သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လိပ်ကျွန်းလူသတ်မှု သေဒဏ် အယူခံ ထိုင်းတရားရုံး ချမှတ်မည်


ထိုင်းနိုင်ငံက လိပ်ကျွန်းလူသတ်မှုနဲ့ သေဒဏ်အမိန့်ချမှတ်ခံထားရတဲ့ မြန်မာနိုင်ငံသားမောင် ဇော်လင်းနဲ့ မောင်ဝင်းဇော်ထွန်း (ခေါ်) ဝေဖြိုး တို့နှစ်ဦးရဲ့ နောက်ဆုံးအယူခံကို ထိုင်း ဗဟိုတရားရုံးက ဒီကနေ့ မနက် (၁၀) နာရီမှာ အမိန့်ချမှတ်မှာဖြစ်ပါတယ်။

တရားရုံးမှာ တင်ပြတဲ့ အဓိကသက်သေဖြစ်တဲ့ DNA နဲ့ မှုခင်းဆိုင်ရာ ဆေးစစ်ချက် အထောက်အထားတွေဟာ ခိုင်လုံမှုမရှိတဲ့အတွက် လိပ်ကျွန်းလူသတ်မှု အယူခံကို ထိုင်း ဗဟိုတရားရုံးက ဆုံးဖြတ်ရာမှာ အောက် တရားရုံးတွေက ချမှတ်ခဲ့တဲ့ စီရင်ချက်တွေကို ပြင်ဆင် ဒါမှမဟုတ် ပယ်ချဖို့ အမှုကို အနီးကပ်စောင့်ကြည့်နေတဲ့ ဥပဒေ အကဲခတ်တွေနဲ့ ရွှေ့ပြောင်းအလုပ်သမားရေးရာ ကျွမ်းကျင်သူတွေက မျှော်လင့်နေကြပါတယ်။ မအင်ကြင်းနိုင်က အပြည့်အစုံကို ဆက်လက်တင်ပြမှာပါ။

ထိုင်းနိုင်ငံ စူရတ်ဌာနီခရိုင်၊ လိပ်ကျွန်း (ကော့တောင်) မှာ ၂၀၁၄ ခုနှစ် စက်တင်ဘာလက ကမ္ဘာလှည့်ခရီးသွား ဗြိတိန် လူငယ်စုံတွဲဖြစ်တဲ့ အသက် (၂၃)နှစ် အရွယ် Hannah Witheridge နဲ့ (၂၄)နှစ်အရွယ် David Miller တို့ကို သတ်ဖြတ်ခဲ့မှုမှာ ကျူးလွန်သူတွေအဖြစ် သေဒဏ်ချမှတ်ခဲ့ရထားရတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမား လူငယ်နှစ်ဦးဖြစ်တဲ့ မောင်ဇော်လင်းနဲ့ မောင်ဝင်းဇော်ထွန်း (ခေါ်) ဝေဖြိုး တို့ ရဲ့ နောက်ဆုံးတရားရုံးအယူခံကို ဒီကနေ့ သြဂုတ်လ (၂၈)ရက် မနက် (၁၀)နာရီမှာ ထိုင်းဗဟိုတရားရုံးက အပြီးသတ်အမိန့်ချမှတ်မှာဖြစ်ပါတယ်။

ဘန်ကောက်မှာရှိတဲ့ ဗဟိုတရားရုံးက အမိန့် ချမှတ်မယ့်အချိန်မှာ နွန်ထဘူရီခရိုင် အကျဉ်းထောင်မှာရှိနေတဲ့ တရားခံနံပါတ် ၁ မောင်ဇော်လင်း နဲ့တရားခံ နံပါတ် ၂ မောင်ဝေဖြိုးတို့ကို ဗွီဒီယို ကွန်ဖရင့်နဲ့ ဆင့်ခေါ်ထားမှာ ဖြစ်ပြီး တရားရုံးအမိန့်ကို စကားပြန်ကတဆင့် မြန်မာဘာသာပြန်ဆိုပြီ နာကြားရမှာဖြစ်ပါတယ်။

အမှုဖြစ်စဉ် တလျောက်လုံး အနီးကပ်စောင့်ကြည့်ပြီး မောင်ဇော်လင်းနဲ့ မောင်ဝင်းဇော်ထွန်း တို့ရဲ့ မိဘတွေကို ဥပဒေပိုင်းဆိုင်ရာ ကူညီပေးခဲ့တဲ့ ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေး ကျွမ်းကျင်သူ Andy Hall က ထိုင်းဗဟိုတရားရုံးက နောက်ဆုံးအမိန့်ချမှတ်မယ့် အခြေအနေကို ဗွီအိုအေကို အခုလိုပြောပါတယ်။

“ သူတို့နှစ်ဦးအမှုအပေါ် ချမှတ်ထားတဲ့ ပြစ်ဒဏ်ကို ပလပ်သင့်ပါတယ်။ သူတို့ဘက်က သက်သေအဖြစ် တရားရုံးကိုတင်ပြတဲ့ အချက်အလက်တွေဟာ ခိုင်လုံမှုမရှိတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ ဒီလို ရာဇဝတ်မှုမျိုးအတွက် ခိုင်လုံတိကျတဲ့ သက်သေအထောက်အထားတွေမရှိပဲ သူတို့နှစ်ဦးကို စွပ်စွဲချက်တွေအတိုင်း ပြစ်မှုကျူးလွန်ခဲ့တယ်လို့ ပြောလို့ မရပါဘူး။ လိပ်ကျွန်းလူသတ်မှုအတွက် စုံစမ်းစစ်ဆေးမှု တွေနဲ့ DNA အထောက်အထားတွေမှာ သံသယဖြစ်စရာတွေ ရှိနေတာပါ။

လိပ်ကျွန်း လူသတ်မှုမှာ မောင်ဇော်လင်းနဲ့ မောင်ဝင်းဇော်ထွန်း တို့အပြစ်ရှိကြောင်း တရားရုံးက သေဒဏ်အမိန့်ချမှတ်မှုမှာ DNA နဲ့ မှုခင်းဆိုင်ရာ ဆေးပညာစစ်ချက် မှတ်တမ်းတွေအရ ဖြစ်တယ်ဆိုတဲ့ကိစ္စမှာ ချို့ယွင်းအားနည်းချက်တွေရှိနေပြီး နိုင်ငံတကာ မှုခင်းဆိုင်ရာ ဆေးစစ်ချက် စံနှုန်းတွေနဲ့လည်း ကိုက်ညီမှုမရှိဘူးလို့ Andy Hall ကဆိုပါတယ်။

ဟောင်ကောင်အခြေစိုက် အာရှလူ့အခွင့်ရေးရာကော်မရှင် ရှေ့နေ ဦးမင်းလွင်ဦးကလည်း အောက်တရားရုံးတွေက စီရင်ချက်တွေမှာ အဓိက သက်သေတွေဟာ ခိုင်လုံမှုမရှိတဲ့အတွက် အခု ထိုင်း ဗဟိုတရားရုံးက ပြင်ဆင် ဒါမှမဟုတ် ပယ်ချလိမ့်မယ်လို့ မျှော်လင့်ကြောင်း ဗွီအိုအေကိုပြောပါတယ်။

ဒါအပြင် လိပ်ကျွန်းလူသတ်မှုဖြစ်ပြီးနောက်တနှစ် ထိုင်း-မြန်မာနယ်စပ် ရနောင်းမှာ ဖြစ်ခဲ့တဲ့ အသက် (၁၇)နှစ် အရွယ် ထိုင်းအမျိုးသမီးငယ်တဦး သတ်ဖြတ်ခံရမှုမှာ ကျူးလွန်သူတွေအဖြစ် ရနောင်းခရိုင်တရားရုံးက ၂၀၁၈ ဧပြီလမှာ ထောင်ဒဏ်အသီးသီးချမှတ်ခဲ့တဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမား လူငယ်လေးဦးရဲ့ အမှုမှာ နောက်ဆုံးအယူခံဝင်ရာမှာ ပြီးခဲ့တဲ့ဇွန်လက အယူခံတရားရုံးက သူတို့လေးဦးကို ပြန်လွှတ်ပေးခဲ့တဲ့ သာဓကကိုလည်း ဦးမင်းလွင်ဦးက ထောက်ပြပြောဆိုခဲ့ပါတယ်။

“ အမြင့်ဆုံး ထိုင်းဗဟိုတရားရုံးပေါ့နော် ဗဟိုတရားရုံးရဲ့ ဆုံးဖြတ်ချက်က တခြား အမှုတွေမှာတော့ သာမန်အားဖြင့် ဆိုလို့ ရှိရင်တော့ အောက်ရုံးတွေက ဆုံးဖြတ်လာတဲ့ အမှုတွေကို အတည်ပြုတာ များတယ်လို့ ကျနော်တို့ သိရတယ်။ သို့သော်လည်းဘဲ ဒီအမှုမှာ ကျတော့ကား အငြင်းပွားစရာ အချက်အလက်တွေ တော်တော်များများ ရှိနေတဲ့ အတွက် အောက်ရုံးရဲ့ အမိန့်တွေကို ပြင်ဆင် ပြောင်းလဲပြီးတော့ အမိန့်ချလိမ့်မယ်လို့ ကျနော်တို့ ယူဆတာပေါ့နော်။ အဲတော့ အဲဒီမှာ တကယ် အဓိက ကျတဲ့ DNA စစ်ဆေးချက်မှာလည်း ကွဲလွဲတယ်။ နောက်ပြီးတော့ ဒီအမှုမှာ သက်သေခံ အဖြစ် တင်ပြတဲ့ ပစ္စည်းတွေပေါ့နော် ဒီပေါက်တူးတို့ ပေါက်ပြားတို့ အဲ အဲဒီ ကိစ္စတွေကလည်း တချို့ ဥစ္စာတွေက နောက်ပိုင်းကျမှ အစားထိုးပြီးတော့ သွင်းထားတဲ့ သဘောမျိုး ကျနော်တို့ တွေ့ရတယ်။ နောက်ပြီးတော့ အမှု စုံစမ်းစစ်ဆေးတဲ့ အခါမှာလည်း ကလေးတွေကို ရဲတွေက လိုချင်တဲ့ အဖြေရအောင် နှိပ်စက်ညှဉ်းပန်း စစ်ဆေးတယ်။ အဲဒါတွေ ပေါ်ပေါက်နေတာတွေ ကျနော်တို့ တွေ့ရတယ်။ အဲတော့ အချက်အလက်တွေ အကုန်လုံးကို သုံးသပ်ပြီးတော့ အမိန့်ချဖို့ အတွက် စဉ်းစားနေတာ အခုဆိုရင် အတော် ကြာသွားပါပြီ။

သူ့နောက်မှာ ဖြစ်တဲ့ အမှုတောင်မှ ပြီးခဲ့တဲ့လက အမိန့်ချလို့ တချို့ ပြန်လည် လွတ်မြောက်သွားတာကို ကျနော်တို့ တွေ့ရတယ်။ ထိုနည်းတူစွာဘဲ အခု ဒီအမှုမှာလည်းဘဲ ကျနော်တို့ ဝင်းဇော်တို့ ဇော်ဝင်းထွန်းတို့ စတဲ့ ဒီလူငယ် နှစ်ဦးဟာ အပြီးသတ် လွတ်မြောက်လာလိမ့်မယ်လို့ ကျနော်တို့ကတော့ မျှော်လင့်တာပေါ့နော်။ ”

မအင်ကြင်းနိုင်။ ။ ဒီလို အကောင်းဆုံး အခြေအနေကို မျှော်လင့်ထားသလို အဆိုးဆုံး အခြေအနေ ဖြစ်လာမယ် ဆိုရင်ရော ဒီ မြန်မာနှစ်ဦး အတွက်ပေါ့နော် ထိုင်းနိုင်ငံ ဥပဒေ အရဆိုရင် သူတို့ ဘာဆက်လုပ်နိုင်သလဲရှင့်။

ဦးမင်းလွင်ဦး ။ ။ တရားရုံး အဆင့်ဆင့်ရဲ့ စီရင်ဆုံးဖြတ်မှုတွေ ပြီးသွားပြီ ဆိုလို့ရှိရင်တော့ ဒီထိုင်း ဘုရင်မင်းမြတ်ဆီကို အသနား ခံစာ တင်ဖို့ အခွင့်အရေး တခု ကျန်သေးတယ်လေ။ နောက်ပြီးတော့ တခါ အမြင့်ဆုံး သေဒဏ် ဖြစ်ခဲ့ရင်တောင်မှ သေဒဏ်ကို သူတို့က ချက်ချင်း ပေးတာ မဟုတ်ဘူးလေ။ အဲဒီတော့ ထိုင်းဘုရင်မင်းမြတ်ဆီကို အသနားခံစာ တင်တဲ့ အချိန် အတောအတွင်းမှာ တနှစ်တခါ လွတ်ငြိမ်းချမ်းသာခွင့် ပေးတဲ့ အထဲမှာလည်း ပါချင် ပါသွားနိုင်တာပေါ့နော်။ အဲဒါတော့ အဆုံးစွန် ကျနော်တို့ မျှော်လင့်ထားတာပေါ့။

လိပ်ကျွန်းလူသတ်မှုကို ကျူးလွန်သူတွေအဖြစ် မောင်ဇော်လင်းနဲ့ မောင်ဝင်းဇော်ထွန်းတို့ကို ၂၀၁၅ခုနှစ် ဒီဇင်ဘာလမှာ မြို့နယ်တရားရုံးက သေဒဏ်အမိန့်ချမှတ်ခဲ့ပြီးနောက် အယူခံတင်ခဲ့တာဖြစ်ပါတယ်။ အဲဒီအယူခံ လျောက်ထားမှုကို ၂၀၁၇ခုနှစ် ဇန်နဝါရီလမှာ ခရိုင်တရားရုံးက သေဒဏ်ချမှတ်တဲ့အမိန့်ကို ဆက်လက်အတည်ပြုကြောင်း ထပ်မံချမှတ်ခဲ့တဲ့အတွက် အခုနောက်ဆုံး ထိုင်း ဗဟိုတရားရုံးကို အယူခံ လျောက်ထားခဲ့တာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG