သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လိပ်ကျွန်းလူသတ်မှု စီရင်ချက် အပေါ် အမြင်များ


လိပ်ကျွန်း လူသတ်မှုနဲ့ပတ်သက်ပြီး မြန်မာလူငယ် ၂ ဦးအပေါ် သေဒဏ် စီရင်ချက်ကို ထပ်ပြီးအတည်ပြုလိုက်တဲ့ တရားရုံးရဲ့ဆုံးဖြတ်ချက်ဟာ ထိုင်းနိုင်ငံရဲ့ တရားစီရင်ရေးဆိုင်ရာ ပြဿနာတခု ဖြစ်တယ်လို့ ထိုင်းနိုင်ငံ လူ့အခွင့်အရေး ရှေ့နေများအသင်းက ပြောကြားလိုက်ပါတယ်။ ဒီအမှု စစ်ဆေးစဉ်မှာ သံသယဖြစ်စရာ အခြေအနေတွေ ကြုံခဲ့ရတယ်လို့ ဒီအမှုကို အနီးကပ်စောင့်ကြည့်ခဲ့သူတွေကလည်း သုံးသပ်ပါတယ်။ အကြောင်းစုံကို ကိုဉာဏ်ဝင်းအောင်က တင်ပြမှာပါ။

ကော့တောင် အပန်းဖြေစခန်းရှိရာ လိပ်ကျွန်း လူသတ်မှုနဲ့ပတ်သက်လို့ သေဒဏ်ပေးခံထားရတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမား လူငယ် ၂ ဦးရဲ့ နောက်ဆုံး အယူခံလွှာကို ထိုင်းတရား လွှတ်တော်ချုပ်က ငြင်းဆိုလိုက်ပြီး သြဂုတ်လ ၂၉ ရက်နေ့မှာ သေဒဏ်အမိန့် ပြန်လည်ချမှတ် လိုက်ပါတယ်။

ထိုင်းတရားရုံးရဲ့ ဒီဆုံးဖြတ်ချက်ဟာ ထိုင်းနိုင်ငံရဲ့ တရားစီရင်ရေးဆိုင်ရာ ပြဿနာတခုဖြစ်တယ်လို့ ထိုင်းနိုင်ငံ လူ့အခွင့်အရေးရှေ့နေများ အသင်း (Human Rights Lawyers Association- Thailand)ရဲ့ ဒါရိုက်တာ Nadthasiri Bergman ကပြောပါတယ်။

“ ဒီလူငယ် ၂ ဦးစလုံးက သူတို့ ဘာအခွင့်အရေးတွေ ရနိုင်တယ်ဆိုတာကိုတောင် ၊ မသိခဲ့ကြဘူးဆိုတာ ကျမတို့ အစထဲက ရှင်းရှင်းလင်းလင်း ပြောခဲ့ပါတယ်။ လူသတ်မှုကို ဝန်ခံလိုက်ချိန်မှာ ရှေ့နေတွေနဲ့ တိုင်ပင်ခဲ့တာမျိုး မရှိသလို ၊ ဒီလိုဝန်ခံမိလို့ ဘာတွေ ဆက်ဖြစ်လာမလဲ ဆိုတာကိုလည်း သူတို့ မသိကြပါဘူး။ စကားပြန် လုပ်ပေးမယ့်သူတောင် မရှိခဲ့တာပါ။ ဆိုတော့ မျက်မြင်သက်သေတဦးအဖြစ် သူတို့ ထွက်ဆိုခဲ့တဲ့ အချက်လက်တွေနဲ့ပဲ သူတို့အပေါ် တရားစွဲဆို လိုက်တာဖြစ်တဲ့အတွက် ဒီအချက်တွေကိုသုံးပြီး၊ သူတို့အပေါ် ပြစ်ဒဏ်စီရင်ချက် ချတာဟာ တရားရေးဆိုင်ရာ ပြဿနာတခု ဖြစ်နေပါတယ်။ ”

Nadthasiri ဟာ သေဒဏ်ချခံရတဲ့ ကိုဝင်းဇော်ထွန်း၊ ကိုဇော်လင်းတို့ရဲ့ အမှုလိုက်ရှေ့နေလည်း ဖြစ်ပါတယ်။ ဒီလိပ်ကျွန်းအမှုကို ကြည့်ရင် စစ်ဆေးနေစဉ်မှာ သံသယဖြစ်စရာ အခြေအနေတွေ ကြုံခဲ့ရတယ်လို့ ဒီအမှုကို အနီးကပ်စောင့်ကြည့်နေတဲ့ ဂျာမနီနိုင်ငံက ထိုင်း-မြန်မာအရေး လေ့လာသူ စိုင်းဝမ်စိုင်းက ထောက်ပြပါတယ်။

“ DNA တွေကို ရယူပုံ စစ်ဆေးပုံတွေက လုံး၀ မမှန်ကံဘူးပေါ့။ နောက်တချက်က အမှုက ဒီကောင်လေးတွေ ကျူးလွန်တာမဟုတ်ဘူးလို့ ကလေးတွေ ထွက်တယ်လေ။ အဲဒီ ကေ့ာတောင်ကျွန်က အာဏာကြီးတဲ့ မာဖီးယားလို သူ့သားနဲ့ အပေါင်းအပါတွေပါဆိုပြီး အဲဒီသတင်းတွေ တက်လာတယ်။ အဲဒီအချက် ၂ ချက်ကို ကြည့်ချင်းအားဖြင့် သူတို့မှာ ခိုင်မာတဲ့ဟာမရှိဘူးလို့ ယိုးဒယားသတင်းစာမှာလည်း ရေးတာ ကျနော်ဖတ်ဖူးတယ်။ ဆိုတော့ သူတို့က ဇွတ်ကြီး အဲဒီ ၂ ယောက်ကို သေမိန့်ချတယ်လို့ ကျနော်ထင်တယ်။”

အခုဆိုင်ရင် အမှုအတွက် နောက်ဆုံးမျှော်လင့်ချက်အဖြစ် ထိုင်းဘုရင်မင်းမြတ်ထံ အသနားခံလွှာ တင်ဖို့ တဆင့်သာကျန်တော့တာပါ။ ထိုင်းဘုရင်ကသာ စဉ်းစားပေးမယ်ဆိုရင် သေဒဏ်ကနေ တသက်တကျွန်း နှစ်ရှည်ထောင်ဒဏ်အဖြစ် ပြောင်းလဲလာနိုင်သလို၊ ထောင်တွင်း စည်းကမ်းလိုက်နာမှု ကောင်းမွန်တယ်ဆိုရင် ထောင်ဒဏ်တွေ ထပ်လျော့နိုင်ပြီး၊ ဘုရင့်မွေးနေ့လို အခါမျိုးမှာလည်း ထပ်ပြီးလျော့လာနိုင်တယ် လို့ ထိုင်းသတင်းစာတွေက ရေးပါတယ်။

မြန်မာလူငယ် ၂ ဦး ပြစ်ဒဏ်လျော့ပေါ့ပြီး ပြန်လွတ်လာနိုင်ဖို့အတွက် မြန်မာနိုင်ငံသားတွေရော၊ မြန်မာအစိုးရကပါ ကြိုပမ်းအားထုတ်သင့် တယ်လို့ ထိုင်းနိုင်ငံမှာ နှစ်ပေါင်းများစွာနေလာတဲ့ ဒေါက်တာနိုင်အောင်က သုံးသပ်ပါတယ်။

“အခုက အယူခံအဆင့်ပြီးသွားပြီဆိုတော့ ဒီ ထိုင်းဘုရင်နဲ့ပဲ ဆိုင်တာပေါ့နော် အဲဒီမှာ ပြောနေတာကတော့ အစိုးရကနေပြီး ဝင်ပြောရင်တော့ ပိုပြီးတော့ စဉ်းစားပေးကောင်း စဉ်းစားပေးနိုင်တယ်ပေါ့။ အဲဒါဆိုတော့ ပိုအလေးသာတာပေါ့။ နောက်တခုက ကျနော့်အနေနဲ့ မြင်တာကတော့ မြန်မာပြည်သူတွေအနေနဲ့ လူများများထောက်ခံတဲ့ လက်မှတ်ရေးထိုး တာလေးတခုတော့ လုပ်လိုက်ရင်ကောင်းတယ်။ အဲဒီလို လုပ်စေချင်တယ်ဆိုတာက အခု လက်ရှိ ထိုင်းဘုရင်က ကျနော်တို့မြန်မာလူမျိုးတွေအပေါ် သိပ်ပြီးတော့ စာနာသနားစိတ် သိပ်ရှိလှတာမဟုတ်ဘူးလို့ ကြားဖူးတယ်။”

ဗြိတိသျှ လူငယ်တွေဖြစ်တဲ့ Hannah Witheridge နဲ့ David Miller တို့နှစ်ဦး ၂၀၁၄ စက်တင်ဘာလထဲ အသတ်ခံခဲ့ရပြီး နှစ်ပတ်အကြာမှာ ကိုဝင်းဇော်ထွန်းနဲ့ ကိုဇော်လင်းတို့ကို ဖမ်းဆီးပြီး လူသတ်၊ မုဒိမ်း၊ လုယက် စတဲ့အမှု ၇မှုနဲ့စွဲကာ ၂၀၁၅ နှစ်ကုန်ပိုင်း ထိုင်း ကော့စမွေ တရားရုံးက အမြင့်ဆုံး သေဒဏ်ချမှတ်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG