သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထုတ်လုပ်မှုစရိတ် ကြီးမြင့်မှု ဆန်ဈေးကွက်ကိုရိုက်ခတ်


ရန်ကုန်ဆိပ်ကမ်းမှာ ဆန်အိတ်ထမ်းနေတဲ့ အလုပ်သမားတဦးကိုတွေ့ရစဉ် (ဇွန် ၂၈၊ ၂၀၂၃)
ရန်ကုန်ဆိပ်ကမ်းမှာ ဆန်အိတ်ထမ်းနေတဲ့ အလုပ်သမားတဦးကိုတွေ့ရစဉ် (ဇွန် ၂၈၊ ၂၀၂၃)

မြန်မာနိုင်ငံ ဆန်ထုတ်လုပ်မှုတွေမှာ လျှပ်စစ်ဓာတ်အား မလုံလောက်တာ အပါအဝင် ထုတ်လုပ်မှုစရိတ်တွေ တိုးလာတာကြောင့် ဆန်ဈေးတွေ တက်နေရတယ်လို့ လုပ်ငန်းရှင်တွေက ပြောပါတယ်။ စပါးဈေးကျနေပေမဲ့ ထုတ်လုပ်မှုစရိတ်တွေ တိုးလာနေတာကြောင့် ဆန်ဈေးတက်တဲ့ အခြေအနေကို မထိန်းနိုင် ဖြစ်နေရတာလို့လည်း ပြောကြပါတယ်။ မြန်မာနိုင်ငံ ဆန်ထုတ်လုပ်မှု အခြေအနေနဲ့ ပတ်သက်လို့ ရန်ကုန်က သတင်းပေးပို့ ထားတာကို ကိုစည်သူ တင်ပြထားပါတယ်။

စပါးစျေးက တင်းတရာကို ကျပ်၂၂သိန်း ဝန်းကျင်ကနေ ၁၈ သိန်းလောက်အထိကျသွားတယ် ဆိုပေမဲ့ ဆန်စျေးကတော့ ၂၄ ပြည်ဝင် ဆန်ချောအိတ်ကို လက်လီစျေးကွက်မှာ ၁၈၀,၀၀၀ ကျပ်လောက် ဖြစ်လာပါတယ်။ ဆန်စျေးနှုန်းမကျတာက လျှပ်စစ်မီး မမှန်တာကြောင့်လို့ ဆန်လုပ်ငန်းရှင်တွေက ပြောပါတယ်။ တရက်ကို ၆နာရီလောက် ဆက်တိုက်မီးရမယ်ဆိုရင် ကြိတ်ခွဲစရိတ်သက်သာပြီး စျေးကျသွားနိုင်ကြောင်း ဆန်စက်လုပ်ငန်းရှင်များအသင်းရဲ့ အဖွဲ့ဝင်တဦးက ဗွီအိုအေကို ပြောပါတယ်။

" အင်အားရှိတဲ့ (ဆန်)စက်တွေမှာ ဂျင်နရေတာတွေ ဝယ်ရတယ်။ ကိုယ်တို့စက်တွေဆိုရင် ဒီဇယ်နဲ့မောင်းတာ ၂လုံးသုံးရတယ်။ တနာရီကို ၆ဂါလံကနေ ၇ ဂါလံအထိကုန်တယ်။ နိုင်ငံတော်က မီးပေးမယ်ဆိုရင် ၂၄ နာရီမှာ ၆နာရီကိုသီးသန့် အပြည့်ရမယ်ဆိုရင် ဒီကုန်ကျစရီတ်က အဲလောက် မရှိတော့ဘူး။ ကြိတ်ခတွေလျော့သွားမယ်၊ ကြိတ်ခတွေ လျော့သွားတာနဲ့ စပါးစျေးလည်း ဝယ်ရမယ်ဆိုရင် လျှော့ဝယ်စရာ အကြောင်းမရှိတော့ဘူး။ ဆန်စျေးကြလည်း တင်ရောင်းစရာ အကြောင်းမရှိတော့ဘူးပေါ့နော်။ မီးမှန်ရင် ကုန်စျေးနှုန်းလည်း သူ့ဖာသူ ဆင်းလာမှာပေါ့။ လောလောဆယ် မိနစ်၂၀လောက်ပဲ လာတယ်ပေါ့ကွာ၊ မိနစ် ၂၀ပဲလာတယ် ၁၀မိနစ်လောက်ကြ ဖြတ်ပစ်လိုက်တယ်။ နောက်ပြီး မိနစ်၂၀လောက် ထပ်လာတယ်။ အဲဒါကြ ကိုယ်တို့ဆန်စက်ကြ လုပ်ချိန်မရှိတော့ဘူး။"

ပြည်တွင်းစားတဲ့ ဆန်ချောစျေးက ၂၄ပြည် တအိတ်ကို ၁၄၀,၀၀၀ ကျပ်ဝန်းကျင်ကနေ ၁၈၀,၀၀၀ အထိ လက်လီစျေးကွက်မှာရှိနိုင်ပါတယ်။ နယ်စွန်နယ်ဖျားတွေမှာတော့ လမ်းခရီးကြောင့် ၂သိန်းလောက်ရှိနိုင်ကြောင်း ဆန်လက်လီလုပ်ငန်းရှင်တွေက ခန့်မှန်းပါတယ်။ ရန်ကုန်က ဆန်လက်ကား ရောင်းချသူတဦးက အခုလိုပြောပါတယ်။

" လက်ရှိကတော့ အဘက်ဘက်က ကုန်စျေးနှုန်းက အကုန်ထိုးတက်တာကိုး။ ဝန်ထမ်းရှားပါးမှုအရ ပိုက်ဆံ ပိုသုံးရမှာပေါ့နော်။ အရင် ဆန်အိတ်တအိတ်က နယ်ကနေ ရန်ကုန်လာရင် တအိတ်ရဲ့ ကုန်ကျစရိတ်က သင်္ဘောနဲ့သယ်လာရင် တထောင်လောက်ပဲ ကျတာ။ အခုက ၂,၀၀၀ ဝန်းကျင် ဖြစ်သွားပြီ။ အကိုတို့ဆီကနေ တခါ transport ပြန်လုပ်ရင် ခါတိုင်းတအိတ်ကို (ကျပ်) ၃၀၀ လောက်သုံးနဲ့နေရာမှာ ၆၀၀ လောက်သုံးလာရတယ်။ ရွှေဘိုပေါ်ဆန်းတွေဆို (တအိတ်) ၁၇၀,၀၀၀ ပတ်ချာလည်မှာပဲ ရှိသေးတယ်၊ လက်လီဆိုင်တွေမှာတော့ ၁၈၀၀၀၀ လောက် ရောင်းပြီပေါ့။"

၂၀၂၂-၂၀၂၃ လောက်က ဆန်ချောတအိတ်ကို ကျပ်တသိန်းလောက်ပဲ ရှိခဲ့တာပါ။ စားသုံးသူတွေကတော့ ဆန်ချောတပြည်ကို ကျပ် ၈,၀၀၀ လောက်ပေးဝယ်ရလို့ ငြီးတွားနေကြပါတယ်။ ဒီနှစ် မိုးစပါးက တင်းတရာကို ကျပ် ၂၂ သိန်းအထိ စျေးကောင်းခဲ့တာပါ။ နွေစပါးစျေးကလည်း တင်းတရာကို ကျပ်၁၅သိန်းကနေ ၁၈သိန်းကြား ပေါက်စျေးရှိနေပါတယ်။ ပြည်ပပို့ဖို့အတွက် အဝယ်လိုက်လာပြီ ဆိုရင်တော့ နွေစပါးလည်း စျေးကောင်းလာနိုင်ကြောင်း လယ်သမားတချို့က ပြောပါတယ်။

ဧရာဝတီတိုင်းက လယ်သမားတွေကတော့ ဒီနှစ်နွေမှာ ရာသီဥတုပူပြီး စပါးကြိုက်တဲ့ရာသီဖြစ်လို့ တဧကကို တင်း ၁၅၀ လောက်ထွက်တယ်လို့ ပြောပါတယ်။ မနှစ်ကထွက်တဲ့ တဧက တင်း ၉၀၊ ၁၀၀ ထက်စာရင် ပိုပြီး တွက်ခြေကိုက်တယ်လို့ ဗွီအိုအေကို ပြောပါတယ်။ အကြွေးမယူတဲ့သူ၊ ကိုယ်ပိုင်လယ်လုပ်တဲ့သူ ဆိုရင်တော့ ဒီစျေး၊ ဒီအထွက်နှုန်းနဲ့ဆိုရင် အဆင်ပြေနိုင်ကြောင်း လယ်သမားတချို့က ပြောခဲ့တာပါ။

Forum

XS
SM
MD
LG