သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သန်းခေါင်စာရင်းမှာ ရိုဟင်ဂျာမပါရသည့်အကြောင်း


ရခိုင်ပြည်နယ် စစ်တွေမြို့အနီး ဘုမေမူဆလင်ရွာမှာ သန်းခေါင်စာရင်း ကောက်ယူနေစဉ်။
ရခိုင်ပြည်နယ် စစ်တွေမြို့အနီး ဘုမေမူဆလင်ရွာမှာ သန်းခေါင်စာရင်း ကောက်ယူနေစဉ်။
ရခိုင်ပြည်နယ်အတွင်း ရိုဟင်ဂျာအမည်စာရင်းပေးတဲ့ ကျေးရွာတွေမှာ သန်းခေါင်စာရင်း ကောက်ခံနိုင်ခြင်းမရှိဘဲ၊ တကယ်လို့ ရိုဟင်ဂျာအမည်ကို ဆက်သုံးပြီး အမည်စာရင်း ပေးမယ်ဆိုရင်တော့ အဲဒီနေရာတွေကို ချန်၊ ကျန်စာရင်းအဖြစ် သတ်မှတ်ပြီး သန်းခေါင်စာရင်းကောက်ခံမှု လုပ်မှာမဟုတ်ဘူးလို့ သန်းခေါင်စာရင်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ကြိုင်က ပြောပါတယ်။ ဦးမြင့်ကြိုင်ကို ရန်ကုန် ဗွီအိုအေရုံးခွဲကနေ ကိုသားညွန့်ဦး က ဆက်သွယ်မေးမြန်းထားတာဖြစ်ပါတယ်။

ဖြေ။ ။ အခုအချိန်ထိတော့ အေးအေးချမ်းချမ်းပါပဲခင်ဗျ။ ဘာမှထူးခြားမှုတော့ မရှိပါဘူး။ သန်းခေါင်စာရင်းကို ကျနော်တို့ ဒီ ရခိုင်တိုင်းရင်းသားတွေရော၊ ဘင်္ဂါလီတွေရော ကောက်ယူလျက်ရှိပါတယ်။

မေး။ ။ ဟုတ်ကဲ့ သူတို့ ဘင်္ဂါလီတွေက ရိုဟင်ဂျာလို့ အထည့်မခံတော့ အကောက်မခံဘူးလို့လည်း ကြားနေရလို့။
ဖြေ။ ။ မှန်ပါတယ်။ တချို့ကလည်း ရိုဟင်ဂျာလို့ ဖြေတယ်။ ရိုဟင်ဂျာလို့ ဖြေတဲ့သူတွေကိုတော့ ကျနော်တို့က ဒီနိုင်ငံတော် အသိအမှတ်ပြု မထားတဲ့နာမည်ဖြစ်တယ်။ နောက်တခုက သူတို့ကိုယ်တိုင်ကိုင်ထားတဲ့ white card တွေမှာကျတော့ ဘင်္ဂါလီလို့ ရေးထားတယ်။ ဒါကြောင့် သူတို့က ခုနလို မလိုလားအပ်တဲ့ သွေးထွက်သံယိုမှုတွေ၊ ဥပဒေအရ အရေးယူမှုတွေ၊ အရှုပ်အရှင်းတွေ ဖြစ်လာမှာစိုးတဲ့အတွက် အဲ့ဒီဟာတွေကိုတော့ မကောက်ပါဘူး။ ဘင်္ဂါလီလို့ ဖြေတဲ့သူတွေလည်း ရှိပါတယ်။ အဲ့ဒါတွေကိုတော့ ကောက်ပါတယ်ခင်ဗျ။

မေး။ ။ သြော် ဟုတ်ကဲ့။ အဲတော့ မကောက်နိုင်တဲ့နေရာပေါင်း ဘယ်လောက်လောက်ရှိပါသလဲခင်ဗျ ရခိုင်ပြည်နယ်ထဲမှာ။
ဖြေ။ ။ အခုလောလောဆယ်တော့ စာရင်းက မချုပ်နိုင်သေးဘူးခင်ဗျ။ နောက်ပိုင်းကျရင်တော့ သိရမှာပါ။ လောလောဆယ်တော့ သူတို့ ဒီလို ဘယ်လိုခေါ်မလဲ မူလကိုင်ထားတဲ့ white card ထဲမှာလည်း မပါဘူး။ နောက်ပြီးတော့ ၇၃၊ ၈၃ ကောက်တဲ့စာရင်းထဲမှာလည်း သူတို့က ဘင်္ဂါလီအနေနဲ့ ကောက်ခံထားပြီးတော့ အခုမှ သူတို့က အရေးပေါ် ခါတော်မှီ နာမည်ပြောင်းလိုက်တဲ့ကိစ္စကိုတော့ နိုင်ငံတော်က အသိအမှတ်မပြုထားတဲ့အတွက်ကို ချန်ခဲ့တာဖြစ်ပါတယ်။

မေး။ ။ အရင်တုန်းကပြောနေတော့ ကိုယ့်ရဲ့ identity ကိုယ့်ကိုယ်ကို others မှာ ရေးခွင့်ရမယ်ဆိုတဲ့ သဘောမျိုး ပြောသံလည်း ကြားမိပါတယ်ခင်ဗျ။
ဖြေ။ ။ မှန်ပါတယ်။ ရေးခွင့်ရပါတယ်ခင်ဗျ။ အဲ့ဒါက ကျနော်တို့ မြန်မာနိုင်ငံမှာ အသိအမှတ်ပြုထားတဲ့ နာမည်တွေပေါ့နော် နိုင်ငံခြားသားပဲဖြစ်ဖြစ် တိုင်းရင်းသားပဲဖြစ်ဖြစ် ရတယ်။ ဥပမာ တရုတ်ဆိုရင် တရုတ်နိုင်ငံက လာတယ်။ နီပေါဆိုရင် နီပေါကလာတယ်။ အိန္ဒိယဆိုရင် အိန္ဒိယနိုင်ငံက လာတယ်။ ရိုဟင်ဂျာဆိုရင် ဘယ်ကလာလဲ။ --- သိရင် ကျနော့်ပြောပေးပါဦး။ အဲ့ဒီ ဘင်္ဂါလီအမည်ခံ ရိုဟင်ဂျာတွေက နည်းနည်းလေး ပြဿနာရှာတာပါပဲ။ ကျန်တဲ့နေရာတွေတော့ အားလုံး ချောချောမောမောပါပဲ။

မေး။ ။ အခုနက ဘင်္ဂါလီတွေရှိတဲ့နေရာက ကျနော်ထင်တယ် ရိုဟင်ဂျာ သူတို့ မောင်တောတို့ ဘာတို့ဘက်မှာ ဖြစ်မယ်ထင်တယ်။ တခြားနေရာတွေမှာ ကမန်တွေရှိမယ့် နေရာတွေမှာရော ပြဿနာမျိုးတွေ ရှိပါသလား။
ဖြေ။ ။ မရှိပါဘူး။ ကမန်ဆိုတာ ကျနော်တို့ တိုင်းရင်းသားလူမျိုးပါပဲ။ ကမန်ကလည်း ကမန်လို့ ဖြည့်တာပါပဲ။ တချို့လည်း ရန်ကုန်မှာဆိုရင် အိန္ဒိယမျိုးနွယ်တွေက ပသီလို့ ဖြေတာရှိတယ်။ ကျူလီယာ လို့ ဖြေတာရှိတယ်။ ဒါ သူ့ဟာသူ အိန္ဒိယမျိုးနွယ်ထဲက နာမည်တခုခုဖြေတာ ဒါ ကျနော်တို့ ဘာမှ မပြောဘူး။ ဘယ်နိုင်ငံမှာမှ ဘယ်နိုင်ငံရဲ့ တိုင်းပြည်ထဲက လူမျိုးထဲမှာ မပါတဲ့ ရိုဟင်ဂျာကိုတော့ ကျနော်တို့က ပြောရပါလိမ့်မယ်။

မေး။ ။ အဲတော့ အဲ့ဒီနေရာနဲ့ ပတ်သက်လို့ မကောက်ခံလို့မရတဲ့ ရိုဟင်ဂျာလို့ သူတို့ပြောတဲ့ အဲ့ဒီနေရာတွေနဲ့ ပတ်သက်လို့က နောက်ပိုင်း ဘယ်လိုစဉ်းစားချက် ရှိသလဲခင်ဗျ။ ဦးမြင့်ကြိုင်တို့ ဘယ်လိုလုပ်မယ် စဉ်းစားသလဲ။ သန်းခေါင်စာရင်း အတွက်ကို။
ဖြေ။ ။ ဒါတွေက နိုင်ငံတကာမှာ ထုံးစံရှိပါတယ်ခင်ဗျ။ ခင်ဗျားတို့ အမေရိကားမှာဆိုရင် ၂၀၁၀ တုန်းက ကောက်သွားပြီ။ အမေရိကန်မှာဆိုလည်း ချန်ကျန်ဆိုတာရှိတယ်ဗျ။ ဘယ်နိုင်ငံမှာပဲဖြစ်ဖြစ် ချန်ကျန်ဆိုတဲ့ ဟိုဟာပေါ့ စာရင်းကျန်ခဲ့တာရှိတယ်။ သဘောကတော့ သက်ဆိုင်ရာအဖွဲ့အစည်းတွေက ဒီမိုကရေစီခေတ်မှာတော့ လူတိုင်းက လွတ်လပ်ခွင့်ရှိတယ်။ အကောက်မခံရင်လည်း သူ့အကောက်မခံခွင့်ရှိတယ်လေ။ အဲ့လိုဟာမျိုးတွေက ချန်ခဲ့တဲ့ဟာတွေကတော့ သူ့ဟာသူ ကျန်ခဲ့မှာပဲ ပြန်ကောက်မယ့် အစီအစဉ်လည်း မရှိဘူးဗျ။ သူတို့ကတော့ အဲ့လိုပဲ ချန်ကျန်စာရင်းထဲမှာပဲ ကျန်သွားမှာပဲခင်ဗျ။

မေး။ ။ ဟုတ်ကဲ့ တခြားတိုင်းနဲ့ ပြည်နယ်တွေမှာရော သန်းခေါင်စာရင်းကောက်တဲ့အခါမှာ အခက်အခဲမျိုးတွေ၊ တခြားကြုံရတဲ့ အခြေအနေမျိုးတွေ ဘာများရှိပါသေးလဲခင်ဗျ။
ဖြေ။ ။ ကျန်တဲ့နေရာတွေအားလုံးကတော့ မရှိပါဘူး။ တိုင်းရင်းသားတွေရော ဒီမှာရှိတဲ့ ခဏရောက်နေကြတဲ့ နိုင်ငံခြားသားတွေရော ဒီလူမျိုးပေါင်းစုံကနေပြီးတော့ အားလုံး အဆင်ပြေပြေနဲ့ သန်းခေါင်စာရင်းလည်း ကောက်ခံပါတယ်။ တိုင်းရင်းသားတွေကလည်း တော်တော်များများ ဝိုင်းကူညီကြပါတယ်ခင်ဗျ။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနေရာမှာလည်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေကိုယ်တိုင်က ဝိုင်းကူညီပြီးတော့ ကောက်ပေးနေကြပါတယ်။

မေး။ ။ ဟုတ်ကဲ့ ဘယ်နေ့လောက် ပြီးမယ်လို့ ခန့်မှန်းထားပါသလဲ။ ထုံးစံကတော့ ဧပြီ ၁၀ ရက်နေ့ပေါ့နော်။ ဘယ်နေ့လောက် ပြတ်မယ်လို့ ခန့်မှန်းထားပါသလဲ။
ဖြေ။ ။ များသောအားဖြင့်ကတော့ ဧပြီ ၁၀ ရက်နေ့ကတော့ ပြတ်မှာပါခင်ဗျ။ ဒါပေမဲ့ တချို့နေရာတွေမှာတော့ ခုနလို အခက်အခဲလေးတွေရှိတယ်။ အဲ့ဒီမှာ အခက်အခဲရှိတဲ့နေရာတွေမှာတော့ အဲ့ဒီမှာ ၄၊ ၅ ရက်လောက် ထပ်စောင်းသွားနိုင်ပါတယ်။ သွားလာရေးအခက်အခဲတို့၊ တချို့ ကောက်ယူပြီးတဲ့အခါမှာ ဘာသာစကား အခက်အခဲတို့ ဒီလို အခက်အခဲတွေရှိတော့ နည်းနည်း ၃၊ ၄ ရက်လောက်တော့ တိုးသွားနိုင်ပါတယ်။ သာမန်အားဖြင့်ကတော့ ၁၀ ရက်နေ့မှာ အားလုံး ပြီးမှာပါခင်ဗျ။
XS
SM
MD
LG