သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစိုးရထွက်ပေးဖို့ အမျိုးသားရေးလှုပ်ရှားသူအချို့ တောင်းဆိုဆန္ဒပြ


 ဆန္ဒပြပွဲကို ရဲအဖွဲ့က လုံခြုံရေးယူ (သတင်းဓါတ်ပုံ-Anthony Aung)
ဆန္ဒပြပွဲကို ရဲအဖွဲ့က လုံခြုံရေးယူ (သတင်းဓါတ်ပုံ-Anthony Aung)

အမျိုးသားရေး အင်အားစုတွေရဲ့ ဆန္ဒပြပွဲတွေကို ရန်ကုန်နဲ့ မန္တလေးတို့မှာ ဒီကနေ့ လုပ်ခဲ့ပါတယ်။ ဗုဒ္ဓဘာသာကို ကာကွယ်မပေးနိုင်တာတွေ၊ ပြည်တွင်းရေးကို ပုံကြီးချဲ့တာတွေ အပါအဝင် မကျေနပ်ချက် အတော်များများကို အမျိုးသားရေး ဆန္ဒပြသူတချို့က ကြွေးကြော်ခဲ့ကြတာပါ။ သံဃမဟာနာယက၊ သာသနာရေးဌာနတို့ အပါအဝင် အစိုးရဘက်က စေ့စပ်ဆွေးနွေးပေမယ့် ပြေလည်မှုတော့ မရခဲ့ပါဘူး။ မသိင်္ဂ ီထိုက် ဆက်သွယ် မေးမြန်းထားပါတယ်။

ရန်ကုန်မြို့က အထင်ကရ ရွှေတိဂုံ ဘုရား ကြေးသွန်းဘုရားကြီး အနောက်ဘက်မှာ ဗုဒ္ဓဘာသာ ဘုန်းကြီးတွေ၊ အမျိုးသား အမျိုးသမီးတွေ ဆန္ဒပြကြတာပါ။ ရန်ကုန်မြို့က ဆန္ဒပြသူတွေနဲ့ သွားရောက် ဆွေးနွေးခဲ့သူတွေထဲမှာ ကိုယ်တိုင်ပါဝင်ခဲ့တဲ့ ဗဟန်းမြို့နယ် လွှတ်တော်မဲဆန္ဒနယ် အမှတ် ၂ ရဲ့ တိုင်းဒေသကြီး လွှတ်တော် အမတ် ဦးသောင်းထွဋ်က ဆန္ဒပြပွဲ အခြေအနေကို အခုလို ပြောပါတယ်။

“ အခြေအနေလား အဲဒီမှာ ထိုင်သပိတ်ပြနေတယ် ခင်ဗျ။ ကြေးသွန်းဘုရားနားမှာ။ ကြေးသွန်းဘုရား အနောက်ဘက်ပေါ့နော်။ ရွှေတိဂုံ ဘုရားလည်း တံခါးတွေ ပိတ်ထားပါပြီ။ ဘာဖြစ်လို့လဲဆိုတော့။ အဲဒီမှာ ထိုင်သပိတ်လုပ်နေတယ်။ ဘုန်းကြီးက ၁၃ ပါး၊ လူက ၁၀ ဦး ယောက်ျားလေး၊ မိန်းကလေးက ၆ ဦး။ ထိုင်သပိတ်လုပ်နေတယ် ဟုတ်တယ်။ အခုထက်ထိဘဲ။ အဲဒီမှာ ရဲတွေရော ရှိတယ်။ ရဲကားတွေရော ထောင်ကားတွေရော အကုန်လုံး ရှိပါတယ်။ မော်တော်ပီကယ်တွေလည်း ရှိပါတယ်။ သတင်းထောက်တွေလည်း ရှိပါတယ်။ ”

သာသနာရေး၊ ပြည်ထဲရေးနဲ့ လွှတ်တော် အမတ်တွေ ပါတဲ့ အဖွဲ့တခုက ဆန္ဒပြသူတွေနဲ့ သွားရောက် ညှိနှိုင်းခဲ့ပေမယ့် မအောင်မြင်ခဲ့ဘူးလို့လည်း လွှတ်တော်အမတ် ဦးသောင်းထွဋ်က ပြောပါတယ်။

“ ကျနော်တို့သွားကြည့်ပြီးတော့ ကျနော်တို့ ဒီဘက်ကလည်း သွားပြီးတော့ ညှိကြပါတယ်။ ထွေအုပ်တို့ သာသနာရေးတို့ သွားညှိတယ်။ သူတို့က အဲဒါကို လက်မခံဘူးဗျ။ လက်မခံတဲ့ အတွက်ကြောင့် ထိုင်သပိတ်က အခုထက်ထိဘဲ။ တောင်းဆိုတာကတော့ အခုကျနော်တို့ အစိုးရ အခု ရန်ကုန်တိုင်း အစိုးရ ပေါ့နော်။ အခုလောလောဆယ် ကျနော်တို့ ပြည်သူ့ အစိုးရ တင်ထားတဲ့ အစိုးရကို သူတို့က ဖြုတ်ချခိုင်းတာပေါ့ဗျာ။ အဲလိုမျိုး သဘောမျိုး စာသားတွေ ရေးထားတယ်။ အလိုမရှိပေါ့ဗျာ။ အများကြီးပေါ့ အဲလိုတွေ ရေးထားပြီးတော့ လုပ်နေတာပါ။ အခုလောလောဆယ် ကျနော်တို့ ညှိတဲ့ဘက်မှာတော့ ရဲတွေကတော့ စောင့်ကြည့်နေတာပေါ့ဗျာ။ အပေါ်က အမိန့်ကို စောင့်တာပေါ့ဗျာ။ လောလောဆယ်မှာတော့ ကျနော်တို့ ပြည်ထဲရေး၊ ထွေအုပ်နဲ့ သာသနာရေးကတော့ သွားညှိတယ်။ ညှိတော့မှ မရဘူးဆိုတော့ သူတို့ဘာသာ ထိုင်သပိတ်ဆိုပြီးတော့မှ လုပ်နေတယ်။ အထက်က ဘာလုပ်မလဲ ဆိုတာတော့ မသိသေးဘူးခင်ဗျ။ ”

တချိန်တည်းမှာဘဲ မန္တလေးမြို့ မဟာမြတ်မုနိ ဘုရားကြီးမှာလည်း ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတွေ ပါဝင် ဆန္ဒပြခဲ့ကြပါတယ်။ မဟာမြတ်မုနိ ဘုရားကြီးဝင်း အတွင်း ရဟန်းတွေ အနေနဲ့ ဆန္ဒမပြကြဖို့ သံဃမဟာနာယက ဆရာတော်တွေ သွားရောက် ညှိနှိုင်းခဲ့ကြပေမယ့် ဆက်ပြီး ဆန္ဒပြကြပါတယ်။

“ အရှင်ဘုရားတို့ ခေါင်းဆောင်ပြီးတော့ လုပ်တဲ့ အခါမှာ ဆင်ဆင်ခြင်ခြင်လေးနဲ့ ဝိနည်း တရားနဲ့ စဉ်းစားပြီးတော့ အဲဒီလို ကြမ်းကြမ်းတမ်းတမ်းတွေနဲ့ မဖြစ်အောင် နောက်ပြီးတော့ နယ်မြေ အနေအထားကလည်း ဒီမဟာမြတ်မုနိ ဆိုတာက ကမ္ဘာကျော် ဘုရားကြီးပါ။ အဲဒီ နယ်မြေထဲမှာ ဒီလိုတွေ နောက်ပြီးတော့ ဆန္ဒတွေ ထုတ်ဖော်နေတယ်ဆိုတာ ဒါ တပည့်တော်တို့ သံဃအဖွဲ့အစည်း အနေနဲ့က ဒီလို မဖြစ်သင့်ဘူးဆိုတာကို တပည့်တော်တို့ ကိုယ်တိုင်လည်း အဲဒီ ခံယူချက် ရှိပါတယ်။ နောက် အထက်ကလည်းဘဲ အထက်ကဆိုတာ သံဃာ့အဖွဲ့အစည်း အဆင့်ဆင့်ပေါ့ ဘုရား။ တပည့်တော်တို့နဲ့ အထက်က အဆင့်ဆင့်ကလည်းဘဲ ဒီလိုတွေ ညွှန်ကြားလွှာတွေ နောက်ပြီးတော့ သံဃာ့ အဖွဲ့အစည်း အခြေခံ စည်းမျဉ်းတွေ အခြေခံ လုပ်ထုံးလုပ်နည်းတွေ အဲဒီဟာတွေ အတိုင်းကို တပည့်တော်တို့က လိုက်နာပြီးတော့ ကျင့်သုံးရတဲ့ အဖွဲ့ဆိုတာလည်း အရှင်ဘုရားတို့ သဘောပေါက်ပါတယ်နော်။ အဲဒါကြောင့် အရှင်ဘုရားတို့ကို တပည့်တော်တို့က မေတ္တာရပ်ခံတယ်။ ဆိုတော့ ဒီကိစ္စကို ဒီနေရာမှာ မလုပ်ပါနဲ့လို့ ဒါ တပည့်တော် အတိုဆုံး စကားကတော့ အဲဒါပါဘဲနော်။”

လက်ရှိ အချိန်မှာတော့ ရန်ကုန်မြို့က ဆန္ဒပြပွဲ အနီးမှာ လျှပ်စစ်မီးတွေ ဖြတ်တောက်ထားပြီး လုံခြုံရေးကိုလည်း တိုးမြှင့်ထားပါတယ်။ ဆန္ဒပြသူတွေကတော့ အသံတိတ်ဆက်ပြီး ဆန္ဒပြနေကြပါတယ်။ အမျိုးဘာသာသာသနာကို ကာကွယ်နေတဲ့ အမျိုးသားရေး တက်ကြွလှုပ်ရှား သူတွေကို အစိုးရက ဖိနှိပ်နေတယ်လို့ ဆန္ဒပြသူတွေက စွပ်စွဲကြပါတယ်။ ရန်ကုန်နဲ့ မန္တလေးက ဆန္ဒပြပွဲတွေမှာတော့ တောင်းဆိုချက်တွေ တူညီပေမယ့် ရန်ကုန်နဲ့ မန္တလေး ဆန္ဒပြပွဲတွေက အချင်းချင်း ချိတ်ဆက်မှု ရှိသလားဆိုတာနဲ့ ပတ်သက်လို့တော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG