သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လိပ်ကျွန်းလူသတ်မှု သေဒဏ်ကျခံရသူ လူငယ်နှစ်ဦးကို သက်ညှာဖို့မြန်မာတပ်ချုပ် ထိုင်းအစိုးရထံ မေတ္တာရပ်ခံ


 ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နှင့် ထိုင်းဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးဟောင်း Prayut Chan-o-cha
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နှင့် ထိုင်းဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးဟောင်း Prayut Chan-o-cha

လိပ်ကျွန်းလူသတ်မှုမှာ သေဒဏ်ချမှတ်ခံထားရတဲ့ မြန်မာနိုင်ငံသားလူငယ်နှစ်ဦးကို သက်ညှာပေးဖို့ နဲ့ တရားဥပဒေနဲ့အညီ စောင့်ရှောက်ပေးဖို့ ထိုင်းနိုင်ငံကို ရောက်ရှိနေတဲ့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထိုင်းဝန်ကြီးချုပ်နဲ့ ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီး ချုပ်တို့ ကို မနေ့ အင်္ဂါနေ့က ပန်ကြားခဲ့ပါတယ်။

ဗိုလ်ချုပ်ကြီး မြထွန်းဦးကိုယ်တိုင်လည်း မြန်မာလူငယ်နှစ်ဦး ထိန်းသိမ်းထားတဲ့ ထိုင်းအကျဉ်းထောင်ကို သွားရောက်တွေ့ဆုံ အားပေးခဲ့ပါတယ်။ ထိုင်းဗဟိုတရားရုံးက သေဒဏ်စီရင်ချက်ကို ထပ်မံအ တည်ပြုပြီးနောက် အခုလို ထိုင်းနိုင်ငံ ခေါင်းဆောင်တွေကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ တိုက်ရိုက်ပန်ကြားချက် ဘယ်လောက် ထိ ထိရောက်နိုင်မလဲ။မအင်ကြင်းနိုင်က ဆက်လက်တင်ပြမှာပါ။

ထိုင်းနိုင်ငံမှာ သြဂုတ်လ (၃)ရက်နေ့က ကျင်းပခဲ့တဲ့ သတ္တမအကြိမ်မြောက် ထိုင်း-မြန်မာ အဆင့်မြင့် အရာရှိကြီးများ အစည်းအဝေးကိုတက်ရောက်လာတဲ့ မြန်မာကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အစည်းအဝေးမတိုင်ခင် ထိုင်းဝန်ကြီးချုပ်လည်းဖြစ်၊ ကာကွယ်ရေးဝန်ကြီး လည်းဖြစ်တဲ့ ဗိုလ်ချုပ်ကြီးဟောင်း Prayut Chan-o-cha နဲ့ သီးသန့် တွေ့ဆုံခဲ့တာပါ။ နှစ်နိုင်ငံ စစ်ရေး၊ နိုင်ငံရေး ဆိုင်ရာ ဆက်ဆံရေးကိစ္စတွေကို ပြောကြားရာမှာ လိပ်ကျွန်းလူသတ်မှုမှာ သေဒဏ်ပြစ်ဒဏ် ချမှတ်ခံထားရတဲ့ မြန်မာနိုင်ငံသားနှစ်ဦးကို နှစ်နိုင်ငံနဲ့ နှစ်နိုင်ငံ တပ်မတော်နှစ်ရပ် ကြား တည်ရှိနေတဲ့ ချစ်ကြည်ရင်းနှီးမှုတွေကို ထောက်ထားပြီး သက်ညှာပေးဖို့နဲ့ တရားဥပဒေနဲ့အညီ ကူညီစောင့် ရှောက်ပေးဖို့ ထိုင်းဝန်ကြီးချုပ်ကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပန်ကြားခဲ့တာဖြစ်ပါတယ်။

မြန်မာစစ်တပ်ပိုင် မြဝတီရုပ်မြင်သံကြားက မနေ့က ထုတ်လွှင့်တဲ့ သတင်းအစီအစဉ်မှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မေတ္တာရပ်ခံချက်နဲ့ ပတ်သက်လို့ အခုလို ပြောသွားပါတယ်။

“ထိုင်းနိုင်ငံမှာ သေဒဏ် ပြစ်ဒဏ်ချမှတ်ခြင်းခံရတဲ့ မြန်မာနိုင်ငံသား ၂ ဦးကို ထိုင်းနိုင်ငံနဲ့ နှစ်နိုင်ငံ တပ်မတော်နှစ်ရပ် ကြား ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှုတွေကို ထောက်ထားပြီး သက်ညှာပေးရန် စဉ်းစားပေးစေလိုကြောင်း တရားဥပဒေနဲ့အညီ ကူညီစောင့် ရှောက်ပေးစေလိုကြောင်းနဲ့ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ကြောင်းပြောကြားပါတယ်။”

ထိုင်းနိုင်ငံကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့အတူ လိုက်ပါသွားခဲ့တဲ့ တပ်မတော် ညှိုနှိုင်းကွပ်ကဲ ရေးမှူး ကြည်း၊ရေ၊ လေ ဗိုလ်ချုပ်ကြီး မြထွန်းဦး ကိုယ်တိုင်လည်း သေဒဏ်စီရင်ချမှတ်ခံထားရတဲ့ မောင်ဇော်လင်းနဲ့ မောင်ဝင်းဇော်ထွန်း (ခေါ်) ဝေဖြိုးတို့ကို ထိန်းသိမ်းထားတဲ့ ထိုင်းအကျဉ်းထောင်ကို မနေ့ အင်္ဂါနေ့က သွားရောက်တွေ့ဆုံခဲ့ကြောင်းလည်း မြဝတီရုပ်သံက အခုလို ကြေညာသွားပါတယ်။

“မြန်မာ့တပ်မတော်မှ ညှိုနှိုင်းကွပ်ကဲ ရေးမှူး ကြည်း၊ရေ၊ လေ ဗိုလ်ချုပ်ကြီး မြထွန်းဦး က ထိုင်းနိုင်ငံ ကော့တောင်ကျွန်း (လိပ်ကျွန်း) မှာ ၂၀၁၄ ခုနှစ် စက်တင်ဘာလအတွင်း ဖြစ်ပွားခဲ့တဲ့ ဗြိတိန်နိုင်ငံသား ၂ ဦး အသတ်ခံခဲ့ရတဲ့ ဖြစ်စဉ်မှာ ကျူးလွန်ကြောင်း စွပ်စွဲချက်ဖြင့် သေဒဏ် ချမှတ်ခံထားရတဲ့ မြန်မာအလုပ်သမား မောင်ဝင်းဇော်ထွန်း နဲ့ မောင်ဇော်လင်းတို့ကို ထိုင်းနိုင်ငံ နွန်ထဘူရီခရိုင် ဘန်ခွမ်အကျဉ်းထောင်မှာ ဒီကနေ့ ဒေသစံတော်ချိန် နေ့လည် ၂ နာရီမှ ၂ နာရီခွဲအထိ သွားရောက်တွေ့ဆုံခဲ့ပြီး ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ က ထိုင်းဘုရင်မင်းမြတ်ထံကို အယူခံဝင်နိုင်ရေးအတွက် ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကလည်း ထိုင်းနိုင်ငံရှိ တာဝန်ရှိသူများနဲ့ တွေ့ဆုံကာ ကူညီဆောင်ရွက်ပေးရန် ပြောကြားထားခြင်းတို့ဖြင့် အားပေးစကားပြောကြားခဲ့ပါတယ်။”

လိပ်ကျွန်းလူသတ်မှု မှာ ကျူးလွန်ခဲ့တယ်ဆိုပြီး သေဒဏ်စီရင်မှုအတွက် မောင်ဇော်လင်းနဲ့ မောင်ဝင်းဇော်ထွန်းတို့ရဲ့ နောက်ဆုံးအယူခံကို ထိုင်းဗဟိုတရားရုံးက သြဂုတ်လ (၂၉)ရက်နေ့က ပယ်ချခဲ့ပြီးနောက် ထိုင်းဥပဒေအရ ရက်ပေါင်း (၆၀)အတွင်း ထိုင်းဘုရင်မင်းမြတ်ဆီကို အသနားခံစာ တင်သွင်းဖို့ ထိုင်းအကျိုးဆောင်ရှေ့နေတွေက ပြင်ဆင်နေကြတာပါ။ သေဒဏ်စီရင်ချက်ကို သက်ညှာပေးဖို့ မြန်မာတပ်မတော်အကြီးအကဲကိုယ်တိုင် မေတ္တာရပ်ခံချက်ဟာ ထိရောက်မှုရှိပြီး ထိုင်းဘုရင်မင်းမြတ် ဆီရောက်ဖို့ အခွင့်အလမ်းတွေရှိနေကြောင်း လိပ်ကျွန်းလူသတ်မှု ထိုင်းတရားစီရင်ရေးမှာ တလျောက်လုံး လိုက်ပါဆောင်ရွက်ပေးနေတဲ့ ပညာရေးနဲ့ ဖွံဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း အမှုဆောင် ညွန်ကြားရေးမှူးကို ကိုထူးချစ်က ဗွီအိုအေကို ပြောပါတယ်။

“အရင်တုန်းက ထိုင်းဘုရင် အတိုင်ပင်ခံကောင်စီဆိုတာရှိတယ်လေ ။ အရင်တုန်းက ထိုင်းနိုင်ငံက ဗိုလ်ချုပ်ကြီး Prem Tinsulanonda ဆိုသူက ဥက္ကဋ္ဌ ။ သူက ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို သူ့ရဲ့ မွေးစားသားပါဆိုပြီးပြောထားတာ ။ သူတို့ ပုဂိုလ်ရေးအရ အရမ်းရင်းနှီးတယ် ။ အခု ထိုင်းဘုရင်ကောင်စီမှာ ဥက္ကဋ္ဌ ဖြစ်တာလည်း အရင်တုန်းက အာဏာသိမ်းခဲ့တဲ့ ဗိုလ်ချုပ်ကြီးပဲ သူတို့ အချင်းချင်း အဆက်စပ်ရှိတယ်။ အဓိကတော့ ဒီ ဘုရင့်ကောင်စီဆိုတာ တော်တော်လေး အရေးပါတယ်။

မေး။ ။ ဒါဆိုရင် မောင်ဇော်လင်းနဲ့ မောင်ဝင်းဇော်ထွန်းတို့ ရဲ့ လိပ်ကျွန်းအမှုကို ထိုင်းဘုရင်မင်းမြတ်က ဘယ်လို ဆုံးဖြတ်ချက်ချမလဲဆိုတဲ့အပေါ်မှာ မျှော်လင့်ချက်ရှိလား။

ဖြေ။ ။ ဟုတ်ကဲ့ ၆ ရက်နေ့မှာ ကျနော်တို့ဖောင်ဒေးရှင်းရဲ့ ရှေ့နေ အပါအဝင် ကျနော်တို့ ထိုင်းရှေ့နေများကောင်စီက အစည်းအဝေးလုပ်မယ်။ ကျနော်တို့ ဘယ်လိုမျိုးရေးသားမလဲ ဘယ်လိုမျိုးအဖွဲ့တွေ အစိုးရတွေက ဘယ်လိုပါဝင်သင့်တယ်ဆိုတာတွေ သူတို့က ပိုဆုံးဖြတ်နိုင်မှာပါ။ အတွေ့အကြုံအရ ကျနေ်ာတို့မှာရှိတဲ့ ထိုင်းအကြံပေး၊ ပညာရှင်တွေ၊ နိုင်ငံရေးသမားတွေ က အကြံပေးတယ် ကျနော်တို့ကတော့ အခုအထိလည်း ယုံကြည်နေပါတယ် ဒီကလေးတွေကတော့ သေဒဏ် ချခံရမှာ မဟုတ်ဘူးလို့ ။ ထိုင်းဘုရင်မင်းမြတ်ကနေ သေဒဏ်ကနေ လျော့ပေါ့ပြီးတော့ တခြားနှစ်ရှည် ကနေ တဖြေးဖြေး၊ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်မယ်လို့ ကျနော်တို့ ထင်ပါတယ်။ ကျနော်အမြဲတမ်းပြောလေ့ရှိပါတယ် ဒီကလေးတွေကို သတ်ပစ်လိုက်ရအောင်အထိ ထိုင်းအစိုးရအနေနဲ့ မမိုက်မဲလောက်ဘူးလို့ ထင်ပါတယ်။”

မြန်မာအစိုးရကိုယ်တိုင်လည်း ထိုင်းဘုရင်မင်းမြတ်ဆီ အသနားခံစာတင်သွင်းဖို့ ထိုင်းအကျိုး ဆောင်ရှေ့နေတွေနဲ့ တိုင်ပင်ဆွေးနွေးနေကြောင်း အလုပ်သမားဝန်ကြီး ဦးသိန်းဆွေက ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ပြောကြားထားသလို၊ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးကိုယ်တိုင်လည်း ကူညီဆောင်ရွက်ပေးနေပါတယ်။

ထိုင်းနိုင်ငံ စူရတ်ဌာနီခရိုင်၊ လိပ်ကျွန်း (ကော့တောင်) မှာ ၂၀၁၄ ခုနှစ် စက်တင်ဘာလက ကမ္ဘာလှည့်ခရီးသွား ဗြိတိန် လူငယ်စုံတွဲဖြစ်တဲ့ အသက် (၂၃)နှစ် အရွယ် Hannah Witheridge ကိုအတင်းအဓမ္မပြုကျင့် သတ်ဖြတ်မှု နဲ့ (၂၄)နှစ်အရွယ် David Miller တို့ကို သတ်ဖြတ်ခဲ့မှုမှာ ကျူးလွန်သူတွေအဖြစ် မြန်မာရွှေ့ပြောင်းအလုပ်သမား လူငယ်နှစ်ဦးဖြစ်တဲ့ မောင်ဇော်လင်းနဲ့ မောင်ဝင်းဇော်ထွန်း (ခေါ်) ဝေဖြိုး တို့ ကို ၂၀၁၅ခုနှစ် ဒီဇင်ဘာလမှာ ကော့စမွေတရားရုံးက သေဒဏ်စီရင်ခဲ့တာဖြစ်ပါတယ်။


XS
SM
MD
LG