သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

သေဒဏ်ချခံရတဲ့ မြန်မာနှစ်ဦးအတွက် အယူခံ အစိုးရကူညီမည်


လိပ်ကျွန်းလူသတ်မှု သေဒဏ်စီရင်ချမှတ်ခံထားရတဲ့ မောင်ဇော်လင်းနဲ့ မောင်ဝင်းဇော်ထွန်း (ခေါ်) ဝေဖြိုး

ထိုင်းနိုင်ငံတောင်ပိုင်း လိပ်ကျွန်းမှာ လွန်ခဲ့တဲ့ ၅ နှစ်လောက်က ဗြိတိန်နိုင်ငံသားနှစ်ဦး အသတ်ခံခဲ့ရတဲ့ဖြစ်ရပ်နဲ့ သေဒဏ် ချမှတ်ခံထားရတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမား လူငယ်နှစ်ဦး ပြန်လည် လွတ်မြောက်လာဖို့အတွက် ထိုင်းဘုရင်မင်းမြတ်ထံ အသနားခံစာတင်သွင်းဖို့ သူတို့ဘက်က လိုက်ပါကူညီဆောင်ရွက်ပေးနေတဲ့ တက်ကြွလှုပ်ရှားသူတွေ နဲ့ ထိုင်းဥပဒေ အကျိုးဆောင်တွေက ကြိုးပမ်းနေကြပါတယ်။ ဒီသတင်းကို မခင်ဖြူထွေးနဲ့ မအင်ကြင်းနိုင်တို့က တင်ပြပေးမှာပါ။

မြန်မာလူငယ်နှစ်ဦးရဲ့ နောက်ဆုံးအယူခံကို ထိုင်းတရားလွှတ်တော်ချုပ်က ပြီးခဲ့တဲ့သီတင်းပတ်ထဲ ပယ်ချခဲ့ပြီးတဲ့နောက် နောက်ဆုံးအဆင့် ထိုင်းဘုရင်ထံ အသနားခံစာတင်ဖို့ ခုလိုကြိုးပမ်းနေကြတာပါ။ ဒီလိုကြိုးပမ်းရာမှာ မြန်မာအစိုးရဘက်က လိုက်ပါကူညီ ဆောင်ရွက်ပေးဖို့ တိုက်တွန်းတာတွေလည်း ရှိနေပါတယ်။

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ ကတော့ လိပ်ကျွန်းအမှုနဲ့ ပတ်သက်လို့ ဒီကနေ့ သတင်းထောက်တွေကို ခုလို ပြောဆိုခဲ့ပါတယ်။

“ဆက်ပြီးတော့လုပ်မယ့်ကိစ္စကတော့ ထိုင်းဘုရင်မင်းမြတ်ဆီကို အသနားခံစာတင်ဖို့ပဲ ရှိပါတယ်။ ထိုင်းမှာရှိတဲ့လူမှုအဖွဲ့အစည်းတွေ ကလည်းပဲ ဆောင်ရွက်ဖို့ စီစဉ်နေပါတယ်။ အဲ့ဒါကိုလည်း ဒါ ဆက်လက်ပြီးတော့မှ သတ်မှတ်တဲ့နည်းလမ်းနဲ့အညီ ဆက်လက် ဆောင်ရွက်ပေးသွားဖို့ အစီအစဉ်ရှိပါတယ်လို့ ပြောချင်ပါတယ်။”

ထိုင်းဘုရင်ထံ အသနားခံစာတင်မယ့် ကိစ္စမှာ မြန်မာအစိုးရက ပါဝင် လိုက်ပါ ကူညီဆောင်ရွက်ပေးမှာလား။ ဘယ်လို ဆောင်ရွက်သွားမှာလဲ ဆိုတဲ့ အသေးစိတ်ကိုတော့ ၀န်ကြီး ဦးသိန်းဆွေက ပြောမသွားပါဘူး။

ဗြိတိန်လူငယ်၂ ဦးဖြစ်တဲ့ Hannah Witheridge နဲ့ David Miller တို့ ၂၀၁၄ ခုနှစ်က အသတ်ခံခဲ့ရတဲ့အမှုမှာ မြန်မာရွှေ့ပြောင်းလူငယ်နှစ်ဦး ဖြစ်တဲ့ ကိုဝင်းဇော်ထွန်းနဲ့ ကိုဇော်လင်းတို့ကို လူသတ်မှု၊ မုဒိမ်းမှု၊ ပစ္စည်းလုယူမှု အပါအဝင် အမှု ၇ မူနဲ့ ထိုင်းတရားရုံးက အမြင့်ဆုံး သေဒဏ်ပြစ်ဒဏ် ချမှတ်ထားတာပါ။ တရားခံ အကျိုးဆောင်တွေကတော့ ဒီသတ်ဖြတ်မှုကို မြန်မာလူငယ်နှစ်ဦးက ကျူးလွန်ခဲ့တာ မဟုတ်ကြောင်းနဲ့ လူသတ်လက်နက်မှာ တွေ့ရတဲ့ DNA စစ်ဆေးမှုမှာလည်း သူတို့နှစ်ဦးနဲ့ပတ်သက်တဲ့ အထောက်အထားတွေ ရှိမနေတာကို ထောက်ပြပြီး တရားရုံးအဆင့်ဆင့်တက် ချေပခဲ့ကြပါတယ်။ ဒါပေမဲ့လည်း ထိုင်းနိုင်ငံ ကော်စမွေ အကျဉ်းထောင်မှာ ဖမ်းဆီးခံထားရတဲ့ သူတို့ ၂ ယောက်ကို ၂၀၁၅ ခုနှစ်ကုန်မှာ ကော်စမွေတရားရုံးက သေဒဏ်ချမှတ်ခဲ့တာပါ။ သူတို့နှစ်ဦး ပြန်လည်လွတ်မြောက်ဖို့အတွက် ဥပဒေ အကျိုးဆောင်တွေက အယူခံအဆင့်ဆင့် လျှောက်ထားခဲ့ကြပေမဲ့လို့ ထိုင်းနိုင်ငံရဲ့ အမြင်ဆုံး တရားရုံးဖြစ်တဲ့ ထိုင်းတရားလွှတ်တော်ချုပ်က နောက်ဆုံးအယူခံကို ပြီးခဲ့တဲ့ ကြာသပတေးနေ့ကပဲ ပယ်ချလိုက်တာပါ။

ဒါကြောင့် နောက်ဆုံးအဆင့် မျှော်လင့်ချက်အနေနဲ့ ထိုင်းဘုရင်မင်းမြတ်ထံ အသနားခံစာတင်သွင်းဖို့ ကြိုးစားရာမှာ - မြန်မာအစိုးရ ကိုယ်တိုင် ပါဝင် ကူညီဖို့ အရေးကြီးကြောင်း မြန်မာရွှေ့ပြောင်းလူငယ်နှစ်ဦး လွတ်မြောက်ရေး ကူညီဆောင်ရွက်ပေးနေတဲ့ ထိုင်းအခြေစိုက် လူမှုအဖွဲ့အစည်းတွေနဲ့ ထိုင်းအကျိုးဆောင် ရှေ့နေတွေက တိုက်တွန်းနေကြတာဖြစ်ပါတယ်။

နောက်ဆုံး အယူခံ ပယ်ချခံရပြီးတဲ့နောက် ရက်ပေါင်း ၆၀ အတွင်း ထိုင်းဘုရင်ထံ အသနားခံစာတင်သွင်းမယ့် အခြေအနေနဲ့ ပတ်သက်လို့တော့ ဒီကိစ္စမှာ တလျှောက်လုံး လိုက်ပါ ကူညီဆောင်ရွက်ပေးနေတဲ့ ပညာရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း အမှုဆောင် ညွှန်ကြားရေးမှူး ဦးထူးချစ်ကို မအင်ကြင်းနိုင်ငံ ဆက်သွယ်မေးမြန်းထားပါတယ်။

သြဂုတ်လ (၂၉)ရက်နေ့က ထိုင်းဗဟိုတရားရုံးက နောက်ဆုံးအယူခံကို ပယ်ချတဲ့ စီရင်ချက်ကို ကြားနာခဲ့တဲ့ မောင်ဇော်လင်းနဲ့ မောင်ဝင်းဇော်ထွန်း (ခေါ်) ဝေဖြိုး တို့နှစ်ဦး ကိုယ်တိုင် လည်း သူတို့မှာ အပြစ်မရှိကြောင်းနဲ့ မြန်မာအစိုးရဘက်က အတတ်နိုင်ဆုံး အကူအညီပေးဖို့ ထောင်တရားရုံးမှာ ရောက်နေတဲ့ မြန်မာသံမှူးကြီးကို မေတ္တာရပ်ခံခဲ့ပါတယ်။

ဒါနဲ့ ပတ်သက်လို့ ထောင်တရားရုံးမှာ မောင်ဇော်လင်းနဲ့ မောင်ဝင်းဇော်ထွန်းတို့နဲ့ အတူရှိနေတဲ့ ထိုင်းတောင်ပိုင်းအခြေစိုက် ပညာရေးနဲ့ ဖွံဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း အမှုဆောင်ညွန်ကြားရေးမှူး ကိုထူးချစ်က အခုလိုပြောပြပါတယ်။

" အမိန့်ချပြီးတဲ့အချိန်မှာပဲ သူတို့နဲ့ ကျနော်တို့ နီးနီးလေး ဖြစ်တဲ့အချိန်မှာ တရားသူကြီးက မပြန်သေးဘူး။ အဓိကတော့ မောင်ဇော်လင်းကနေ ပြောတာပေါ့။ သူတို့ ရဲ့ ပုံစံက အပြင်ပန်း ကြည့်လို့ရှိရင် ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကောင်းတယ်လို့ ပြောလို့ရပေမယ့် သေဒဏ်ကို ပြန်ပြီး အတည်ပြုလိုက်တဲ့အချိန်မှာ သူတို့ စိတ်လှုပ်ရှားမှု နဲနဲဖြစ်သွားတယ်ဆိုတာ ကျနော်တွေ့ရတယ်။ မောင်ဇော်လင်းကနေ အပေါ်မှာ ထိုင်နေတဲ့ တရားသူကြီးကို လှမ်းပြီးမေးလိုက်တာက ကျနော်တို့ကို ဆေးထိုးသတ်မှာလားတဲ့။ နောက် သံရုံးကိုယ်စားလှယ် သံမှူးကြီးလာ တဲ့အချိန်မှာ ကျနော်တို့က ဒီအမှုမှာ တကယ်လည်း မသတ်ခဲ့ပါဘူး။ ကျနော်တို့နဲ့ ဘာမှ မသက်ဆိုင်ပါဘူး။ ဒါကြောင့် မြန်မာအစိုးရအနေနဲ့ တတ်နိုင်တဲ့ဘက်က အကူအညီပေးပါလို့ မေတ္တာရပ်ခံလိုက်တာလို့ ကျနော် ကြားရပါတယ်။"

ရွှေ့ပြောင်းအလုပ်သမား လူငယ်နှစ်ဦးရဲ့ နောက်ဆုံးအယူခံကို ထိုင်းဗဟိုတရားရုံးက ပယ်ချလိုက်ပြီးနောက် ရက်ပေါင်း (၆၀)အတွင်း ထိုင်းဘုရင်မင်းမြတ်စီမှာ အသနားခံစာတင်သွင်းရာမှာ မြန်မာအစိုးရအနေနဲ့ ပါဝင်ကူညီ ဆောင်ရွက်ပေးမယ်ဆိုရင် ထိရောက်မှု အများကြီးရှိမှာဖြစ်တယ်လို့ ထိုင်း အကျိုးဆောင် ရှေ့နေတွေက ပြောကြောင်း ကိုထူးချစ်က ဆိုပါတယ်။

"ပြီးခဲ့တဲ့ရက်ပိုင်းက မြန်မာအစိုးရဘက်က တော်တော်တာဝန်ကြီးတဲ့ လူတယောက်က ကျနော်ကို ဖုန်းဆက်လာပါတယ်။ သူတို့အနေနဲ့ ကျနော်ရေးထားတဲ့ ရက်ပေါင်း (၆၀)အတွင်း တင်ရမယ်ဆိုတာ ဟုတ်လား။ ဘယ်လို ပုံစံလည်းဆိုတာ မေးပါတယ်။ ကျနော်ကလည်း ထိုင်းရှေ့နေတွေ ပြောတဲ့အတိုင်းပဲ သူတို့ကို ကျနော် ရှင်းပြပါတယ်။ သူတို့ကလည်း အစိုးရမှာ တာဝန်ရှိတဲ့ လူကြီးတယောက်ကို တင်ထားပြီးပြီလိုတော့ ကျနော်ကို ဖုန်းဆက်တဲ့ ပုဂ္ဂိုလ်က ပြောတယ်ခင်ဗျ။"

မေး။ ။ အခု မြန်မာအစိုးရဘက်ကရော ဘယ်လို ဆောင်ရွက်ပေးနေသလဲရှင့်။

ဖြေ။ ။ ကျနော်ကို ထိုင်းရှေ့နေတွေ ပြောချက်အရဆိုရင် မိသားစုထက်စာရင် ကာယံကံရှင် ကလေးနှစ်ယောက် မိသားစုထက်စာရင် နိုင်ငံတော်အစိုးရအနေနဲ့ ထိုင်းဘုရင်ဆီမှာ အသနားခံစာ တင်ပေးလို့ရှိရင် ပိုပြီးထိရောက်မယ်လို့ ထိုင်းရှေ့နေများကောင်စီက ပြောပါတယ်။

မေး။ ။ အဲတော့ မြန်မာအစိုးရရဲ့လိုက်ပါဆောင်ရွက်ပေးနိုင်မယ့် အခြေအနေကိုရော ဘယ်လောက်ထိ မျှော်လင့်ထားပါသလဲ။

ဖြေ။ ။ ကျနော်ထင်တယ်။ ဒါကတော့ နိုင်ငံတကာ လုပ်ရိုးလုပ်စဉ်တခုပါပဲ။ ဒီအစိုးရအနေနဲ့လည်း အဲဒီကိစ္စလေးလောက်ကိုတော့ လုပ်ပေးနိုင်လိမ့်မယ်လို့ ထင်ပါတယ်။ နောက်တခုကလည်း သူတို့လုပ်ပေးမှပဲ ပိုပြီးထိထိရောက်ရောက်ဖြစ်မှာပါ။

ထိုင်းတရားသူကြီးတွေဘက်က မောင်ဇော်လင်းနဲ့ မောင်ဝင်းဇော်ထွန်းတို့ နှစ်ဦးကို သေဒဏ်စီရင်ချမှတ်ရတဲ့ အကြောင်းအရင်းမှာ DNA မျိုးရိုးဗီဇ အထောက်အထားကြောင့် ဖြစ်တယ်လို့ဆိုပါတယ်။ ဒါပေမယ့် အကျိုးဆောင်ရှေ့နေတွေက အဓိက ထောက်ပြနေတာက ထိုင်းရဲတွေဘက်က DNA မျိုးရိုးဗီဇ ကို စစ်ချက်ယူရမှာ သတ်မှတ်ထားတဲ့ စံနှုန်းတွေနဲ့ အညီ မလုပ်ခဲ့ဘူးဆိုတာ ပေါ်လွင်နေတဲ့ အချက်ဖြစ်တယ်လို့ ကိုထူးချစ်က ပြောပါတယ်။

"ပြီးခဲ့တဲ့ ခရိုင်အဆင့် အယူခံမှာကတည်းက သူတို့ သေဒဏ်ချတဲ့အချိန်မှာ မျိုးရိုးဗီဇနဲ့ ပတ်သက်ပြီးတော့ အဓိက ချတယ်လို့ ရှေ့နေတွေကလည်း ကျနော်တို့ကို ရှင်းပြတော့ မျိုးရိုးဗီဇနဲ့ ပတ်သက်တဲ့ နိုင်ငံတကာပညာရှင်တွေရော၊ ထိုင်းပညာရှင်တွေရော၊ ရှေ့နေတွေ ထောက်ပြနေတာက အဓိက က မျိုးရိုးဗီဇကို သူတို့ စစ်တဲ့အချိန်မှာ သတ်မှတ်ထားတဲ့ စံချိန် စံညွှန်းနဲ့ မညီပဲ သူတို့ဘာသူတို့ စစ်ချင်တဲ့ပုံစံနဲ့ စစ်လိုက်တယ်ဆိုတဲ့ ဟာမျိုး ပြောပါတယ်။"

မောင်ဇော်လင်းနဲ့ မောင်ဝင်းဇော်ထွန်းတို့ရဲ့ နောက်ဆုံးအခြေအနေနဲ့ ပတ်သက်လို့ ရခိုင်ပြည်နယ် ကျောက်ဖြူနားက ကျွန်းပေါ်မှာရှိနေတဲ့ ရွာမှာနေထိုင်နေတဲ့ မိဘဆွေမျိုးတွေကို အကြောင်းကြားထားကြောင်းလည်း ကိုထူးချစ်က ဆိုပါတယ်။

"သူတို့နဲ့ ပတ်သက်တဲ့၊ ကျနော်တို့နဲ့ ပတ်သက်တဲ့ ရခိုင်မိတ်ဆွေတွေက တဆင့် အကြောင်းကြားထားပါတယ်။ ပြီးခဲ့တဲ့နှစ်ကလည်း ကျနော်တို့ အဖွဲ့ထဲက ရဲဘော်တယောက် သူတို့ရွာတွေသွားပြီး မိသားစုဝင်တွေကို သွားရောက် အားပေးတာမျိုး လုပ်ခဲ့ဘူးတော့ တဆင့်ဆက်သွယ်ပြီး လှမ်းပြောခိုင်းထားပါတယ်။ သူတို့မှာ တိုက်ရိုက်ဆက်သွယ်ဖို့ ဖုန်းမရှိဘူး။ နောက်သူတို့နေတဲ့ နေရာကလည်း ကျွန်းလို ဖြစ်နေတယ်။ ကျောက်ဖြူနားက တကယ့်တောရွာလေးမှာ နေတာဆိုတော့ ကျနော်တို့ တိုက်ရိုက်ဆက်သွယ်ဖို့ ခက်နေပါတယ်။"

ထိုင်းနိုင်ငံ စူရတ်ဌာနီခရိုင်၊ လိပ်ကျွန်း (ကော့တောင်) မှာ ၂၀၁၄ ခုနှစ် စက်တင်ဘာလက ကမ္ဘာလှည့်ခရီးသွား ဗြိတိန် လူငယ်စုံတွဲဖြစ်တဲ့ အသက် (၂၃)နှစ် အရွယ် Hannah Witheridge ကိုအတင်းအဓမ္မပြုကျင့် သတ်ဖြတ်မှု နဲ့ (၂၄)နှစ်အရွယ် David Miller တို့ကို သတ်ဖြတ်ခဲ့မှုမှာ ကျူးလွန်သူတွေအဖြစ် မြန်မာရွှေ့ပြောင်းအလုပ်သမား လူငယ်နှစ်ဦးဖြစ်တဲ့ မောင်ဇော်လင်းနဲ့ မောင်ဝင်းဇော်ထွန်း (ခေါ်) ဝေဖြိုး တို့ ကို ၂၀၁၅ခုနှစ် ဒီဇင်ဘာလမှာ ကော့စမွေတရားရုံးက သေဒဏ်စီရင်ခဲ့တာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG