သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သံဃမဟာနာယက ကြေညာချက် မဘသ ကန့်ကွက်ရန် မရှိ


 နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ရဲ့ ၄၇ ပါး စုံညီ အစည်းအဝေး (ဇွန်လိုင် ၁၃၊ ၂၀၁၆)
နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ရဲ့ ၄၇ ပါး စုံညီ အစည်းအဝေး (ဇွန်လိုင် ၁၃၊ ၂၀၁၆)

နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ကြီးရဲ့ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့ မဘသ နဲ့ ပတ်သက်ပြီး ထုတ်ပြန်လိုက်တဲ့ ကြေညာချက် အပေါ် ကန့်ကွက်စရာ မရှိဘူးလို့ မဘသ ပြောခွင့်ရ ဆရာတော်က မိန့်ပါတယ်။ တချိန်တည်းမှာဘဲ အစိုးရဘက်ကလည်း(မဘသ) အနေနဲ့ ဘာသာရေး လူမျိုးရေး အမုန်းစကား ဖြန့်ဝေမှုတွေ မလုပ်ရင် ဘာသာရေး အခြေခံတဲ့ လူမှုရေး အဖွဲ့တခုအဖြစ် ဆက်လက် ရပ်တည်သွားနိုင်မယ်လို့ ပြောဆိုပါတယ်။ မသိင်္ဂ ီထိုက် စုစည်းတင်ပြထားပါတယ်။

ဗုဒ္ဓဘာသာဘုန်းတော်ကြီးတွေ ဦးဆောင်ဖွဲ့စည်းထားတဲ့ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့ မဘသ အနေနဲ့ အမုန်းစကား ဖြန့်ဝေတာတွေ ဆက်မလုပ်ဘူးဆိုရင်တော့ လူမှုရေး အသင်းအဖွဲ့တခုအနေနဲ့ ရေရှည် ဆက်လက် ရည်တည်သွားနိုင်မယ်လို့ သာသနာရေးနဲ့ ယဉ်ကျေးမှု ဝန်ကြီး သူရ ဦးအောင်ကိုက ပြောဆိုလိုက်ပါတယ်။

“ဘာသာတခုနဲ့တခုအကြား ဘာသာကိုအခြေခံပြီးမှ လူမျိုးတမျိုးနဲ့တမျိုးအကြားမှာ ပဋိပက္ခတွေ ဖြစ်စေဖို့အတွက်ကို Hate Speech တွေပေါ့လေ အမုန်းစကားဖြန့်မူကို မလုပ်ဘူးဆိုရင် သူသည် ခုနက ဘာသာရေးကိုအခြေခံတဲ့ လူမှုရေးအဖွဲ့အစည်းတရပ်အနေနဲ့ ရေရှည်ရပ်တည်သွားနိုင်မယ်လို့ ယုံကြည်ပါတယ်။”

နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ရဲ့ ၄၇ ပါး စုံညီ အစည်းအဝေးကို တက်ရောက်လာရင်း သတင်းထောက်တွေကို ဝန်ကြီး သူရ ဦးအောင်ကိုက ပြောဆိုသွားတာ ဖြစ်ပါတယ်။ ဒါ့အပြင် မဘသ အဖွဲ့ အနေနဲ့ အာဏာရှင် စနစ်ကို ပြန်သွားလိုသူတွေရဲ့ အသုံးချခံ မဖြစ်ဖို့လည်း လိုအပ်တယ်လို့ ပြောဆိုသွားတာပါ။ မဘသ အဖွဲ့ကြီးရဲ့ ပြောခွင့်ရ ဆရာတော် တပါးဖြစ်တဲ့ ဒေါက်တာ သောပါက မဟန အဖွဲ့ကြီးရဲ့ ထုတ်ပြန်ချက်ကြောင့် မဘသရဲ့ မူလ ရည်မှန်းချက် ဆောင်ရွက်ချက်တွေ အပေါ်မှာ သက်ရောက်မှု ရှိမှာ မဟုတ်သလို မဟနရဲ့ ထုတ်ပြန်ချက်ကိုလည်း ကန့်ကွက်စရာ မရှိဘူးလို့ ပြောပေမယ့် ဝန်ကြီးရဲ့ ပြောဆိုချက်ကိုတော့ မရှင်းဘူးလို့ အခုလို မိန့်ကြားပါတယ်။

“သာသနာရေးဝန်ကြီးဌာနကို ဒကာမကြီးတို့မေးချင်တာက အာဏာရှင်ဘယ်သူလဲ ဆိုတာကို ဦးပဉ္စင်းတို့ အရင် သိချင်တယ်။ အဲဒါသိမှ ဦးပဉ္စင်းတို့ပြောလို့ရမှာ အာဏာရှင်ကို ဦးပဉ္စင်းတို့မသိဘူး။ အခု သိတဲ့အာဏာရှင်ကတော့ လက်ရှိ အစိုးရသာလျှင်အာဏာရှင်လို့ ဘုန်းဘုန်းတို့က ဒီလိုပဲမြင်တာကို ။ ဒကာမကြီးတို့မြင်တာက ဘယ်လိုလဲ။ ဒါမှမဟုတ် သာသနာရေးဝန်ကြီးက အာဏာရှင်ကို ဘယ်သူလဲပေါ့ ပြည်သူက ဘယ်လိုမြင်နေသလဲ သာသနာရေးဝန်ကြီးက ဘယ်လိုမြင်နေသလဲ။ ဦးပဉ္စင်းတို့မသိဘူး မေးကြည့်ပေးပါလား။ ဒီကိစ္စတော့ ဘာမှမပြောတတ်ဘူး။

မေး။ ။ တင်ပါ့ဘုရား။ အခုဒီ မဟနရဲ့ ထုတ်ပြန်ချက်အပေါ်မှာရော ၊ နောက် အစိုးရရဲ့ မဘသအပေါ်မှာထားတဲ့ သဘောထားအပေါ်မှာရော ဦးပဉ္စင်းအနေနဲ့ ဘာများမိန့်ချင်ပါသလဲရှင့်။

ဖြေ။ ။ လက်တလောသူပြောတဲ့စကားတွေအပေါ်မှာတော့ မိန့်စရာဘာမှမရှိသေးဘူး ဒကာမကြီးရဲ့။ထူးထူးခြားခြားကိုမရှိသေးဘူး။ ထူးထူးခြားခြားဖြစ်ခဲ့တာကတော့ ဦးဖြိုးမင်းသိန်းက လက်လွတ်စပယ် ဘောင်ကျော်ပြီးတော့ ပြောခဲ့တဲ့စကားပေါ်မှာဘုန်းဘုန်းတို့က ဒါ မပြောသင့်တဲ့စကား ဖြစ်တဲ့အတွက်ထူးထူးခြားခြား ဖြစ်ခဲ့တယ်။ အဲဒီအပေါ်မှာ ဘုန်းဘုန်းတို့လာပြီးတော့ ညှိနှိုင်းပွဲတွေလုပ်ကြတယ်။ အဲဒါကတော့ ထူးခြားတယ်။ နောက်ပိုင်းပြောတဲ့စကားတွေက ထူးခြားမှုမရှိဘဲနဲ့ကို ဆရာတော်ကြီးတွေပြောတာလည်းပဲ သိပ်ပြန်ပြီးတော့ ပြန်ပြောစရာမရှိဘူးလေ။ သူတို့ဆောင်ရွက်ချက်တွေက မှန်တာပဲလေ။ ဒါကြောင့်မို့လို့ ဦးပဉ္စင်းတို့က သိပ်ပြီးထွေထွေထူးထူးမရှိပါဘူး။”

ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက မဘသ အဖွဲ့ ရှိဖို့ မလိုအပ်တော့ဘူးဆိုတဲ့ ပြောဆိုချက်ကို အစိုးရ အဖွဲ့ဘက်က ဒီလ ၁၄ ရက်နောက်ဆုံးထား တောင်းပန်ဖို့ မဘသ အဖွ့ဲက တောင်းဆိုတဲ့ ကြေညာချက်ကို ထုတ်ခဲ့တာပါ။ မနေ့ကတော့ နိုင်ငံတော် သံဃမဟာနာယက အဖွဲ့က ဒီကြေညာချက်ကို ကန့်ကွက်တယ်လို့ဦးဆောင် ဆရာတော် ၁၄ ပါး လက်မှတ်နဲ့ ကြေညာလိုက်တာပါ။ မဘသ အဖွဲ့ဟာ သံဃာ့အဖွဲ့အစည်း လုပ်ထုံးလုပ်နည်း လမ်းညွှန်ချက်တွေနဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့မဟုတ်ဘူးလို့လည်း ကြေညာချက်က ဖော်ပြပါတယ်။ ဒီကြေညာချက် ထွက်မလာခင် နာရီပိုင်းအတွင်းမှာဘဲ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့ မဘသ ကလည်း မဘသ အဖွဲ့ဟာ သံဃာ့ အဖွဲ့အစည်းတခု မဟုတ်ဘဲ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတွေ၊ လူပုဂ္ဂိုလ်တွေနဲ့ ဖွဲ့စည်းထားတဲ့ သာသနာပြု အဖွဲ့သာ ဖြစ်တယ်လု့ိ ကြေညာခဲ့တာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG