သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရန်ကုန်တိုင်းဝန်ကြီးချုပ်ကို ကန့်ကွက်မှုတွေ မလုပ်ဖို့ မဘသ ညွှန်ကြား


မဘသ ၃ နှစ်ပြည့်အခမ်းအနား
မဘသ ၃ နှစ်ပြည့်အခမ်းအနား

အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ (မဘသ)မရှိသင့်ဟူသောစကားမှာအစိုးရ၏ မူဝါဒ မဟုတ်ဘဲ ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း သဘော ထား မှတ်ချက်သာ ဖြစ်တဲ့အတွက် မဘသ အဖွဲ့ဝင်များအနေဖြင့် ဆန္ဒဖော်ထုတ်ခြင်းများ မပြုလုပ် ရန် မဘသ ဗဟိုကနေ ဒီကနေ့ဘဲ ညွှန်ကြား ချက် ထုတ်ပြန်လိုက်ပါတယ်။ မဘသအဖွဲ့အနေနဲ့ အမျိုးဘာသာ သာသနာအတွက် ဆက်လက် ရပ်တည်သွားမှာဖြစ်တယ်လို့လည်း မဘသဆရာ တော်တွေကမိန့်ပါတယ်။ ဒီသတင်းတွေကို ဗွီအိုအေမြန်မာပိုင်းက မေခကပေးပို့ထားပါတယ်။

ဒီကနေ့ နေ့လည်ပိုင်းက အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ (မဘသ) ကကျင်းပပြု လုပ်တဲ့ အထူးအစည်းအဝေးမှာ ခုလိုထုတ်ပြန်ကြေညာလိုက်တာပါ။

ပြီးခဲ့တဲ့ရက်ပိုင်းက အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (မဘသ) ရှိဖို့ မလိုအပ်ဘူးလို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်း သိန်းက ပြောလိုက်တဲ့အပေါ်မှာ သမ္မတဦးထင်ကျော် အစိုးရအနေနဲ့ ဇူလိုင် ၁၄ ရက်နေ့ နောက်ဆုံးထားပြီး တာဝန်ယူဖြေရှင်းပေးဖို့ တောင်းဆိုထား ပါ တယ်။ ဒီအပေါ်မှာ မဘသမလိုအပ်ဆိုတဲ့စကားမှာ အစိုးရသဘောထားမဟုတ်ဘူးဆိုတာကို သာသနာရေးဝန်ကြီး သူရဦးအောင်ကိုက ပြောဆိုခဲ့တာကြောင့် အခုလို တဦးတယောက်အတွက် မဘသ အဖွဲ့ဝင်များအနေနဲ့ဆန္ဒဖော်ထုတ်ခြင်းများ မပြုလုပ်ဖို့ မဘသ ဗဟိုကနေ ညွှန်ကြားချက် ထုတ်တာဖြစ်တယ်လို့ မဘသ အဖွဲ့အတွင်းရေးမှုး ဘဒ္ဒ န္တဝိမလဗုဒ္ဓ ကပြောပါတယ်။

“သူနဲ့ပတ်သက်ပြီးတော့ ဘာမှ ဆန္ဒပြဖို့ရန် တိုက်တွန်းခြင်းတွေမလုပ်ကြဖို့ တပြည်လုံးကိုကြေညာလိုက်ပြီလေ။ ဘာမှမလုပ်ဘူးပေါ့ လူပုဂ္ဂိုလ်တယောက်နဲ့ ဘုန်းကြီးတို့အဖွဲ့နဲ့ မတန်ဘူးလေ၊ တယောက်ထဲကိစ္စကို။ တကယ်တော့လည်း အစိုးရကိစ္စတော့ သူလူကိုတော့ သူ ဆုံးမသင့်တယ်ပေါ့။ ဒီလိုပဲ လက်လွှတ်စပယ်ပြောနေမယ်ဆိုရင် ဘုန်းကြီးတို့ဘက်က လည်းအဲလိုပြောရင်ဘယ်လိုလုပ်မလဲ။ ဘုန်းကြီးတို့အဖွဲ့ကလည်း အစိုးရကိုပြောရင်ဘယ်လိုလုပ်မလဲ ဒေါ်အောင်ဆန်းစုကြည်ကိုပြောရင်ဘယ်လိုလုပ်မလဲ၊ သမ္မတကိုပြောရင်ဘယ်လိုလုပ်မလဲ ဒါက ဒီမိုကရေစီမို့လို့ ပြောပိုင်ခွင့် ရှိတယ်ဆိုရင်တော့ မခက်နေဘူးလား အားလုံးရှုပ်ကုန်မှာပေါ့။ ဒါတိုးတိုးတိတ်တိတ် ဆုံးမ မလားတော့မပြောတက်ဘူးပေါ့ တကယ်တော့ ဒီမိုကရေစီကွဲလွဲခွင့်ရှိတယ်ဆိုရင် ထင်သလိုလျှောက်ပြောခိုင်း၊ ခွင့်ရတယ်ဆိုတဲ့ အဓိပါ္ပယ်ထွက်နေတယ်ပေါ့။ အဲဒီလိုပြောလို့ရရင် အားလုံးပြောနေမှာပေါ့ ဘုန်းကြီးတို့ဘက်က ပြောတာမကြိုက်ရင် ဘုန်းကြီးတို့ကိုပြော ဘုန်းကြီးတို့ထိန်းမှာပေါ့။ သူ့လူသူထိန်း ကိုယ်သားသမီးကိုယ်ထိန်းရင် မကောင်းဘူးလား။”

မဘသ အဖွဲ့ရပ်တည်မှုမှာ နဲ့ပတ်သတ်ပြီး နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ မဟန အဖွဲှ့တွင်း ဆွေးနွေးမှု တွေရှိ ခဲ့တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေခဲ့ပါတယ်။ ဒီပြင် မဘသအနေနဲ့မဟန စည်းမျဉ်းစည်းကမ်း အရရော၊ ပြည်ထောင်စု လွှတ်တော်ရဲ့ အသင်းအဖွဲ့များ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေအရပါ ဥပဒေနဲ့အညီဖွဲ့စည်းတဲ့ အဖွဲ့ဟုတ်မဟုတ် ဆိုတာကို လည်း ငြင်းခုန်မှုတွေ လည်းရှိနေပါတယ်။ ဒီအပေါ်မှာ မဘသ အဖွဲ့အတွင်းရေးမှုး ဘဒ္ဒ န္တဝိမလဗုဒ္ဓ ကမဘသရပ်တည်မှုနဲ့ပတ်သတ်ပြီးခုလိုပြောပါတယ်။

“ သံဃာနဲ့ လူနဲ့ပေါင်းပြီးတော့ ဖွဲ့ထားတဲ့ ပရဟိတ သာသနာပြုအဖွဲ့။ သံဃာ့စည်းမျဉ်းနဲ့ ဘုန်းကြီးတို့လွတ်ကင်းတယ်။ သံဃာ့စည်းမျဉ်းမှာက မဟန ကလွဲရင် သံဃအဖွဲ့အစည်းဆိုတာ တရားဝင်ဖွဲ့စည်းခွင့်မရှိ။ ဘုန်းကြီးတို့အဖွဲ့က မူစချကတည်းက ဘယ်အစိုးရနဲ့ဖြစ်ဖြစ် လက်တွဲဆောင်ရွက်မယ် ကူညီမယ်။ မဟန နဲ့လည်း ကူညီဆောင်ရွက်မယ်ပေါ့။ ပြီးတော့ ပထမဦးဆုံးညီလာခံမှာကိုက ဒုဥက္ကဋ္ဌ ၊ ပဥက္ကဋ္ဌ တို့ကြွပြီးတော့ မဘသနဲ့ မဟနဟာ ညီအကိုရင်းပမာ သားအဖကဲ့သို့အရေးကြီးသော သာသန ကိစ္စကို လက်တွဲဆောင်ရွက်မည် စသည့် ဒီလိုပြောထားတဲ့အသံဖိုင်ကလေးတွေလည်းရှိတာပဲ။ ဘယ်အစိုးရကိုမှ အတိုက်အခံမလုပ်ဘူး။ ဘယ်ဘာသာကိုမှလည်းအတိုက်အခံမလုပ်ဘူး။ ပရိတ်သက်က များတယ်ဆိုတော့ တချို့လည်း တလွဲသတင်းတွေလုပ်တာရှိတယ်။ သူတို့လုပ်ပြီးတော့ ဆိုလိုတာကတော့ သားသမီးအများကြီးဆိုတော့ တယောက် ၂ ယောက်လောက်ကတော့ ဆိုးရင်ဆိုးနေမှာပေါ့။ ဆိုးရင် ဘုန်းကြီးတို့ကိုတိုင် ဘုန်းကြီးတို့ဆုံးမမှာပေါ့။”

အစိုးရဘက်ကတော့ မဘသအဖွဲ့ ရန်ကုန်တိုင်းဝန်ကြီးချုပ်တို့ပြဿနာအပေါ် တစုံတရာမှတ် ချက် တိတိကျကျမပေးပါဘူး။ ၂၀၀၉ ခုနှစ်မှာ စတင်ဖွဲ့စည်းခဲ့တဲ့ ဘာသာပေါင်းစုံ ချစ်ကြည် ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့ကြီးကို လက်ရှိ အစိုးရသစ်အနေနဲ့ ပြန်ပြီး အသက်ဝင်အောင် ဆောင်ရွက် နေပြီး နိုင်ငံတွင်း မတူကွဲပြားတဲ့ ဘာသာဝင်တွေ အားလုံး လုံခြုံမှုရှိအောင် စတင်ပြီး ကာကွယ်ဆောင်ရွက်တာနေတယ်လို့ ပြည်ထောင်စုဝန်ကြီးသူရဦးအောင်ကိုက ဆိုထားပါတယ်။

မဘသ ရပ်တည်မှုဟာ အမျိုးသားရေးဝါဒီ အစွန်းရောက် ရပ်တည်မှုတွေ ရှိနေတယ်လို့ ဝေဖန်ထောက်ပြသူ တွေ ရှိနေသလို ထောက်ခံအားပေးမှုတွေ လည်းရှိနေပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကို ဗွီအိုအေမြန်မာပိုင်းက ဆက်သွယ်မေးမြန်းစဉ်မှာတော့ ဆက်သွယ်လို့မရခဲ့ပါဘူး။ အမျိုးသားရေးဝါဒီ မဘသ အဖွဲ့ရဲ့ တောင်းဆိုချက်ကို တုန့်ပြန်စရာအကြောင်း မရှိဘူးလို့ အာဏာရ NLD ပါတီရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ်ဦးဝင်းထိန် ကတော့ပြောဆိုထားပါတယ်။

ဒီကနေ့မှာပဲ နိုင်ငံတော် သံဃာ့မဟာနာယက အဖွဲ့က မဘသ အဖွဲ့ရဲ့ လုပ်ရပ်တွေနဲ့ ပတ်သက်လို့ သတိပေးတဲ့ ကြေညာချက်တရပ်ကို ထုတ်ပြန်လိုက်ပါတယ်။ ရန်ကုန်တိုင်း ဝန်ကြီးချုပ်ရဲ့ ပြောဆိုချက်တွေကို လက်မခံနိုင်ကြောင်းနဲ့ ဇူလိုင်လ ၁၄ ရက်နေ့ နောက်ဆုံးထား တောင်းပန်ဖို့ ခြိမ်းခြောက်ပြောဆိုခဲ့တဲ့ ဇူလိုင်လ ၇ ရက်နေ့က မဘသရဲ့ ထုတ်ပြန်ချက်ကို သံဃာ့မဟာနာယက အဖွဲ့ အနေနဲ့ လက်မခံတဲ့ အကြောင်းကို (လုံးဝ) (လုံးဝ) ကန့်ကွက်ကြောင်း ဆိုပြီး အလေးအနက် ရေးသားဖော်ပြခဲ့တာပါ။ မဘသအဖွဲ့ရဲ့ ထုတ်ပြန်ကြေညာချက်ထဲက အချက်အလက်တွေဟာ ပြည်သူကြား ယုံမှားသံသယနဲ့ မလိုလား အပ်တဲ့ ပြဿနာတွေ ပေါ်ပေါက်စေနိုင်သလို၊ သံဃာအဖွဲ့အစည်း အခြေခံစည်းမျဉ်း လုပ်ထုံးလုပ်နည်းနဲ့ ညီညွတ်မှုမရှိဘူးလို့လည်း သံဃာ့မဟာနာယက အဖွဲ့ရဲ့ ဒီကနေ့ ထုတ်ပြန်လိုက်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG