သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့လူ့အခွင့်ရေး တပ်မတော်က ထိရောက်စွာဖြေရှင်းဖို့ ဂျပန်လိုလား


တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ဂျပန်ဝန်ကြီးချုပ် Shinzo Abe ( ဓါတ်ပုံ-www.seniorgeneralminaunghlaing.com.mm)
တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ဂျပန်ဝန်ကြီးချုပ် Shinzo Abe ( ဓါတ်ပုံ-www.seniorgeneralminaunghlaing.com.mm)

မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေးချိုးဖေါက်မှုတွေမှာ မြန်မာ့တပ်မတော်က တာဝန်ရှိတယ်ဆိုတဲ့ နိုင်ငံတကာရဲ့ စွပ်စွဲချက်ကို ထိရောက်စွာ ကိုင်တွယ်ဖြေရှင်းဖို့ ဂျပန်ဝန်ကြီးချုပ် Shinzo Abe က တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံချိန်မှာ တိုက်တွန်းပြောဆို လိုက်ပါတယ်။

ဂျပန် ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဖိတ်ကြားချက်အရ ချစ်ကြည်ရေးအဖြစ် သွားရောက်လည်ပတ်တဲ့ တပ်ချုပ်ရဲ့ခရီးစဉ်ကို ကြည့်ရင် ဒေသတွင်း တရုတ်ရဲ့ စစ်ရေးနိုင်ငံရေး သြဇာကြီးမားလာမှုကို ဂျပန်ဘက်က ချိန်ခွင်ရှာညှိလိုတဲ့ သဘောဖြစ်တယ်လို့ သုံးသပ်သူ တွေလည်း ရှိပါတယ်။ ဒီအကြောင်း ကိုဉာဏ်ဝင်းအောင်က တင်ပြထားပါတယ်။

ဂျပန်ကိုင်ပိုင် ကာကွယ်ရေးတပ်ဖွဲ့များရဲ့ ပူးတွဲစစ်ဦးစီချုပ် ဗိုလ်ချုပ်ကြီး Koji Yamasaki ရဲ့ဖိတ်ကြားချက်အရ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဟာ ချစ်ကြည်ရေးခရီးအဖြစ် တိုကျိုမြို့ကို အောက်တိုဘာ ၈ ရက်နေ့က ရောက်ရှိသွားပြီး အောက်တိုဘာ ၉ ရက်နေ့မှာတော့ ဗိုလ်ချုပ်ကြီး Yamasaki ၊ ဂျပန်ဝန်ကြီးချုပ် Shinzo Abe နဲ့ ညနေပိုင်းမှာ ဂျပန်နိုင်ငံခြားရေးဝန်ကြီး Motegi Tohimitsu တို့ကို သွားရောက်တွေ့ဆုံဆွေးနွေး ခဲ့တာ ဖြစ်ပါတယ်။

ဝန်ကြီးချုပ် Shinzo Abe နဲ့တွေ့ဆုံချိန်အတွင်း မစ္စတာ Abe က မြန်မာနိုင်ငံက ရိုဟင်ဂျာတွေအပေါ် ကျူးလွန်မှုအပါအဝင် လူ့အခွင့်အရေး ချိုးဖေါက်မှုတွေအတွက် မြန်မာအစိုးရကရော၊ စစ်တပ်ကပါ ဒီကိစ္စတွေကို အမြန်ကိုင်တွယ်ဆောင်ရွက်သင့်ကြောင်း တပ်ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို တိုက်တွန်းခဲ့တယ်လို့ ဂျပန်အစိုးရပိုင် NHK သတင်းဌာနမှာ ဖေါ်ပြပါတယ်။ မြန်မာအစိုးရကရော စစ်တပ်ကပါ ရိုဟင်ဂျာ ဆိုတဲ့ အသုံးအနှုန်းကို လက်မခံ ပယ်ချထားပါတယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ဂျပန်ခရီးစဉ်ဟာ ဒီလကုန်ပိုင်း ကျင်းပဖို့ရှိတဲ့ ဂျပန်ဘုရင်သစ် နန်းတက်ပွဲကို တက်ရောက်မယ့် ဒေါ် အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ် မတိုင်ခင်လေးမှာဖြစ်ပါတယ်။ မြန်မာစစ်တပ် ထိပ်တန်းခေါင်းဆောင်တဦးကို နိုင်ငံတကာက ပိတ်ဆို့ဒဏ်ခတ် ထားချိန်မှာ ဂျပန်စစ်ဘက် ခေါင်းဆောင်တွေရဲ့ အခုလိုဖိတ်ကြားမှုက ဘယ်လိုကြောင့်ပါလဲ။ ဒါဟာ တရုတ်ရဲ့ စစ်ရေးနိုင်ငံရေး သြဇာကြီးမား လာတာကို ဂျပန်က ချိန်ခွင်ရှာညှိလိုတဲ့ သဘောလို့ သုံးသပ်သူက CNF ချင်းအမျိုးသားတပ်ဦး ဒုဥက္ကဌ(၁) ဦးထန်နန်လျန်းထန် ဖြစ်ပါတယ်။

“ဂျပန်အစိုးရက သူ့ပေါ်လစီအရ အာရှမှာ တရုတ်ရဲ့ စီးပွားရေးလွှမ်းမိုးမှု နိုင်ငံရေးလွှမ်းမိုးမှုနဲ့ စစ်ရေးနယ်ချဲ့လွှမ်းမိုးမှုတွေကို စောင့်ကြည့်ပြီးတော့ အမြဲတမ်းထိန်းချင်တဲ့ သဘောရှိပါတယ်။ တရုတ်က တချိန်တုန်းက စစ်တပ်ကိုပဲ ဆက်ဆံပေမယ့် NLD အစိုးရ တက်လာတဲ့အခါကျတော့ တရုတ်က NLD အစိုးရကိုလည်း ဆက်ဆံသလို၊ တပ်မတော်ကိုလည်း ပစ်ပယ်ခြင်းမရှိပဲနဲ့ ၂ ဖက်လုံးကို ပေါင်းပြီးဆက်ဆံတဲ့ မူနည်း ပရိယာယ် ကို ကျင့်သုံးပါတယ်။ ဒါကြောင့်လည်း ဂျပန်ကလည်း ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေးအရ အစိုးရအနေနဲ့ ဖိတ်ကြားစည်းရုံးပြီးတော့ ဆက်သွယ်မှုပြုသလို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တပ်မတော်ကိုလည်း ဆက်ဆံရေးအမြဲတမ်း ချောမွေ့ဖို့ဆိုတဲ့ ၂ ဖက်နည်းစနစ်ကို ကျင့်သုံးတယ်လို့ ကျနော်မြင်ပါတယ်။”

ပြည်တွင်းမှာ စီးပွားရေး နှေးကွေးနေတဲ့ ဂျပန်နိုင်ငံအနေနဲ့ အာရှမှာ စီးပွားရေးကွန်ယက်ကို ဖြန့်ချထားနိုင်ဖို့ မြန်မာနိုင်ငံနဲ့ ဆက်ဆံရေး ကောင်းဖို့ဟာ ဂျပန်အတွက် အရေးကြီးတယ်လို့ တိုကျိုမြို့က မြန်မာ့အရေးသုံးသပ်သူ ဦးကျော်ကျော်စိုးက မြင်ပါတယ်။

“အဓိကတော့ ဂျပန်အစိုးရကတော့ မြန်မာနိုင်ငံနဲ့ ပတ်သက်ရင် ဆက်ဆံရေးကို အမြဲကောင်းအောင်ထိန်းထားတဲ့ မူဝါဒကို ကျင့်သုံးတာပေါ့နော် ။ အဲဒါကြောင့်မို့လို့ မြန်မာနိုင်ငံမှာရှိတဲ့ အရပ်ဘက်ရော စစ်ဘက်ရော အားလုံးနဲ့ ဆက်ဆံရေးအဆင်ပြေအောင် သူတို့လုပ်ပါတယ်။ နောက်တချက်ကတော့ မြန်မာနိုင်ငံနဲ့ ပတ်သက်ရင် အကူညီပေးလိုတဲ့ဆန္ဒ နောက် မြန်မာနိုင်ငံစီးပွားရေး နဲ့ ပက်သက်ပြီး ဆက်ဆံချင်တဲ့ ဆန္ဒတွေက ဂျပန်မှာ အခုအထိ ရှိတုန်းလေ။ နောက်တချက်က မြန်မာနဲ့ ဆက်ဆံရေးဆက်ပြီး ထိန်းထားရင် တရုတ်နိုင်ငံနဲ့ မြန်မာအကြားဆက်ဆံရေးကိုလည်း ပြန်ပြီးတော့ ချိန်ခွင်လျာထိန်းညှိနိုင်မယ်လို့ ယူဆတဲ့အတွက် မြန်မာနဲ့ ဆက်ဆံရေးကို အမြဲတမ်းကောင်းအောင် ထိန်းထားတာပါ။”

ဂျပန်နိုင်ငံဟာ Mr. Yohei Sasakawa ဦးဆောင်တဲ့ နီပွန်းဖေါင်ဒေးရှင်းကတဆင့် မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ထဲထဲဝင်ဝင်လုပ်ဖို့ ကြိုးပမ်းခဲ့ပေမဲ့ နောက်ဆုံးမှာ တရုတ်နိုင်ငံကြောင့် နောက်ရောက် သွားခဲ့ရတယ်လို့ CNF ဦးထန်နန်လျန်းထန်က သုံးသပ်ပါတယ်။

“ဂျပန်နိုင်ငံက မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးမှာ သူထဲထဲဝင်ဝင်ပါဝင်ချင်တဲ့ ဆန္ဒ အစပိုင်းမှာ ရှိပေမယ့် တရုတ်ကနေပြီးတော့ သူ့ရဲ့ အိမ်နီးချင်း မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးမှာ ထဲထဲဝင်ဝင် ဝင်ဖို့အတွက် ဂျပန်နဲ့ အနောက်အုပ်စုတွေကို မလိုလားတဲ့ ဆန္ဒရှိတဲ့အတွက် ဂျပန်နိုင်ငံက ထဲထဲဝင်ဝင် မဝင်နိုင်တာဖြစ်ပါတယ်။”

ဂျပန်ဝန်ကြီးချုပ် Shinzo Abe ကတော့ လူ့အခွင့်ရေးချိုးဖေါက်မှု စွပ်စွဲချက်ကိုတုန့်ပြန်ရာမှာ မြန်မာစစ်တပ်က ကြိုးပမ်းဆောင်ရွက်မယ်ဆိုရင် အခြေအနေတွေ တိုးတက်လာလိမ့်မယ်လို့ မျှော်လင့်ကြောင်း ပြောပါတယ်။ တပ်ချုပ်ဘက်ကလည်း သင့်တော်တဲ့ ဆောင်ရွက်မှုလုပ်သွား မယ်လို့ တုန့်ပြန်ကြောင်း NHK မှာ ဖေါ်ပြပါတယ်။ ဒါ့အပြင် မြန်မာစစ်တပ်က တိုင်းရင်းသားတပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်နေတာကို ရပ်ဆိုင်းထားပြီး ဆွေးနွေးပွဲတွေ လုပ်နေကြောင်းပြောဆိုချက်အပေါ် ဝန်ကြီးချုပ် Abe ကကြိုဆိုခဲ့ပါတယ်။ ပြည်တွင်းငြိမ်ချမ်းရေး တည်ငြိမ်ရေးနဲ့ ဒုက္ခသည်တွေ အမြန် ပြန်လာနိုင်ရေးမှာလည်း စစ်တပ်က ပူးပေါင်းဆောင်ရွက်နေကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုခဲ့ပါတယ်။

ဂျပန်နိုင်ငံခြားရေးဝန်ကြီး Motegi Tohimitsu နဲ့ တွေ့ဆုံရာမှာတော့ မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေး အောင်မြင်သည်အထိ ဂျပန်က အပြည်အဝ ထောက်ပံ့ကူညီသွားမယ့်အကြောင်း ၊ မြန်မာစစ်တပ်နဲ့ KIA ကချင်တပ်ကြား ထာဝရ အပစ်အခတ်ရစ်စဲရေး သဘောတူညီချက် ရလာပြီး စစ်ဘေးဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေး အခြေအနေ ပေါ်ပေါက်လာမယ်လို့ ဂျပန်ကမျှော်လင့်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ပြောကြားခဲ့တာပါ။ ဂျပန်ဟာ နီပွန်းဖေါင်ဒေးရှင်းကတဆင့် မြန်မာ့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ဆက်လက် အားပေးကူညီသွား မယ်လို့ ဆိုပါတယ်။ ဒါ့အပြင် မြောက်ကိုရီးယားရဲ့ နူကလီးယားလက်နက် ဖျက်သိမ်းရေးကိစ္စမှာ မြန်မာစစ်တပ်အနေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ဂျပန်အစိုးရက မေတ္တာရပ်ခံလိုက်ပါတယ်။

အောက်တိုဘာ (၈)ရက်နေ့မှာ စတင်ခဲ့တဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ဂျပန်ခရီးစဉ်ဟာ အောက်တိုဘာ (၁၃)ရက်နေ့ အဆုံးသတ်မှာ ဖြစ်တယ်လို့ ဂျပန်နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာဖေါ်ပြထားပါတယ်။

................














တိုက်ရိုက် လင့်ခ်


XS
SM
MD
LG