သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Kho Toh လူသတ်မှု စုံစမ်းရာမှာ ဗြိတိန်ရဲတပ်ဖွဲ့ ဥပဒေချိုးဖောက်


ဗြိတိသျှလူငယ်၂ဦးဖြစ်တဲ့ Hannah Witheridge နဲ့ David Miller အသတ်ခံရမှုကြောင့် သေဒဏ် အပြစ်ပေးခံထားရတဲ့ မြန်မာလူငယ် ကိုဇော်လင်းနဲ့ ကိုဝင်းဇော်ထွန်းတို့ ၂ ဦးအမှုမှာ ဗြိတိန်အမျိုးသားရာဇဝတ်ပြစ်မှုဆိုင်ရာ အေဂျင်စီ(NCA)က ဥပဒေ ချိုးဖောက်ပြီး ဝင်ရောက်စွက်ဖက် ခဲ့တယ်လို့ လန်ဒန်မြို့ဗဟိုတရားရုံးက အင်္ဂါနေ့မှာပြောလိုက်ပါတယ်။ ဒီအမှုကို ထိုင်းနိုင်ငံက စုံစမ်းရာမှာ(NCA)က သက်သေအထောက် အထားတွေနဲ့ သတင်းပေးခဲ့တဲ့အတွက် သေဒဏ်ချမှတ်ရတဲ့အထိ ဆုံးဖြတ်ဖို့ ဖြစ်လာတာလို့ တရားခံတွေရဲ့ ရှေ့နေကပြောပါတယ်။ ဗွီအိုအေ သတင်းထောက် မအေးအေးမာက သတင်းပေးပို့ ထားပါတယ်။

သေဒဏ်ပေးခြင်း ခံထားရတဲ့ မြန်မာရွှေ့ပြောင်း လူငယ်၂ ဦးနဲ့ ပတ်သက်လို့စုံစမ်း စစ်ဆေးမူတွေ လုပ်တဲ့ အခါမှာ ဗြိတိန် အမျိုးသား ရာဇဝတ်ပြစ်မှုဆိုင်ရာ အေဂျင်စီ (NCA) က ဥပဒေချိုးဖောက်ပြီး ဒီအမူမှာ ဝင်ရောက် စွက်ဖက်မူတွေ လုပ်ခဲ့တယ်လို့ လန်ဒန်မြို့ ဗဟိုတရားရုံးက ပြောဆိုလိုက်ပါတယ်။ ဒီလို ဥပဒေ ချိုဖောက်တာကြောင့် သေဒဏ်ပေးခံ လိုက်ရတဲ့ မြန်မာလူငယ် ၂ ဦး အတွက် နစ်နာမူတွေ ပိုဖြစ် သွားရတယ်လို့ တရားခံတွေရဲ့ အကျိုးကို လိုက်ပါ ဆောင်ရွက်ပေးနေတဲ့ လိပ်ကျွန်း အထူးစုံစမ်းရေး ကော်မတီဝင် ရှေ့နေကြီး ဦးအောင်မျိုးသန့်က ပြောပါတယ်။

“ ဒီအချက်တွေ မခိုင်လုံဘဲနဲ့ သေဒဏ်ကျနိုင်တဲ့ အမှုမှာ အငြင်းပွားဖွယ်ရာ အချက်တွေကို သူတို့ အဲဒီ UK နိုင်ငံရဲ့NCA အဖွဲ့က နေပြီးတော့ လစ်လျူရှုတဲ့ သဘောကတော့ ကူညီခဲ့တယ် ဆိုတဲ့ သဘောမျိုး ရေးထားတဲ့ဟာ။ အန်ကယ်တို့ ကတော့ ဒီဟာက ဒီအမှုက ကမ္ဘာသိ အမှု ဖြစ်နေတယ်လေ။ ဒီတရားခွင်မှာ သုံးခဲ့တဲ့ တယ်လီဖုန်းရဲ့ ကုဒ်နံပတ် ဆိုပြီးတော့ အင်္ဂလန်နိုင်ငံ ရဲတပ်ဖွဲ့က ပေးတယ် ဆိုပြီးတော့ တရားလိုတွေက တရားခွင်မှာ သုံးခဲ့တယ်။

တကယ်တော့ အဲဒီ ကုဒ်နံပတ်က UK ရဲတပ်ဖွဲ့ ဆီက ရတာမဟုတ်ဘဲနဲ့ သေဆုံးတဲ့ David ရဲ့မိသားစု ညီဆီကနေပြီး ကွန်ပျူတာကနေ ရတဲ့ အချက် ဖြစ်တယ်။ ဒါပေမယ့် အဲဒီအချက်ကို ဖုံးကွယ်ပြီးတော့ UK ဆီကရတယ် ဆိုပြီးတော့ သက်သေခံ တင်ခဲ့တယ်။ ဒီအချက်ကလည်း တရားရုံးအနေနဲ့ တရားလို ပြောတဲ့ဟာကို ယုံကြည်ပြီးတော့ တင်လိုက်တဲ့ အမှုမှာ အသုံးချခဲ့တယ်။ ဒါက အပြစ်ပေးလို့ရအောင် ဘောင်ထဲကို ဆွဲယူသွားတာ ပေါ့လေ။”

ဗြိတိန်တရားရုံးမှာ ဒီလို အချက်အလက် အထောက်အထား မှန်တွေ ဖြစ်ပေါ်လာစေဖို့ အတွက် ဗြိတိန် ဘက်က အဖွဲ့အစည်းတွေနဲ့ ထိုင်းရှေ့နေများ ကောင်စီတို့ ပူးပေါင်း လုပ်ဆောင်ခဲ့တယ် လို့လည်း ရှေ့နေကြီး ဦးအောင်မျိုးသန့်က ပြောပါတယ်။

“ အဲဒီ သေဒဏ်ဆန့်ကျင်ရေး အဖွဲ့ကလည်း သူတို့နိုင်ငံရဲ့ဥပဒေအရ တခြားနိုင်ငံမှာ သေဒဏ်ထိုက်တဲ့ အမှုတွေမှာ အချက်အလက် ပေးပို့ကူညီခြင်း မပြုလုပ်ရဘူးဆိုတာ သူတို့ ချမှတ်ထားတဲ့ ဥပဒေရှိပြီးသား။ ဒါပေမယ့် အဲဒီဟာကို ဖောက်ဖျက်ပြီးတော့မှ ဒီလို အချက်အလက်တွေ ပို့တာဟာ လွဲမှားတယ် ဆိုပြီးတော့ ကန့်ကွက်ခဲ့ရင်းနဲ့ ဒီမှာ ပါဝင်ဆောင်ရွက်တဲ့ ထိုင်းရှေ့နေများ ကောင်စီတို့ အခုလို အင်္ဂလန်နိုင်ငံမှာ ကူညီဆောင်ရွက် ပေးတဲ့ လူတွေကနေ လိုက်ရင်းနဲ့ ဒီအချက်အလက် တွေက ပေါ်လာတာပါ။ သေဒဏ် ဆန့်ကျင်တဲ့ အဖွဲ့အစည်းက ရှေ့နေကလည်း တရားခွင်မှာ ဒီအကြောင်းကို တင်ပြခဲ့ရင်းနဲ့ ဒီအဖြေက အခု ထွက်လာတဲ့ အဖြေဖြစ်တယ် ဆိုပြီးတော့ ဝိုင်းဝန်းဆောင်ရွက် ကြတာပေါ့။”

ဒီအမူမှာ ကွဲလွဲချက် အချက်အလက်တွေ ရှိနေတာကြောင့် ဝေဖန်ခံနေရတဲ့ အမှု ဖြစ်သလို ထိုင်းနိုင်ငံ မှုခင်းဆိုင်ရာ ကျွမ်းကျင်သူ ဒေါက်တာ ပွန်ထစ် ကလည်း တရားခံတွေကို သူတို့ ဖမ်းဆီး စဉ်မှာ ဥပဒေနဲ့ အညီ ဒီအန်အေကို စနစ်တကျ စစ်ဆေးတာကို မတွေရှိခဲ့ကြောင်း၊ သူ့အနေနဲ့ ထပ်မံ စစ်ဆေးပြီးတဲ့ အခါမှာတော့ သတ်ဖြတ်မူမှာ သုံးခဲ့တဲ့ ပေါက်တူးမှာ ဒီအန်အေ ၃ မျိုး တွေခဲ့ပေမယ့် တရားခံအဖြစ် သေဒဏ် ပေးခံထားရတဲ့ လူငယ် ၂ ဦးရဲ့ဒီအန်အေတွေ မတွေခဲ့ရဘူးလို့ ဆိုပါတယ်။

မြန်မာလူငယ် ၂ ဦးရဲ့ နောက်ဆုံး အယူခံကို သြဂုတ်လ ၂၁ ရက်နေ့မှာ ကော့စမွေ တရားရုံးက တဆင့် ထိုင်းဗဟို တရားရုံးချုပ်ကို တင်ထားဆဲ ဖြစ်ပါတယ်။ မြန်မာရွှေ့ပြောင်း အလုပ်သမား ခန့်မှန်းချေ ၄,၀၀၀ လောက် အလုပ်လုပ်ကိုင်နေတဲ့ ကော့တောင် အပန်းဖြေ ကျွန်းဖြစ်တဲ့ လိပ်ကျွန်းမှာ ၂၀၁၄ ခုနှစ် စက်တင်ဘာလ မှာ လူသတ်မှု ဖြစ်ပွားခဲ့တာပါ။

၂၀၁၄ ခုနှစ် စက်တင်ဘာ လကုန်ပိုင်းမှာတော့ လူသတ်မူနဲ့ တရားစွဲဆို ခံခဲ့ရတဲ့ မြန်မာလူငယ် ၂ ဦး ကိုတော့ တနှစ်ကျော်ကြာ ထိုင်းနိုင်ငံ ကော့စမွေ အကျဉ်းထောင်မှာ ဖမ်းဆီးထားပြီး ၂၀၁၅ ခုနှစ်ကုန်မှာထိုင်းနိုင်ငံ ကော့စမွေ တရားရုံးကနေ အမူ (၇) မှုနဲ့ အမြင့်ဆုံး ပြစ်ဒဏ်အဖြစ် သေဒဏ်ပေးခဲ့ပြီး ဘန်ခွမ် အကျဉ်းထောင်မှာ ထိမ်းသိမ်း ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG