သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

“မဘသ” ဆိုင်းဘုတ်ဖြုတ်ချဖို့ နောက်ဆုံးရက်တိုင် အရေးယူမှုမရှိသေး


ကရင်ပြည်နယ်နဲ့ မန္တလေးတိုင်းတို့မှာ မဘသ ဆိုင်းဘုတ်တွေကို မဖြုတ်သိမ်းပေးတာနဲ့ ပတ်သက်ပြီး နိုင်ငံ တော် သံဃာ့ မဟာနာယကအဖွဲ့ရဲ့ ညွှန်ကြားချက်အတိုင်း ဥပဒေကြောင်းအရ အရေးယူ ဆောင် ရွက်သွားမယ်လို့ သာသနာရေးဝန်ကြီးဌာနဘက်က ပြောလိုက်ပါတယ်။

“မဘသ” အမည်သုံးပြီး လှုပ် ရှားမှုတွေကို ရပ်တန့်ဖို့အပါအဝင် တနိုင်ငံလုံးမှာရှိတဲ့ “မဘသ” ဆိုင်းဘုတ်တွေကို ဇူလိုင်လ ၁၅ရက်နေ့ နောက်ဆုံးထား ဖြုတ်သိမ်းဖို့ မဟန က ညွှန်ကြားထားပေမယ့် အခုချိန်အထိတော့ တစုံတရာ အရေးယူဆောင်ရွက်တာ မရှိသေးပါဘူး။ သတင်းအပြည့်အစုံကိုတော့ ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် မမြင့်မြင့်ခိုင်က တင်ပြပေးပါမယ်။

“မဘသ” အမည်သုံးပြီး လှုပ်ရှားဆောင်ရွက်တာတွေကို ရပ်တန့်ဖို့အပါအဝင် မဘသ ဆိုင်းဘုတ်တွေကို ဇူလိုင်လ ၁၅ရက်နေ့ နောက်ဆုံးထားပြီး ဖြုတ်သိမ်းဖို့ နိုင်ငံတော် သံဃာ့ မဟာနာယကအဖွဲ့က ပြီးခဲ့တဲ့ မေလတုန်းက ကြေညာခဲ့တာပါ။

ဒါနဲ့ ပတ်သက်ပြီး ကရင်ပြည်နယ်နဲ့ မန္တလေးတိုင်းဒေသကြီးမှာ “မဘသ” ဆိုင်းဘုတ်တွေကို မဖျက် သိမ်းဘဲ နိုင်ငံတော်သံဃာ့မဟာနာယက အဖွဲ့ရဲ့ အမိန့်ကို လိုက်နာခြင်းမရှိတဲ့အပေါ် ဥပဒေကြောင်း အရ အရေးယူ ဆောင်ရွက်သွားမယ်လို့ သာသနာရေးဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်ဇော်ဝင်းက ပြောပါတယ်။

“လောလောဆယ်ကတော့ ကျနော်တို့ နိုင်ငံတော်သံဃာ့မဟာနာယက အဖွဲ့ရဲ့ အမိန့်ညွှန်ကြားချက်ကို မလိုက်နာတဲ့အနေအထားတွေဖြစ်နေတာပေါ့နော်။ အဲဒီအတွက်ကို ကျနော်တို့ နိုင်ငံတော်သံဃာ့မဟာနာယက ဆရာတော်ကြီးတွေကလည်း လက်ရှိအနေအထားကတော့ စောင့်ကြည့်နေတဲ့အနေအထားတွေရှိပါတယ်။ ဆုံးဖြတ်ချက်ကို မလိုက်နာရင်လည်း မလွှဲမရှောင်အရေးယူ ဆောင်ရွက်ဖို့ဆိုတာကတော့ ရှိပါတယ်ခင်ဗျ။ ကျနော်တို့အနေနဲ့ကတော့ သံဃာ့အဖွဲ့အစည်းအဆင့်ဆင့်ရဲ့ ညွှန်ကြားချက်ကို ဖောက်ဖျက်တယ်ဆိုတဲ့အတိုင်းအတာကတော့ သူ့လုပ်ထုံးလုပ်နည်း ဥပဒေအတိုင်းပဲ ဆက်လုပ်မှာဖြစ်ပါတယ်။ နိုင်ငံတော်သံဃာ့မဟာနာယက ကနေညွှန်ကြားတယ် သူတို့လုပ်ထုံးလုပ်နည်း လက်ရှိတည်ဆဲဥပဒေအရ ကျနော်တို့ သာသနာရေးဝန်ကြီးဌာန အနေနဲ့က ဆရာတော်ကြီးတွေ ညွှန်ကြားချက်အရ တရားစွဲဆိုရင် စွဲရမယ် ဒီလောက်ပဲရှိပါတယ်။”

မဘသ ဆိုင်းဘုတ်တွေကို မဖျက်သိမ်းပေးနိုင်ကြောင်း မန္တလေးတိုင်းဒေသကြီး မဘသနဲ့ ကရင် ပြည် နယ် မဘသအဖွဲ့တို့က ကြေညာချက်အသီးသီးထုတ်ပြန်ထားပြီး ဥပဒေ ဘောင်ကျော်ပြီး မဟနရဲ့ ကြေ ညာချက်တခုတည်းနဲ့ မဘသ ဆိုင်းဘုတ်တွေကို အကြမ်းဖက်ဖြိုခွင်းရင် ဖြစ်ပေါ်လာမယ့် နောက်ဆက် တွဲ ပြဿနာတွေဟာ အစိုးရ တာဝန်ပဲဖြစ်တယ်လို့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

မဘသ ဆိုင်းဘုတ်တွေကို လုံးဝ မဖြုတ်ပေးနိုင်သလို ဒါနဲ့ ပတ်သက်ပြီး ဥပဒေအရ အရေးယူမယ်ဆိုရင် လည်း ဂရုမစိုက်ဘူးလို့ မန္တလေးတိုင်းဒေသကြီး အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ ပြန် ကြားရေး တာဝန်ခံ ဆရာတော် ဘဒ္ဒန္တယသက မိန့်ပါတယ်။

“ဆိုင်းဘုတ်က မဖြုတ်ဘူးခင်ဗျ ဆိုင်းဘုတ်က ဘယ်လိုနည်းနဲ့မှ မဖြုတ်ဘူး။ သူတို့ အတင်းအဓမ္မ လာဖြုတ်ရင်တော့ မသိဘူးပေါ့လေ။ ကျုပ်တို့ သဘောထားကတော့ ကြေညာချက်အတိုင်းပဲ ဆိုင်းဘုတ်မဖြုတ်ဘူး ။ မဘသအနေနဲ့ ရပ်တည်မယ်။ ဥပဒေကြောင်းအရ အရေးယူဖို့ဆိုတာကတော့ သူတို့က ဇူလိုင်လ ၁၅ ရက်နေ့ ကမဖြုတ်ဘူးဆိုရင် ၁၆ ရက်နေ့ဆိုရင် တရားမဝင် တော့ဘူးပေါ့ သူတို့ကြေညာချက်အရ ပွင့်ပွင့်လင်းလင်းပြောရရင်တော့ မန္တလေးတိုင်းက ၈ ပါး လက်မှတ်ထိုးထားတယ်။ ဘုန်းဘုန်းအပါအဝင်ပေါ့နော် ။ သူတို့အရေးယူမယ်ဆိုရင်လည်း ယူ ဖမ်းမယ်ဆိုရင်လည်း ဖမ်း။ ဖမ်းလို့ ၆ လကနေ ၃ နှစ်အထိ ထောင်ချခွင့်ရှိတယ်။ ထောင်ကျသွားလို့ နောက်ပိုင်းဆူပူတာတွေကတော့ တာဝန်မယူဘူး ၊ မဆိုင်ဘူး။”

မဘသ ဆိုင်းဘုတ်တွေကို မဖြုတ်သိမ်းပေးအပေါ် ဖမ်းဆီးအရေးယူမှုတွေလုပ်လို့ ဖြစ်ပေါ်လာမယ့် နောက်ဆက်တွဲကိစ္စရပ်တွေကို တာဝန်မယူဘူးလို့လည်း မဘသ ဆရာတော် ဘဒ္ဒန္တယသက ဆိုပါတယ်။

မဘသ အမည်နဲ့ လှုပ်ရှားဆောင်ရွက်မှုတွေ ဆက်ရှိနေရင် ပြည်ထဲရေးဝန်ကြီး ဌာနအနေနဲ့ ဥပဒေအရ အမြန် ဆုံး အရေးယူဆောင်ရွက်ဖို့လည်း မေလ ၂၃ရက်နေ့ မဟနရဲ့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။ ဒါပေမယ့် မဘသ ဆရာတော် တချို့ကတော့ ပြည်ထဲရေးဌာနအနေနဲ့ အခြေအနေကို နားလည်ပြီး အရေးယူတာမျိုး လုပ်မှာမဟုတ်ဘူးလို့ ပြည်တွင်း မီဒီယာတွေကို ဖြေကြားထားတာလဲ ရှိပါတယ်။

မဘသအဖွဲ့ဟာ ၂၀၁၄ခုနှစ် ဇန်နဝါရီအတွင်းမှာ ပထမဆုံးအကြိမ် ညီလာခံခေါ်ယူ ဖွဲ့စည်းခဲ့တာဖြစ်ပြီး ဒီအဖွဲ့မှာ ရဟန်းသံဃာတွေရော၊ လူပုဂ္ဂိုလ်တွေပါ ပါဝင်တာဖြစ်ပါတယ်။ အမျိုးသာသာ သာသနာ ကာ ကွယ်စောင့်ရှောက်ရေးဆိုပြီး အမျိုးသားရေးလှုပ်ရှားမှုတွေမှာ ဦးစီး ဦးဆောင်ပြုခဲ့ပြီး မဘသအဖွဲ့ထဲက ဦးဆောင်သူတချို့ဟာ လူမျိုးရေး ဘာသာရေးအဓိကရုဏ်းတွေဖြစ်အောင် လှုံ့ဆော်မှုတွေရှိခဲ့တယ်လို့ စွပ်စွဲခံနေရတာပါ။ လက်ရှိ NLD အစိုးရ တက်လာပြီးတဲ့နောက် မဘသအဖွဲ့နဲ့ အာဏာပိုင်တွေကြား တင်းမာမှုတွေ ပိုကြီးလာခဲ့သလို၊ လူမျိုးရေး၊ ဘာသာရေး အသွင် ဆောင်တဲ့ အမျိုးသားရေးလှုပ်ရှားမှုတွေလည်း ခပ်စိပ်စိပ်ဖြစ်လာတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG