သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သံဃာတော်တချို့ ဆန္ဒပြမှု အပြည်ပြည်ဆိုင်ရာ မြန်မာသံဃာတော်များအဖွဲ့ ဝေဖန်


myanmar protest government
myanmar protest government

လက်ရှိအစိုးရ ထွက်ပေးဖို့ ဆန္ဒပြနေတဲ့ အမျိုးသားရေး အင်အားစုလို့ အမည်ခံထားတဲ့ သံဃာတော်တချို့ရဲ့ လုပ်ရပ်ကို လက်မခံနိုင်ကြောင်း အပြည်ပြည်ဆိုင်ရာ မြန်မာ သံဃာတော်များ အဖွဲ့က ပြောပါတယ်။ အခု ဆန္ဒပြပွဲတွေမှာ ဘေးပရောဂတွေ ပါနေကြောင်း ကနေဒါ အခြေစိုက် အပြည်ပြည်ဆိုင်ရာ မြန်မာ သံဃာတော်များ အဖွဲ့ ဥက္ကဌ ဆရာတော် အရှင်ကောဝိဒက မိန့်ကြားပါတယ်။

သံဃာတော် တချို့ဦးဆောင်ပြီး လူပုဂ္ဂိုလ်တွေ ပါဝင်တဲ့ အမျိုးသားရေး အင်အားစုတွေဟာ ရန်ကုန်နဲ့ မန္တလေးမြို့တွေက ထင်ရှားတဲ့ သာသနိက အဆောက်အဦတွေမှာ မနေ့ သြဂုတ်လ (၂) ရက်နေ့က သပိတ်စခန်းတွေ ဖွင့်လှစ်ပြီး အစိုးရကို ဆန့်ကျင် ဆန္ဒပြနေကြတာပါ။ မအင်ကြင်းနိုင်က အပြည့်အစုံကို ဆက်ပြီး တင်ပြမှာပါ။

အခုကြားခဲ့ရတဲ့ အသံတွေကတော့ မန္တလေးမြို့ သာသနာ ၂၅၀၀ ဗိမာန်မှာ သပိတ်စခန်းဖွင့်ပြီး ဆန္ဒပြနေတဲ့ သံဃာတော်တွေနဲ့ လူပုဂ္ဂိုလ်တွေရဲ့ ကြွေးကြော်သံတွေပါ။ လက်ရှိ NLD အစိုးရ လက်ထက်မှာ သာသနာရေး အတွက် သာမက အမျိုးသားလုံခြုံရေးပါ အကာအကွယ်မဲ့နေကြောင်း ဆန္ဒပြနေတဲ့ သံဃာတော်တွေက စွပ်စွဲပြောဆိုခဲ့ပါတယ်။

အခုလို သာသနိက အဆောက်အဦမှာ သပိတ်မှောက် ဆန္ဒပြတာတွေ မပြုလုပ်ဖို့ မန္တလေးမြို့ချမ်းမြသာစည်မြို့နယ် သံဃမဟာနာယက အဖွဲ့ ဥက္ကဋ္ဌ ဆရာတော်ကြီး ဦးဝိလာသ ကတားမြစ်ခဲ့ပါတယ်။

“ အတိုချုပ်ကတော့ ဒီနယ်မြေမှာ မလုပ်စေချင်ပါဘူး။ အဲဒါမေတ္တာ ရပ်ခံချင်ပါတယ်နော်။ ”

ဆန္ဒပြပွဲ ဦးဆောင်နေတဲ့ သံဃာတော်တွေ ဘက်ကတော့ ဆက်လက်ပြီး အစိုးရကို ဆန့်ကျင် ဆန္ဒပြသွားဖို့ ရှိပြီး လက်ရှိ ဖွင့်လှစ်ထားတဲ့ သပိတ်စခန်းတွေ အတွက်လည်း အာဏာပိုင်တွေဆီက ခွင့်ပြုချက် တောင်းမှာ မဟုတ်ဘူးလို့ ဆန္ဒပြပွဲ ဦးဆောင်တဲ့ သံဃာတပါးက အခုလို မိန့်ကြားပါတယ်။

“ ဆန္ဒဖေါ်ထုတ်တာ မဟုတ်ဘူး။ သပိတ်မှောက်လိုက်တာ ဖြစ်ပြီးတော့ ဦးဇင်းတို့ အနေနဲ့ မတင်ဘူး။ သို့သော် ဒကာကြီးတို့ ဘက်ကနေပြီးတော့ ဒါနဲ့ ပတ်သက်ပြီးတော့ ပေါ့နော် ဒါလုပ်သင့်လုပ်ထိုက်တာလေးတွေ လည်းပဲ ရှိကောင်းရှိမယ်။ ဒါ ဒကာကြီးတို့ လုပ်ငန်းစဉ် အတိုင်း သွားပါ။ ဘုန်းဘုန်းတို့ ကတော့ ဒါဟာ ဆန္ဒဖေါ်ထုတ်တာ မဟုတ်ဘဲ သပိတ်မှောက်တာ ဖြစ်ခြင်းကြောင့် လုပ်စဉ်ကာလပေါ့ ဒီနေရာလည်း ဖြစ်ချင်ဖြစ်သွားမယ်။ ဒီနေရာမဟုတ်ဘဲ တခြားနေရာ ဆိုရင်လည်း သပိတ်မှောက်တဲ့ အနေအထားမှာ စီစဉ်မှာပဲ။”

ဒီမိုကရေစီ နိုင်ငံတွေမှာတောင် လွတ်လွတ်လပ်လပ် ဆန္ဒပြခွင့် ရှိပေမယ့် သက်ဆိုင်ရာ ရဲအာဏာပိုင်တွေရဲ့ ခွင့်ပြုချက်ကို ယူရကြောင်း ကနေဒါအခြေစိုက် အပြည်ပြည်ဆိုင်ရာ မြန်မာ သံဃာတော်များ အဖွဲ့ ဥက္ကဌ ဆရာတော် အရှင်ကောဝိဒက မိန့်ကြားပါတယ်။ ဒါ့အပြင် လက်ရှိ သံဃာတော်တွေ ဦးဆောင်တဲ့ ဆန္ဒပြပွဲတွေဟာ ရိုးသားမှု မရှိဘူးလို့ မြင်ကြောင်း ဆရာတော်က အခုလို မိန့်ပါတယ်။

“ အမှန်တော့ ဆန္ဒပြတယ် ဆိုရင်တော့ ဘာပဲဖြစ်ဖြစ် သူ့ဥပဒေက ခွင့်တောင်းပြီးမှ ဆန္ဒပြရတယ်လေ။ ဘုန်းဘုန်းတို့ ဒီမှာ ဆန္ဒပြပွဲတွေ လုပ်ခဲ့တုန်း ကလည်း ရဲစခန်းမှာ ကြိုပြီးတော့ အကြောင်းကြား ထားရတယ်။ သူတို့ ခွင့်ပြုချက်ရမှ ဆန္ဒပြရတာကိုး။ အဲတော့ ဘာပဲဖြစ်ဖြစ် ဒီပြည်သူလူထုက ရွေးကောက် တင်မြှောက် ထားတဲ့အစိုးရ၊ အခုမှ တနှစ်ကျော် အချိန်ပဲရှိသေးတယ်။ ပြီးတော့လည်း သူတို့မှာ အာဏာက အပြည့်အဝမရှိဘဲနဲ့ ဖြစ်နေတဲ့ အချိန်မှာ ဒီလို ပယောဂတွေနဲ့ အစိုးရ ပြုတ်ကျအောင် ဆိုပြီးတော့ သပိတ်မှောက်တယ် ဆိုတဲ့ ကိစ္စတွေကတော့ ဘုန်းဘုန်းတို့အနေနဲ့ လုံး၀ လက်မခံနိုင်ပါဘူး။

လုပ်လည်း မလုပ်သင့်ပါဘူး။ ဘာလို့လည်း ဆိုတော့ ပြည်သူလူထု အားလုံးက မဲနဲ့ တင်မြှောက်ထားတဲ့ အစိုးရလည်း ဖြစ်တယ်။ ပြီးတော့ ဒီသူတို့မှာ အာဏာလည်း ရှိတာ မဟုတ်ဘူးလေ။ အခု လောလောဆယ် အခြေအနေအရ အာဏာမရှိဘဲနဲ့ အုပ်ချုပ်နေရတဲ့ အစိုးရ။ သူတို့မှာလည်း အခက်အခဲတွေ အများကြီးရှိတယ်။ အဲဒါကို ဟို ဘေးပယောဂတွေ ပါပြီးတော့ ဒီလို လုပ်နေတယ် ဆိုရင်တော့ ဘုန်းဘုန်းတို့ အနေနဲ့တော့ လက်မခံနိုင်ဘူးလို့ ပြောချင်ပါတယ်။”

ဗုဒ္ဓသာသနာ တည်တံ့ဖို့ အတွက် သံဃာတော်တွေ အားလုံး ညီညီညွတ်ညွတ်နဲ့ သာသနာပြုသင့်ကြောင်း ဆရာတော်က ဆက်လက်မိန့်ကြားပါတယ်။

“ သံဃာတွေကတော့ ညီညီညွတ်ညွတ်နဲ့နေရင် ကိုယ့်အတွက် အကောင်းဆုံးပါပဲ။ သံဃာတွေ ကွဲပြားရင် ဒကာဒကာမတွေ ကွဲပြားမယ်။ ဒကာဒကာမတွေ ကွဲပြားလို့ရှိရင် တိုင်းပြည်က ဒုက္ခရောက်မယ်။ သတင်းတွေ ကြားရတာကတော့ ဗမာပြည်လည်း သိပ်မကောင်းဘူး ပေါ့လေ။ အားလုံး သံဃာတွေ ညီညီညွတ်ညွတ်နဲ့ နေကြရင်တော့ ကောင်းတာပေါ့လေ။”

ရန်ကုန်မြို့ရွှေတိဂုံစေတီတော်မှာလည်း သံဃာတော်တွေ ဦးဆောင်တဲ့ အမျိုးသားရေး တက်ကြွလှုပ်ရှားသူတွေက မနေ့က သပိတ်စခန်းဖွင့်ပြီး အစိုးရဆန့်ကျင်တဲ့ ကြွေးကြော်သံတွေ အော်ဟစ် ဆန္ဒပြခဲ့ကြပါတယ်။ ဆန္ဒပြသူတွေကို သက်ဆိုင်ရာ လွှတ်တော်အမတ်တွေနဲ့ အာဏာပိုင်တွေက သွားရောက် ညှိုနှိုင်းပြောဆိုခဲ့ပေမယ့် ပြေလည်မှု မရသေးပါဘူး။ ရန်ကုန်မြို့က ဆန္ဒပြပွဲကို ရဲလုံခြုံရေး အင်အားတွေနဲ့ အာဏာပိုင်တွေက အခုချိန်ထိ စောင့်ကြည့်နေပါတယ်။

ဒီကနေ့မှာလည်း ရန်ကုန်နဲ့ မန္တလေးမြို့ကြီးတွေမှာ သူတို့ ဆက်လက် ဆန္ဒပြမှာ ဖြစ်တယ်လို့ ဦးဆောင်ဆန္ဒပြတဲ့ သံဃာတော်တွေက မိန့်ကြားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG