သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘာသာပေါင်းစုံချစ်ကြည်ရေးအဖွဲ့ အမုန်းစကားမပြန့်ပွားရေး ဥပဒေကြမ်းရေးဆွဲ


ဘာသာပေါင်းစုံချစ်ကြည်ရေးအဖွဲ့ မတ်လ, ၂၀၁၅ လစဉ်ပုံမှန် အစည်းအဝေး
ဘာသာပေါင်းစုံချစ်ကြည်ရေးအဖွဲ့ မတ်လ, ၂၀၁၅ လစဉ်ပုံမှန် အစည်းအဝေး

မတူကွဲပြားတဲ့ လူမျိုး၊ ဘာသာ တခုနဲ့ တခုကြားမှာ ပဋိပက္ခတွေဖြစ်စေဖို့ အမုန်းစကားတွေ ဖြန့်ဝေမှုတွေ ကို ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းနိုင်မယ့် ဥပဒေကြမ်းတရပ်ကို ဘာသာပေါင်းစုံချစ်ကြည်ရေးအဖွဲ့ က အချောသတ် ရေးဆွဲနေပြီး ဒီလမကုန်မီ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနကို ပေးပို့သွားမှာဖြစ်ပါတယ်။ ဥပဒေကြမ်းကို သာသနာရေးဝန်ကြီးဌာနကို မပို့ခင်မှာ ပြန်လည်သုံးသပ်နိုင်ဖို့ ဘာသာကြီး ၄ ခု ဆိုင်ရာ အဖွဲ့အစည်းတွေကိုလည်း ပေးပို့ ထားတယ်လို့ ဘာသာပေါင်းစုံ ချစ်ကြည်ရေးအဖွဲ့က ပြောပါတယ်။ ဒီသတင်း အပြည့်အစုံကိုတော့ ဗွီအိုအေ သတင်းထောက် မမြင့်မြင့်ခိုင်က စုံစမ်းတင်ပြထားပါတယ်။

မတူကွဲပြားတဲ့ လူမျိုး၊ ဘာသာ တခုနဲ့ တခုကြား ပဋိပက္ခတွေ ဖြစ်စေတဲ့ အမုန်းစကားတွေ ဖြန့်ဝေ မှုကို ထိထိရောက်ရောက် ကိုင်တွယ်အရေးယူနိုင်မယ့် ဥပဒေကြမ်းတရပ်ကို ဘာသာပေါင်းစုံ ချစ်ကြည်ရေးအဖွဲ့ အနေနဲ့ ရေးဆွဲတာ ပြီးစီးနေပါပြီ။

ဒီဥပဒေကြမ်းမှာပါတဲ့ အချက်အလက်တွေကို ပြန်လည်ပြင်ဆင် သုံးသပ်နိုင်ဖို့ ဘာသာကြီး ၄ခုကို ပေးပို့ထားပြီး ဇူလိုင်လ မကုန်ခင် သာသနာရေးနဲ့ ယဉ်ကျေးမှု ဝန်ကြီးဌာနကို ပေးပို့သွားမှာဖြစ်တယ်လို့ ဘာသာပေါင်းစုံ ချစ် ကြည်ရေးအဖွဲ့ ဥက္ကဌ ဦးစိန်ဝင်းအောင်က ပြောပါတယ်။

“ ကျနော်တို့ကတော့ ဥပဒေရေးရာတော့ ရေးပြီးပြီ။ အခုကျနော်တို့ရေးထားတဲ့ ဟာကို ဘာသာ ၄ ခုကို ထပ်ပြီးတော့ ပေးထားတယ်။ ကျနော်ပို့တော့မယ် ခင်ဗျားတို့ ဘာပြင်မလဲ၊ ပြင်ချင်တာရှိရင်ပြင်ပါ။ ဘာသာရေး ၄ ခုကနေပြီး ၁၃ ရက်နေ့ ကျနော်တို့ပြန်တောင်းထားတယ်။ ညှိမယ် ညှိပြီးလို့ရှိရင် ဒါလက်ခံနိုင်တဲ့ဟာရှိကောင်းရှိမယ်။ လက်မခံနိုင်တဲ့ဟာရှိရင် သူတို့ကိုပြန်ပြီးတော့ ညှိနှိုင်းရမယ်။ အဲဒီအချက်တော့ရှိတယ်။ ၁၃ ရက်နေ့တောင်းမယ် ကျနော်တို့အတွက်လုပ်ဆောင်ချက် ၁၀ ရက် ၊ ၁၅ ရက်လောက်ယူမယ် ပြီးရင် ဒီလထဲမှာအပြီးပို့မယ်။”

ငြိမ်းချမ်းစွာအတူ ယှဉ်တွဲနေထိုင်ရေးနဲ့ ပတ်သက်လို့ ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ မကွေးစတဲ့ မြို့တွေမှာ ဘာ သာပေါင်းစုံအဖွဲ့တွေ အစည်းအဝေးတွေ ပြုလုပ်ခဲ့တုန်းက အမုန်းစကားတွေ ဖြန့်ဝေမှုတွေကို တားမြစ်နိုင်မယ့် ဥပဒေတရပ် ပြဌာန်းဖို့ ဆုံးဖြတ်ထားရာကနေ အခုလို အမုန်းစကားတွေ ဖြန့်ဝေမှုကို တားဆီးကာကွယ်နိုင်မယ့် ဥပဒေကြမ်းတရပ် ရေးဆွဲခဲ့ကြတာပါ။

ဒီဥပဒေကြမ်းအရတော့ ပဋိပက္ခတွေဖြစ်အောင် အမုန်းစကားတွေကို တဦးတယောက်ကဖြစ်စေ၊ အဖွဲ့အစည်း အလိုက်ဖြစ်စေ ဖြန့်ဝေရင် အရေးယူနိုင်မှာဖြစ်ပြီး အမုန်းစကားတွေ ပြောဆိုဖြန့်ဝေမှုနဲ့ ပတ်သက်လို့ အရေး ယူ မယ့် ပြစ်မှု ပြစ်ဒဏ်ကိုတော့ လောလောဆယ်မပြောလိုသေးဘူးလို့ ဦးစိန်ဝင်းအောင်က ပြောပါတယ်။

“အဲဒါကတော့ ဘာသာလေးခုက အဖြေရတဲ့အချိန်ကျရင် ကျနော်တို့ပြောပါမယ်။ ဘာသာလေးခုက အဖြေရပြီးမှပြောလို့ဖြစ်မယ်။ဘာဖြစ်လို့လဲဆိုတော့ တချို့ဟာတွေကတော့ သိပ်ပြီးတော့ ပြင်းပြင်းထန်ထန် သွားပြီးတော့ လုပ်ပြန်ရင်လည်း ကျန်တဲ့ ဥပဒေတွေနဲ့ ချိန်ထိုးပြီးတော့ ကြည့်ရတာကို။ ဥပဒေက မတင်ရသေးတဲ့ဟာကို သွားပြီးတော့ပြောလိုက်ရင် ဘာသာတွေကျနော့်ကို ဝိုင်းပြီးတော့ ပြောကြလိမ့်မယ်။ ဒါကြောင့်မို့လို့ ဘယ်လောက်၊ ဘာတွေဆိုတာကို အခုပြောဖို့စောသေးတယ်။”

သာသာရေးနဲ့ ယဉ်ကျေးမှု ဝန်ကြီး သူရ ဦးအောင်ကိုကလည်း ဇူလိုင်လ ၉ရက်နေ့က မြန်မာမွတ်ဆလင် စီးပွား ရေး လုပ်ငန်းရှင်များအသင်းရဲ့ အစ်နေ့အထိမ်းအမှတ် ညစာစားပွဲမှာ အမုန်းစကားတွေ ဖြန့်ဝေမှုတွေကို တား မြစ်နိုင်မယ့် ဥပဒေကြမ်းကို သာသနာရေးဝန်ကြီးဌာနအနေနဲ့ လက်ခံရရှိရင် ပြည်ထောင်စုရှေ့နေရုံးကို ပေးပို့ပြီး ရင် လွှတ်တော်မှာ တင်မယ်လို့ ပြောဆိုထားပါတယ်။

ဒီဥပဒေကြမ်းနဲ့ ပတ်သက်လို့ သာသာရေးဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်ဇော်ဝင်းကတော့ အခုလို ပြောပါတယ်။

“ဘာသာပေါင်းစုံအဖွဲ့တွေနဲ့ကော ဘယ်အချိန်မှန်းတော လောလောဆယ်ကျနော်တို့မသိသေးဘူးခင်ဗျ။ ဒါပေမယ့်လည်း အခု ဝန်ကြီးလည်း နောက်ဆုံး ဒီဟာတွေ တာဝန်ပေးပြီးလုပ်ထားတယ်ဆိုတာတော့ ပြောပါတယ်ခင်ဗျ။ ပြောရရင်တော့ ကျနော်တို့ ဝန်ကြီးအနေနဲ့ကတော့ အဓိကအားဖြင့်တော့ ဘာသာပေါင်းစုံချစ်ကြည်ရေးအဖွဲ့ကိုပဲ သီးခြားတာဝန်ပေးပြီးလုပ်ခိုင်းတဲ့အတွက် ကျနော်တို့ဝန်ကြီးဌာနအနေနဲ့ လောလောဆယ်အကြမ်းဖျင်း သိသလောက်ပဲ ဖြေပေးလို့ရမယ်။ ကျနော်တို့နဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ မလုပ်ရသေးတော့လေ အသေးစိတ်ကို ကျနော်တို့ မသိနိုင်သေးဘူးခင်ဗျ။”

ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက ရန်ကုန်တိုင်းဝန်ကြီးချုပ်က အမျိုးဘာသာသာသနာစောင့်ရှောက်ရေး အဖွဲ့ ရှိစရာ မလိုတော့ဘူးလို့ ပြောဆိုထားတဲ့အပေါ်မှာ၊ မဘသ အဖွဲ့အစည်းတွေဖက်က မကျေမနပ်ဖြစ်ခဲ့ပြီး၊ ဒီအပေါ် ဖြေရှင်းပေးဖို့ အစိုးရအာဏာပိုင်တွေကို တောင်းဆိုထားပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ လူမှုကွန်ယက်တွေပေါ် မှာ နှစ်ဖက်အပြန်အလှန်ပြောဆို ငြင်းခုံမှုတွေရှိနေပြီး၊ တဆက်တည်းမှာပဲ လူမျိုးရေး ဘာသာရေး အဓိကရုဏ်း တွေကို ဦးတည်စေတဲ့ အမုန်းစကားဖြန့်ဝေမှုကိစ္စတွေကိုပါ တပါတည်း ပြောဆိုလာကြတာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG