သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြည်တွင်းပြဿနာကြောင့် အာဆီယံဥက္ကဋ္ဌ တာဝန် မထိခိုက်နိုင်


အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအဆင့် အစည်းအဝေးအပေါ် မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် (ယာ) အား ဗွီအိုအေမြန်မာပိုင်းမှ ကိုသားညွန့်ဦးက တွေ့ဆုံမေးမြန်းစဉ်။ (ဇန်နဝါရီ ၁၆၊ ၂၀၁၄)
အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအဆင့် အစည်းအဝေးအပေါ် မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် (ယာ) အား ဗွီအိုအေမြန်မာပိုင်းမှ ကိုသားညွန့်ဦးက တွေ့ဆုံမေးမြန်းစဉ်။ (ဇန်နဝါရီ ၁၆၊ ၂၀၁၄)
မြန်မာနိုင်ငံအနေနဲ့ အာဆီယံကို ဦးဆောင်နေတဲ့ အချိန်မှာ နိုင်ငံတွင်း ပြဿနာ ရပ် အချို့ရှိနေပေမယ့်လို့ တိုင်းရင်းသားပြည်သူ လူထုရဲ့ စုစည်းမှု အားနဲ့ ပြဿနာ ရပ်တွေကို ကျော်လွှားသွားနိုင်မယ်လို့ ယုံကြည်တဲ့ အကြောင်း မြန်မာနိုင်ငံခြားရေး ဝန်ကြီး ဦးဝဏ္ဏမောင်လွင်က ပြောပါတယ်။ တချိန်တည်း မှာလည်းပဲ တရုတ်-အမေရိကန် နိုင်ငံကြီးတွေနဲ့ အရေးကြီးတဲ့ မိတ်ဖက်နိုင်ငံတွေ အဖြစ် မျှမျှတတ ရင်းနှီးစွာဆက်ဆံ သွားမယ်လို့လည်း ပြောသွားပါတယ်။ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နဲ့ တွေ့ဆုံမေးမြန်းထားတာတွေကို ကိုသားညွန့်ဦးက တင်ဆက်ပေးမှာပါ။

တိုင်းပြည်တွင်း ပြဿနာရပ်အချို့လို့ဆိုတဲ့နေရာမှာ လတ်တလော ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးအတွက် ပြောဆိုလာကြတဲ့ကိစ္စနဲ့ လူနည်းစု လူမျိုးအခွင့်အရေးကိစ္စရပ်တွေ ပါဝင်ပါတယ်။ အဖွဲ့ဝင်နိုင်ငံတွေအကြားမှာ ပြည်တွင်းရေးကို မစွတ်ဖက်ဘူးဆိုတဲ့ အာဆီယံအခြေခံမူတွေရှိနေပေမယ်လို့ အာဆီယံကို ကိုယ်စားပြုပြီး နိုင်ငံတကာနဲ့ ဆက်ဆံရတဲ့အခါမှာ လက်ရှိ မြန်မာ့နိုင်ငံတွင်းပြဿနာအချို့ဟာ အာဆီယံဦးဆောင်မှုတာဝန်တွေအပေါ် ရိုက်ခတ် လာမလားဆိုတာ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ကို ဗွီအိုအေက မေးမြန်းခဲ့ပါတယ်။ ဒီကိစ္စတွေဟာ အာဆီယံ ဥက္ကဋ္ဌတာဝန်အပေါ် ရိုက်ခတ်လိမ့်မယ်လို့ သူမထင်တဲ့အကြောင်းနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဟာလည်း တိုင်းပြည်တွင်းမှာ စုစုစည်းစည်းစည်း ဆောင်ရွက်နိုင်မယ်လို့ မျှော်လင့်တဲ့အကြောင်း ဖြေခဲ့ပါတယ်။

“ကျနော်တို့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဆိုတဲ့ ကိစ္စလည်းပဲ လွှတ်တော်ကိုယ်နှိုက်က လေ့လာရေးကော်မရှင်ဖွဲ့ပြီး လူထုရဲ့အကြံဉာဏ်တွေလည်း ရယူပြီးဖြစ်ပါတယ်။ ပြီးတဲ့အခါမှာ ပြည်သူလူထုကရော၊ နိုင်ငံရေးပါတီတွေကရော သူတို့ဖြစ်စေချင်သော၊ ပါဝင်စေချင်သော၊ ပယ်ဖျက်စေချင်သော အချက်အလက်တွေအားလုံးကို ပွင့်ပွင့်လင်းလင်းပြောနေကြတာ ဖြစ်တယ်။”

ရခိုင်ပြည်နယ်က အစပြုပြီး နိုင်ငံအဝှမ်းဖြစ်ခဲ့တဲ့ ဘာသာရေး အဓိကရုဏ်းတွေနဲ့ ပတ်သက်လို့ကတော့ နိုင်ငံအချို့ ဖိအားပေးဆောင်ရွက်မှုတွေရှိပေမယ့်လို့ ဒါဟာ ဒေသအထိ ရိုက်ခတ်စရာမရှိပါဘူးလို့ ဦးဝဏ္ဏမောင်လွင်က ဖြေသွားပါတယ်။

“ရခိုင်ပြည်နယ်ဘက်မှာ ဖြစ်တဲ့ ဖြစ်စဉ်တွေကို မူတည်ပြီးတော့ တချို့တချို့သော အုပ်စုတွေကနေ အဖွဲ့အစည်းတွေ၊ ဒါမှမဟုတ်လည်း နိုင်ငံတွေကနေ ဒီကိစ္စကို မြန်မာနိုင်ငံရဲ့ပြင်ပကို ရောက်ရှိအောင် ကြိုးပမ်းဖို့ ဆောင်ရွက်နေတာလည်း ရှိပါတယ်။ သို့သော်လည်းပဲ ကျနော်တို့အနေနဲ့ ဒီကိစ္စသည် ကျနော်တို့ရဲ့ ပြည်တွင်းရေးကိစ္စဖြစ်ပါတယ်။ ရခိုင်ပြည်နယ်မှာ ရှိနေသော လူမျိုးစုနှစ်စုနဲ့ မတူညီသောအခြေခံတွေပေါ် မူတည်ပြီးတော့ မလိုလားအပ်ဘဲဖြစ်ပေါ်လာတဲ့ ပြဿနာတွေကြောင့်မို့လို့ တချို့သော ဘာသာရေးပြင်းထန်တဲ့ အယူဝါဒရှိတဲ့ ဘက်တွေကနေပြီးတော့ ဒါကို ဘာသာရေးပြဿနာအနေနဲ့ ပုံဖော်လာတဲ့ အနေအထားတွေလည်း ရှိပါတယ်။ သို့သော်လည်းပဲ လက်ရှိအခြေအနေမှာ ကျနော်တို့အနေနဲ့ ပြည်ပကနေ မသိနားမလည်လို့ပဲဖြစ်ဖြစ်၊ မမှန်ကန်တဲ့ သတင်းတွေကို အခြေခံပြီးတော့ပဲဖြစ်ဖြစ် စွပ်စွဲမှုတွေ တစုံတရာအတိုင်းအတာနဲ့ ဖိအားပေးဖို့ ကြိုးစားလာတဲ့ဟာတွေကို ကျနော်တို့ တတ်နိုင်သမျှ ဖြေရှင်း ဆောင်ရွက်ပြီး ဖြစ်ပါတယ်။”

လူမျိုးစု ပြဿနာတွေ ဆိုရာမှာလည်း တတိုင်းပြည်လုံးအပစ်အခတ်ရပ်စဲရေး အတွက် ဆွေးနွေးမှုတွေ အတော်လေး ခရီးရောက်နေပြီး အပြန်အလှန် လိုလားချက်တွေကို အပြန်အလှန်ယုံကြည်မှုနဲ့ တည်ဆောက်သွားရင် တည်ငြိမ်သွား မယ်လို့ မျှော်လင့်တယ်လို့ပြောပါတယ်။ ဒါကြောင့်လည်း မြန်မာနိုင်ငံအနေနဲ့ အာဆီယံဥက္ကဋ္ဌတာဝန်ကို အောင်အောင်မြင်မြင် ဆောင်ရွက်သွားနိုင်မယ်လို့ ယုံကြည်တဲ့အကြောင်း ပြောသွားပါတယ်။

“မြန်မာနိုင်ငံက အာဆီယံကို ဦးဆောင်နေတဲ့အချိန်မှာ ဒီလိုကိစ္စရပ်တွေ ရှိနေသော်လည်းပဲ ဒီကိစ္စရပ်တွေကို မိမိပြည်သူ လူထုရဲ့ညီညွတ်မှု၊ မိမိတိုင်းရင်းသားတွေရဲ့စည်းလုံးမှုနဲ့ ဒါကို ကျော်လွှားသွားနိုင်မယ်လို့ ကျနော် ယုံကြည်တယ်။ ဒါကြောင့်မို့လို့ အာဆီယံအလှည့်ကျ ထမ်းဆောင်ရာမှာလည်း အောင်အောင်မြင်မြင်နဲ့ အာဆီယံကို ဦးဆောင်ပြီးတော့ ဆောင်ရွက်နိုင်လိမ့်မယ် လို့ ယုံကြည်ပါတယ်။”

တချိန်တည်းမှာတော့ မြန်မာနိုင်ငံအနေနဲ့ အမေရိကန်ပြည်ထောင်စုကို အရေးကြီးတဲ့ မိတ်ဖက်နိုင်ငံအဖြစ် ဆက်ဆံသွားမယ်လို့လည်း ပြောခဲ့ပါတယ်။ တရုတ်နိုင်ငံဟာ တချိန်တုန်းက မြန်မာနိုင်ငံအကြပ်အတည်းကာလမှာ မြန်မာနိုင်ငံဖက်က ရပ်တည်ခဲ့တာကြောင့် ရှိရင်းစွဲ ရင်းနှီးမှုအတိုင်း ဆက်ဆံ သွားမယ်လို့ ပြောပါတယ်။ အဲဒီ နှစ်နိုင်ငံအကြား မျှမျှတတ ဆက်ဆံသွားမယ်လို့ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်က ပြောသွားပါတယ်။

“မြန်မာနိုင်ငံဟာ အာဆီယံ-အမေရိကန်ဆက်ဆံရေးမှာလည်း ပူးပေါင်းညှိနှိုင်းတဲ့ အခန်းကဏ္ဍက coordinator လို့ခေါ်ပါတယ်။ မြန်မာရဲ့ Coordinatorship က ၂၀၁၅ အထိ ASEAN-U.S. Coordinatorship ကို ဆောင်ရွက်မှာဖြစ်တယ်။ ဖြစ်တဲ့အတွက် အမေရိကန်နဲ့ဆက်ဆံရေးကလည်း တိုးတက်ကောင်းမွန်နေတဲ့ အနေအထားရှိပါတယ်။ မြန်မာနိုင်ငံရဲ့ နိုင်ငံခြားရေး မူဝါဒမှာကိုက မည်သည့်နိုင်ငံနဲ့မဆို ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံသွားမယ်ဆိုတာ နဂိုရ်ထဲက ရှိခဲ့ပြီးပါပြီ။ အခြေအနေ အရပ်ရပ် အကြောင်းကြောင်းတွေကြောင့်မို့လို့၊ မတူညီတဲ့နိုင်ငံရေးစံနစ်တွေကြောင့်မို့လို့ တချိန်တခါမှာ ဆက်ဆံရေးတွေ အေးခဲသွားခဲ့သော်လည်းပဲ အခုချိန်မှာ ပြန်လည်နွေးထွေးတဲ့ဆက်ဆံမှုတွေနဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးကို ထူထောင်နေပြီဆိုတာ အားလုံးအသိပဲဖြစ်ပါတယ်။ ဒါကို ကျနော်တို့အနေနဲ့ ဘယ်သူ့ဘက်ကိုတော့ ပိုပြီးတော့ အလေးထားမယ်၊ ဘယ်သူ့ဘက်ကိုတော့ လျှော့ပြီးတော့ ဆက်ဆံရမယ်- ဒီလို မရှိပါဘူး။ အားလုံးကို ညီညီမျှမျှနဲ့၊ အရေးကြီးတဲ့ မိတ်ဆွေနိုင်ငံတွေအဖြစ်နဲ့ အရေးကြီးတဲ့ မိတ်ဘက်နိုင်ငံတွေအဖြစ်နဲ့ ကျနော်တို့ ဆက်ဆံသွားမှာပါ။ ”

ထိုင်းနိုင်ငံတို့ ကမ္ဘောဒီယားနိုင်ငံတို့လို အဖွဲ့ဝင်နိုင်ငံအချို့မှာဖြစ်နေတဲ့ နိုင်ငံရးပြဿနာတွေနဲ့ပတ်သက်လို့တော့ ပြည်တွင်းရေးမစွတ်ဖက်ရဆိုတဲ့ အာဆီယံအခြေခံမူအတိုင်းရပ်တည်မှာဖြစ်ပြီး သူတို့နိုင်ငံပြဿနာရပ်တွေကို သူတို့ပြည်သူတွေကိုယ်တိုင် ဖြေရှင်းသွားနိုင်မယ်ယူဆတယ်လို့ ဦးဝဏ္ဏမောင်လွင်က ပြောပါတယ်။ ဒီပြဿနာတွေကြောင့်လည်း အာဆီယံ အသိုက်အဝန်းတည်ဆောက်ရေး ရည်မှန်းချက်ကို ထိခိုက်စရာမရှိဘူးလို့လည်း ပြောပါတယ်။
XS
SM
MD
LG