သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စွမ်းအင်ပြတ်လပ်မှုကြောင့် မြန်မာစီးပွားရေး လုပ်ငန်းရှင်တွေ အခက်ကြုံ 


ယခင်မှတ်တမ်းရုပ်ပုံ | ရန်ကုန်မြို့ပေါ် လျှပ်စစ်မီးပြတ်နေသည့် မြင်ကွင်းတခု
ယခင်မှတ်တမ်းရုပ်ပုံ | ရန်ကုန်မြို့ပေါ် လျှပ်စစ်မီးပြတ်နေသည့် မြင်ကွင်းတခု

မြန်မာနိုင်ငံမှာ လျှပ်စစ်မီးပေးချိန်ကို လျှော့ချလိုက်သလို စက်မှုလုပ်ငန်းရှင်တွေအတွက် စက်သုံးဆီကို ဆိုင်တွေမှာ မရောင်းပေးတော့တဲ့အတွက် လုပ်ငန်းတွေပြန်လည်ပတ်ဖို့ အခက်အခဲ အများကြီးရှိနေတယ်လို့ အသေးစား၊ အလတ်စား လုပ်ငန်းရှင်တချို့က VOA ကိုပြောပါတယ်။ စွမ်းအင်ပြတ်လပ်မှုကြောင့် စီးပွားရေး လုပ်ငန်းတွေမှာ အခက်ကြုံနေရတဲ့ အခြေအနေနဲ့ ပတ်သက်လို့ ရန်ကုန်က သတင်းပေးပို့ထားပါတယ်။

အိမ်တွင်းစက်မှုလက်မှုနဲ့ အသေးစား၊ အလတ်စား ကုန်ထုတ်လုပ်ငန်းရှင်တွေ စက်သုံးဆီနဲ့ လျှပ်စစ်မီး အလုံအလောက်မရလို့ လုပ်ငန်းဆက်ပြီး လည်ပတ်လို့မရဘူးဆိုတဲ့ ကိစ္စတွေ အခုနှစ်စမှာ ကြုံတွေ့နေရကြောင်း လုပ်ငန်းရှင်တချို့က ဗွီအိုအေကို ပြောပါတယ်။ စက်သုံးဆီဆိုင်တွေမှာ အရင်က လုပ်ငန်းအသုံးပြုဖို့ ဝယ်ယူလို့ရပေမဲ့ မကြာသေးခင်က ဒါကို ကန့်သတ်လိုက်တယ်လို့ မုန့်လုပ်ငန်းရှင်တဦးက VOAကို ပြောပါတယ်။ လုပ်ငန်းရှင်တွေ ဝယ်မယ်ဆိုရင် ဆီသိုလှောင်ရုံတွေနဲ့ တိုက်ရိုက်ချိတ်ဆက်ပြီး ဝယ်ရကြောင်း သူက ပြောပါတယ်။

"အပြင်ဆိုင်တွေက အခု လုပ်ငန်းရှင်တွေကို မရောင်းတော့ဘူး၊ စက်မှုဇုံတွေကို မရောင်းတော့ဘူး။ မရောင်းတော့ စက်မှုဇုံတွေ၊ ဟိုတယ်တွေက ဆီလာဝယ်ရင် ဂိုထောင်မှာ ၈သိန်းခွဲစျေးလောက် ပေါက်သွားတယ်။ ဆိပ်ကမ်း သီလဝါ သိုလှောင်ရုံမှာပဲ ဝယ်နေရတာပါဗျ။ ကားတွေအတွက်က ဆီဆိုင်တွေက ရောင်းတော့ရောင်းပေးတယ် လိုသလောက် ရောင်းမပေးဘူး။ သူတို့က စာပါကပ်ထားတယ်လေ မရောင်းပါဆိုပြီး ရေးထားတယ်။ ပီပါနဲ့လာဝယ်၊ ပုံးနဲ့လာဝယ် မရောင်းပါဆိုပြီး ရေးထားတယ်။ စက်မှုဇုံအဖွဲ့ကလွဲလို့ ကျန်တဲ့ဟာအားလုံး လိုသလောက် မရဘူး၊ မီးစက်တွေ လုပ်ငန်းရှင်တွေ ဆိုင်တွေက ရောင်းမပေးတော့တာ။"

ကုန်ထုတ်လုပ်ငန်းရှင်တွေနည်းတူ ခရီးသွားလုပ်ငန်းတွေကိုလည်း စက်သုံးဆီကို အရင်လို လိုသလောက် ဝယ်လို့မရတော့ပါဘူး။ ဧရာဝတီတိုင်းက ဆန်စက်လုပ်ငန်းရှင် တဦးကတော့ သူတို့အနေနဲ့ လျှပ်စစ်ကို အလုံအလောက် မရနိုင်ဘူးဆိုရင် အခြေခံဆန်စျေးနှုန်းလည်း တက်လာလိမ့်မယ်လို့ VOA ကို ပြောပါတယ်။

"ဒီဆန်စျေးနှုန်း ဘာညာဆိုတာကတော့ ထုတ်ကုန်၊ သွင်းကုန်အပေါ်မှာ မူတည်တယ်ဆိုသလိုပဲ အဘက်ဘက်က သူ့ဟာနဲ့သူ ဆင့်ကဲဆင့်ကဲပေါ့နော်။ အခုဆိုရင် အကိုတို့စက်တွေမှာက နိုင်ငံကမီးပေးလို့ ၂၄နာရီမှာ ၅နာရီလောက်ပဲ ကောင်းကောင်းရတဲ့သဘော ရှိတာပေါ့နော်။ အင်အားရှိတဲ့စက်တွေမှာ generator တွေဝယ်ရတယ်။ ကိုတို့စက်တွေမှာ ဒီဇယ်နဲ့မောင်းတာ ၂လုံးသုံးရတယ်။ ကြိတ်ခတွေ လျော့သွားတာနဲ့ စပါးစျေးလည်း အဘက်ဘက်က ပြန်ပြီး ဆင်းသွားနိုင်တာပေါ့။ မီးကို ၂၄နာရီမှာ ၆နာရီသီးသန့် (၆နာရီဆက်တိုက်) ရမယ်ဆိုရင် ကိုတို့ဆန်စက်တွေ အားလုံးအိုကေတယ်။"

တချို့မြို့နယ်တွေမှာ စက်သုံးဆီကို များများစားစားဝယ်ယူဖို့ အတော်လေး ခက်ခဲနေပါတယ်။ ပြည်တွင်း အွန်လိုင်းသတင်း တချို့မှာတော့ စစ်ကိုင်း၊ ရခိုင်နဲ့ ဧရာဝတီတိုင်းကို ဖြတ်သန်းမယ့် စက်သုံးဆီတွေကို စစ်ကောင်စီက တရားမဝင်ကုန်သွယ်တယ်လို့ ခေါင်းစဉ်တပ်ပြီး တင်းတင်းကြပ်ကြပ် ဖမ်းဆီးပိတ်ဆို့နေပါတယ်။

စစ်ကောင်စီ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ လျှပ်စစ်ဖြန့်ဖြူးရေး လုပ်ငန်းတချို့ ဖျက်ဆီးခံရတာကြောင့် ဓာတ်အားထုတ်လုပ်ဖို့ အခက်အခဲဖြစ်နေကြောင်း ပြောပါတယ်။ ဒါကြောင့် လျှပ်စစ်မြန်မြန်ရနိုင်မယ့် နေစွမ်းအင်စနစ်ကို အသုံးချကြဖို့ ဇန်နဝါရီလ ၁၀ရက်က မိတ္ထီလာမြို့မှာ အသေးစား၊ အလတ်စား စီးပွားရေး လုပ်ငန်းရှင်တွေကို စစ်ကောင်စီအကြီးအကဲက ပြောခဲ့တာပါ။ ပြီးခဲ့တဲ့နှစ် ၂၀၂၄ အစောပိုင်းမှာလည်း စက်သုံးဆီတွေ ကန့်သတ်တာ၊ လျှပ်စစ်မီးကို အလုံအလောက် မပေးတာကြောင့် ကုန်စျေးနှုန်း ရုတ်တရက် တက်လာပြီး ၂၄ပြည်ပါ ဆန်ချောတအိတ်ကို ကျပ်၂သိန်းအထိ ရောက်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG