သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်တပ်ကိုအရေးယူရင် ဖြစ်လာနိုင်ခြေအကျိုးဆက် အမေရိကန်-အာဆီယံ စီးပွားရေးကောင်စီ ထောက်ပြ


UMFCCI တာဝန်ရှိသူများနှင့် US-ASEAN စီးပွားရေးကောင်စီ၊ အမေရိကန်စီးပွားရေးလုပ်ငန်းများ ဆွေးနွေးပွဲ (စက်တင်ဘာ ၃၀၊ ၂၀၁၉) (ခရက်ဒစ် UMFCCI တရားဝင် Facebook စာမျက်နှာ)
UMFCCI တာဝန်ရှိသူများနှင့် US-ASEAN စီးပွားရေးကောင်စီ၊ အမေရိကန်စီးပွားရေးလုပ်ငန်းများ ဆွေးနွေးပွဲ (စက်တင်ဘာ ၃၀၊ ၂၀၁၉) (ခရက်ဒစ် UMFCCI တရားဝင် Facebook စာမျက်နှာ)

ရခိုင်ပြည်နယ်အကျပ်အတည်းမှာ တာဝန်ယူမှု၊ တာဝန်ခံမှုရှိလာစေဖို့ မြန်မာစစ်တပ်ကို အမေရိကန်ဘက်က ပစ်မှတ်ထား အရေးယူမယ့်ကိစ္စမှာ စီးပွားရေးပိတ်ဆို့မှုတွေပါ ပါလာမယ်ဆိုရင် မြန်မာနိုင်ငံရဲ့ စီးပွားရေးလုပ်ငန်းတွေကို ထိခိုက်နိုင်တယ်လို့ အမေရိကန် လုပ်ငန်းရှင်တွေဘက်ကမြင်ကြောင်း အမေရိကန်-အာဆီယံ စီးပွားရေးကောင်စီက ပြောပါတယ်။ မအင်ကြင်းနိုင်က တင်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ အမေရိကန် ရင်းနှီးမြှုပ်နှံမှုတွေကို တိုးမြှင့်လုပ်ဆောင်ဖို့ ရည်ရွယ်ချက်နဲ့ ဝါရှင်တန်ဒီစီအ ခြေစိုက် အမေရိကန်-အာဆီယံ စီးပွားရေးကောင်စီ ဦးဆောင်တဲ့ အမေရိကန်လုပ်ငန်းရှင်များအဖွဲ့ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလအကုန်က မြန်မာနိုင်ငံကို သွားရောက်ပြီး အစိုးရတာဝန်ရှိသူတွေအပါအဝင် မြန်မာကုန်သည် စက်မှုအသင်းချုပ်နဲ့ တွေ့ဆုံဆွေး နွေးခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ လက်ရှိ ရင်းနှီးမြှုပ်နှံလုပ်ကိုင်နေတဲ့ Chervon, Ford, Google, Amazon၊ Coca-Cola၊ MasterCard, Visa စတဲ့ အမေရိကန် စီးပွားရေး ကုမ္ပဏီကြီးတွေရဲ့ ကိုယ်စားလှယ်တွေလည်း အဲဒီအဖွဲ့မှာ ပါဝင်ခဲ့တာပါ။ ဒါကြောင့် အမေရိကန် လွှတ်တော်နဲ့ အစိုးရဘက်က မြန်မာစစ်တပ်အပေါ် ပစ်မှတ်ထား ပိတ်ဆို့အရေးယူရေး ကြိုးပမ်းချက်တွေအပေါ်မှာ အမေရိကန်လုပ်ငန်းရှင်တွေဘက်က ဘယ်လိုသဘောထားရှိပါသလဲ။ အမေရိကန်-အာဆီယံ စီးပွားရေးကောင်စီရဲ့ မြန်မာနိုင်ငံပူးပေါင်းဆောင်ရွက်ရေးမှူး ကိုလှဘုန်းမြင့်က အခုလိုပြောပါတယ်။

“အမေရိကန်လွှတ်တော် အမေရိကန်အစိုးရဘက်က မြန်မာစစ်တပ်ကို တာဝန်ယူမှုနဲ့ ဆက်စပ်ပြီးတော့ ပိတ်ဆို့မှုတွေလုပ်ချင်တယ်၊ စီးပွားရေးပိတ်ဆို့မှုတင်မကဘူး ဗီဇာကိစ္စတွေမှာ လုပ်ချင်တဲ့ သဘောထားတခုထွက်လာတယ်။ ထွက်လာတဲ့အခါမှာ စီးပွားရေးဘက်ကို အဲဒီပိတ်ဆို့မှုရောက်သွားရင် ဖြစ်လာနိုင်တဲ့နောက်ဆက်တွဲဆိုးကျိုး တွေနဲ့ ပြည်တွင်းမှာရှိတဲ့ စီးပွားရေးကို ရိုက်ခိုက်နိုင်တယ်ဆိုတာကို ကျနော်တို့ မြင်တယ်။ အဲဒါကြောင့် အနာတခြား ဆေးတခြား ပေါ့နော်။”

မြန်မာနိုင်ငံမှာ စစ်တပ်နဲ့ မကင်းတဲ့ စီးပွားရေးလုပ်ငန်းအမြောက်အများရှိနေတဲ့အတွက် ဒါတွေကို ပိတ်ဆို့အရေးယူမယ့်အစား မြန်မာနိုင်ငံရဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေနဲ့အညီ ပြည်တွင်းကုမ္ပဏီတွေ နဲ့ ပူးပေါင်းဆောင်ရွက်ပြီး တိုးတက်အောင်လုပ်သင့်တယ်လို့ မြင်ကြောင်း ကိုလှဘုန်းမြင့်က ဆိုပါတယ်။

“ဒီလိုမျိုး တပ်နဲ့ ဆက်စပ်တဲ့ စီးပွားရေးလုပ်ငန်းတွေ အကုန်လုံးကိုလည်း စီးပွားရေး ပိတ်ဆို့မှုအထဲ ထည့်ရင် အဲဒီတိုက်ရိုက်ဆက်စပ်နေတဲ့ လုပ်ငန်းတွေကထားပါတော့။ ဒါပေမယ့် ဒီလိုမျိုး ရှိနေပြီဆိုကတည်းက လိုက်ပြီးတော့ ရှေ့နေဌားရ၊ researcher တွေဌားရနဲ့ ဒီဟာ ရှိမရှိကို လိုက်စစ်တဲ့ Processes ကြီးက အချိန်လည်းကြာတယ်၊ ငွေလည်းကုန်တယ်။ ပြီးရင်လူအင်အားလည်း အများကြီးသုံးရတယ်။ အဲဒီတော့ တော်ရုံ ကုမ္ပဏီအကြီးတွေဆိုရင် ကျနော်မပြောဘူး၊ Cocacola တို့လို ကုမ္ပဏီအကြီးတွေဆိုရင် ဒါတတ်နိုင်တယ်။ ဒါပေမယ့် SME တွေကျတော့ ဒါမျိုး ရှိနေပြီဆိုကတည်းက သူတို့ အမှားမခံနိုင်ဘူးလေ ငွေပမာဏလည်း နည်းတယ်၊ သုံးနိုင်တဲ့ပမာဏရော ၊ ရင်းနှီးနိုင်တဲ့ပမာဏလည်း နည်းတဲ့အတွက် မြန်မာ Market ကို မကြည့်တော့ဘူး အဲလိုဖြစ်တာ။ အဲဒီလိုမျိုးနေရာမှာ ရသင့်တဲ့အခွင့်အရေးတွေ၊ ဖြစ်သင့်တဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ လွတ်သွားမှာ မြင်တဲ့အတွက် ဘယ်လိုစီးပွားရေးပိတ်ဆို့မှုကိုမှ ထောက်လည်းမထောက်ခံဘူး။ ထောက်ခံသူတွေကို ကျနော်တို့ ရှုတ်ချတယ်။”

ဒါပေမယ့် မြန်မာနိုင်ငံမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေလုပ်ဆောင်တာကို ကန့်ကွက်တာမဟုတ်ပေမယ့် စစ်တပ်ပိုင် စီးပွားရေးလုပ်ငန်းတွေနဲ့ ဖက်စပ်လုပ်ကိုင်မယ်ဆိုရင် လူ့အခွင့်အရေးချိုးဖောက်မှု အကျိုးဆက် အန္တရာယ်တွေရှိနေတယ်ဆိုတာ အမေရိကန်လုပ်ငန်းရှင်တွေဘက်က သတိထားရမှာဖြစ်သလို၊ တာဝန်ယူရမှာဖြစ်တယ်လို့ Global Witness ရဲ့ မြန်မာနိုင်ငံဆိုင်ရာတာဝန်ခံ Paul Donowitz ကဗွီအိုအေကို ပြောပါတယ်။

“မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံထားတဲ့ အမေရိကန် ကုမ္ပဏီတွေပဲဖြစ်ဖြစ်၊ ရင်းနှီးမြှုပ်နှံဖို့ စိတ်ဝင်စားတဲ့ ကုမ္ပဏီတွေပဲဖြစ်ဖြစ် တာဝန်ယူမှုရှိတဲ့ ရင်းနှီးမြှုပ်နှံမှုဟာ မြန်မာ့ ပုဂ္ဂလိကပိုင် စီးပွားရေးလုပ်ငန်း တိုးတက်မှုအတွက် အလွန်ကို လိုအပ်တယ်လို့ ကျနော်တို့ မြင်ပါတယ်။ ဒါပေမယ့် ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ အချက်အလက်ရှာဖွေရေးမစ်ရှင်းက ရှင်းရှင်းလင်းလင်း ထောက်ပြထားတာက- အမေရိကန် ဒါမှမဟုတ် နိုင်ငံခြား စီးပွားရေးကုမ္ပဏီတွေအနေနဲ့ မြန်မာ့ ဦးပိုင်ကုမ္ပဏီလိမီတက် လိုမျိုး မြန်မာစစ်တပ်ပိုင် ကုမ္ပဏီတွေနဲ့ ပူးပေါင်း မလုပ်ဖို့ဖြစ်ပါတယ်။ ဒီ စစ်တပ်ပိုင် ကုမ္ပဏီတွေနဲ့ ဖက်စပ် လုပ်ကိုင်ရင် လူ့အခွင့်အရေးချိုးဖောက်မှုရဲ့ အကျိုးဆက်အန္တရာယ်ကို ရင်ဆိုင်ရဖို့ရှိနေပြီး အထူးသဖြင့် ပဋိပက္ခဒေသတွေမှာ ရင်းနှီးမြှုပ်နှံဖို့စဉ်းစားမယ်ဆိုရင် စီးပွားရေးလုပ်ငန်းတွေဟာ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို တိုက်ရိုက် ပံ့ပိုးသလိုဖြစ်နေမယ်ဆိုတာပါ။”

ပြီးခဲ့တဲ့ စက်တင်ဘာလက အမေရိကန်အောက်လွှတ်တော်မှာ အတည်ပြုခဲ့တဲ့ မြန်မာစစ်တပ် အပေါ်ပိတ်ဆို့အရေးယူမှုအပါအဝင် လူသားချင်းစာနာမှု အကူအညီတွေပေးမယ့် BURMA Act ဥပဒေမူကြမ်းကို လက်ရှိ အထက်လွှတ်တော်မှာ ညှိနှိုင်းနေပြီး လွှတ်တော်နှစ်ရပ်လုံးသဘောတူ ပြဌာန်းမယ့် ဥပဒေမှာ ပါဝင်ဖို့ရှိမရှိ ဒီအောက်တိုဘာလအတွင်း သိရမှာဖြစ်ပါတယ်။

....................

{Unicode}











တိုက်ရိုက် လင့်ခ်


XS
SM
MD
LG