သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လိပ်ကျွန်း လူသတ်မှုအယူခံ နောက်ဆုံးအခြေအနေ


ကိုဝင်းဇော်ထွန်းနဲ့ ကိုဇော်လင်း
ကိုဝင်းဇော်ထွန်းနဲ့ ကိုဇော်လင်း

၂၀၁၄ခုနှစ်က ထိုင်းနိုင်ငံ တောင်ပိုင်းက ကော့တောင်ကျွန်းလို့ခေါ်တဲ့ လိပ်ကျွန်းမှာ ဗြိတိန်ကမ္ဘာလှည့်ခရီးသွား ၂ဦး ဖြစ်တဲ့ David Miller နဲ့ Hannah Witheridge တို့ အသတ်ခံရတဲ့ အမှုနဲ့ပတ်သက်လို့ သေဒဏ်ပေးခံထားရတဲ့ မြန်မာရွှေ့ပြောင်းလူငယ် ၂ဦးနဲ့ ပတ်သက်လို့ နောက်ဆုံးအမိန့််ကို စောင့်နေရချိန်မှာ သူတို့ လွတ်မြောက်ရေးနဲ့ ပတ်သက်လို့ ထိုင်းအစိုးရထံကို တရားဝင်စာထုတ်ပြီး တောင်းဆိုတာမျိုးတွေတော့ မရှိသေးဘူးလို့ မြန်မာသံရုံးက ဆိုပါတယ်။ မအေးမာက သတင်းပေးပို့ထားပါတယ်။

ဗြိတိန်လူငယ်၂ ဦး သတ်ဖြတ်ခံခဲ့ရတဲ့ လိပ်ကျွန်းလူသတ်မှုနဲ့ ပတ်သက်လို့ သေဒဏ်ပေးခြင်းခံထားရတဲ့ မြန်မာရွှေ့ပြောင်းလူငယ်၂ ဦး ဟာ သေဒဏ်ပေးခံထားရပြီး ဘန်ခွမ်အကျဉ်းထောင်မှာပဲ လက်ရှိမှာ ထိန်းသိမ်းခံထားရတာပါ သူတို့ဟာ ဗဟိုတရားရုံးချုပ်ကို အယူခံတင်ထားပြီးတဲ့နောက် နောက်ဆုံးအမိန့်ကို စောင့်နေရတာပါ။ ဒီအခြေအနေအောက်မှာ သေဒဏ်ကျနေရတဲ့ မြန်မာလူငယ်တွေ လွတ်မြောက်ဖို့အရေး ၂ နိုင်ငံ အစိုးရချင်း ဒီလပိုင်းတွေမှာ ဘာတွေများ ဆက်သွယ် လုပ်ဆောင်နေသလဲဆိုတာကိုတော့ မြန်မာသံရုံးကိုယ်စားပြု ဥပဒေအကြံပေးဦးအောင်မျိုးသန့်ကို ဆက်သွယ် မေးမြန်းကြည့်ခဲ့ပါတယ်။

"အဓိကကတော့ နောက်ဆုံးတရားရုံးရဲ့ ဖိုင်နယ်အော်ဒါကို စောင့်နေရတာပါ။ စာမထုတ်ပါဘူး။ ထိုင်းနိုင်ငံရဲ့ ဥပဒေက ဆောင်ရွက်တာဖြစ်လို့ အမူမှန်ဖြစ်မယ်ဆိုပြီး မျှော်လင့်တယ်ဆိုပြီး လောလောဆယ် လုပ်သင့်တာ ဥပမာ သေဒဏ်ကနေ လွတ်သွားပြီဆိုရင်လည်း တာဝန်တခုပြီးသွားပြီ သေဒဏ် ဆက်ရှိမယ်ဆိုရင်တော့ ထိုင်းနိုင်ငံ ဘုရင်မင်းမြတ်ဆီကို အသနားခံစာတင်မယ်ဆိုပြီး အန်ကယ်နဲ့ သံအမတ်ကြီး ဦးမျိုးမြင့်သန့်ကိုယ်တိုင် အန်ကယ်နဲ့ အတူတူ ထိုင်းနိုင်ငံရဲ့ရှေနေ့များ ကောင်စီဆီကို သွားရောက်ပြီး ဆွေးနွေးပြီးပါပြီ။"

မြန်မာနိုင်ငံခြားရေး ဝန်ကြီးဌာနနဲ့ မြန်မာသံရုံးက သံအမတ်တွေကိုလည်း ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမဲ့ ဆက်သွယ်လို့ မရခဲ့ပါဘူး။ မြန်မာသံရုံးကတော့ ဥပဒေအကြံပေးရှေနေ့ ဦးအောင်မျိုးသန့်ကိုပဲ ဆက်သွယ်မေးမြန်းဖို့အတွက် တာဝန်လွဲှပေးထားတယ်လို့ သံရုံးတာဝန်ရှိသူတွေက ဆိုပါတယ်။

ဒီအမှုဟာ မြန်မာလူငယ်တွေတကယ်ပဲ လူသတ်မှုကို ကျူးလွန်ခဲ့သလား မကျုးလွန်ခဲ့ဘဲ ဓါးစာခံ ဖြစ်ရသလားဆိုတာကို မေးခွန်းထုတ်ခံနေရတဲ့ အမှုကြီး ဖြစ်ပါတယ်။ ဒီအတွက် ထိုင်းနိုင်ငံက ရှေ့နေများကောင်စီနဲ့အတူ ထိုင်းနိုင်ငံက မှုခင်းဆိုင်ရာကိစ္စကြီးတွေမှာ ဒီအန်အေ စစ်ဆေးပေးတဲ့ ဆရာဝန်မကြီး ဒေါက်တာပွန်ထစ်ကိုယ်တိုင် အမှုမှာ လိုက်ပါဆောင်ရွက်ပြီး ဒီအန်အေတွေကို ပြန်စစ်ဆေးပေးခဲ့တာပါ။ ဒီလိုစစ်ဆေးတဲ့အခါမှာတော့ လူသတ်လက်နက်အဖြစ် သုံးခဲ့တယ်ဆိုပြီး တရားလိုဘက်က တင်ပြခဲ့တဲ့ ပေါက်တူးမှာ မြန်မာလူငယ်၂ ဦးရဲ့ ဒီအန်အေကို မတွေ့ခဲ့ရတာကလည်း ထူးခြားမူရှိပေမဲ့ တရားလိုဘက်ကတော့ ဒီအချက်ကို ရှောင်လွဲှတဲ့ အဖြေတွေနဲ့ပဲ ဖြေကြားခဲ့တယ်လို့ မြန်မာသံရုံး ဥပဒေအကြံပေး ရှေ့နေဦးအောင်မျိုးသန့်က ပြောပါတယ်။

"၄လပိုင်း ၂၀၁၅ မှာ ပြန်လည်စစ်ဆေးခွင့် ရပါတယ်။ ဒေါက်တာပွန်ထစ်က မှုခင်းစစ်ဆေးရေးဌာနမှာ စစ်တာဟာ ပေါက်တူးရဲ့ အသွားမှာတော့ ဟန်နာနဲ့ ဒေးဗစ်တို့ရဲ့ DNA တွေ့ပါတယ်။ ပေါက်တူး လက်ကိုင်ရိုးမှာတော့ သူစိမ်းယောကျာ်း၂ ဦးရဲ့ ဒီအန်အေ တွေ့ပါတယ်။ အဲဒီ ဒီအန်အေဟာ ဝင်းနဲ့ ဇော်ရဲ့ ဒီအန်အေ မတူတာကို ထင်ရှားတွေ့ရတယ် ဒါကို ကြည့်ပြီး မတူဘူး။ တရားခံမဖြစ်ဘူးလို့ ပြောရင်လည်း ဒီလိုအချက်အတွေ မတူပေမဲ့တခြားအချက်တွေ ရှိပါတယ်ဆိုတဲ့ ရှောင်လွဲတဲ့ အဖြေတွေနဲ့ပဲ အဆုံးသတ်သွားပါတယ်။"

အဓိကတော့ မုဒိမ်းကျင့်ပြီး သတ်ဖြတ်ခံရတဲ့ ဗြိတိန်သူ ဟန်နာရဲ့ မိန်းမကိုယ်ထဲမှာ ၂ ဦးထက်ပိုတဲ့ ဒီအန်အေ တွေ့တယ်ဆိုပေမဲ့ အဲဒီ ဒီအန်အေကတော့ ပြန်စစ်ဆေးခွင့် မရခဲ့ဘူးလို့လည်း ဆိုပါတယ်။

"တကယ်တမ်းက ပြန်စစ်ဆေးဖို့အတွက် တောင်းဆိုတဲ့အခါမှာ တရားခွင့်က ပြန်ခွင့်ပြုပေးခဲ့ပါတယ်။ တကယ်တမ်း ပြန်စစ်ဖို့တောင်းဆိုတဲ့အခါမှာ ပေါက်တူးတလက်နဲ့ ခြေညှပ်ဖိနပ်တခုနဲ့ ပီနံအိတ် တလုံး ပဲရပါတယ်။ တခြားဒီအန်အေ ကိစ္စတွေ စစ်ဆေးမယ်လို့ ပြောတဲ့အခါမှာတော့ စစ်ဆေးလို့ ကုန်သွားပြီလို့ ပြောပါတယ်။"

မြန်မာအစိုးရဘက်ကတော့ ဥပဒေပိုင်းဆိုင်ရာ ကျွမ်းကျင်သူတွေကို စေလွှတ်တာမျိုးတွေ ဒီအမှုနဲ့ ပတ်သက်လို့ တရားရုံးကိုသွားလာတဲ့ ငွေကြေးကုန်ကျမှု တချို့ကို ထုတ်ပေးခဲ့ပေမဲ့ မြန်မာလူငယ် ၂ ဦးအတွက် သက်သေလိုက်ပေးမဲ့ တရားခံပြ သက်သေတွေကိုတော့ ထိထိရောက်ရောက် ရှာဖွေပေးနိုင်တာတွေတော့ မရှိခဲ့ဘူးလို့ လိပ်ကျွန်းလူသတ်မှု စုံစမ်းဆေးရေးကော်မတီဝင် တဦးဖြစ်တဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားရေး ဆောင်ရွက်သူ ဦးကျော်သောင်းကတော့ ပြောပါတယ်။

မြန်မာရွှေ့ပြောင်းအလုပ်သမား ခန့်မှန်းခြေ ၄,၀၀၀ လောက် အလုပ်လုပ်ကိုင်နေတဲ့ ကော့တောင် အပန်းဖြေကျွန်းဖြစ်တဲ့ လိပ်ကျွန်းမှာ ၂၀၁၄ ခုနှစ် စက်တင်ဘာလမှာ ဗြိတိန်လူငယ် ၂ ဦးသတ်ခံခဲ့ရတာပါ။ ဒီအမှုမှာ မြန်မာရွှေ့ပြောင်းလူငယ် ၂ ယောက်ဖြစ်တဲ့ ကိုဝင်းဇော်ထွန်းနဲ့ ကိုဇော်လင်းတို့ကို လူသတ်မှု၊ မုဒိမ်းမှု၊ ပစ္စည်းလူယူမှု အပါအဝင် အမှု ၇ မှုနဲ့ တရားစွဲခဲ့ပါတယ်။ ထိုင်းနိုင်ငံ ကော့စမွေ အကျဉ်းထောင်မှာ ဖမ်းဆီးခံထားရတဲ့ သူတို့ ၂ ယောက်ကို ၂၀၁၅ ခုနှစ်ကုန်မှာတော့ ထိုင်းနိုင်ငံ ကောစမွေတရားရုံးကနေ အမြင့်ဆုံးပြစ်ဒဏ်အဖြစ် သေဒဏ်ပေးခဲ့ပြီး ဘန်ခွမ်အကျဉ်းထောင်မှာ ဆက်လက်ထိန်းသိမ်းထားပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG