်းမှော်ကို အစိုးရဘက်က အပြည့်အ၀ ထိန်းချုပ်သွားနိုင်ခဲ့ပြီးနောက် ပယင်း တူးဖော် ရောင်းချမှုတွေ ဆက်လုပ်နေတယ်လို့ ဖော်ပြထားပါတယ်။ Blood Amber ဆိုတဲ့ သွေးရောင်ရှိတဲ့ ပယင်းဆိုတာကတော့ တရုတ် အခေါ်ကနေ ဆင်းသက်လာတာ ဖြစ်ပြီး မြန်မာနိုင်ငံ ဟူးကောင်း ချိုင့်ဝှမ်းမှာသာ တွေ့ရတဲ့ ရတနာ အမျိုးအစား တခု ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG