သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗစ်တိုရီးယားအမှု ရုံးချိန်း ဗွီဒီယိုအထောက်အထား တရားလို တင်ပြ


ဗစ်တိုရီးယားအမှုလို့ လူသိများလာတဲ့ အသက် ၃ နှစ်အရွယ် မိန်းကလေးငယ်အပေါ် လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့် စော်ကားမှုနဲ့ ပတ်သက်လို့ ဒီကနေ့ နေပြည်တော်က တရားရုံးမှာ စတုတ္ထအကြိမ်အဖြစ် ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။ ဒီကနေ့ တရားခွင်မှာတော့ တရားလိုဘက်က အထောက်အထားအဖြစ် ဖခင်ဖြစ်သူက သမီးငယ်ကို မေးမြန်းထားတဲ့ ဗွီဒီယိုမှတ်တမ်း တခုကိုလည်း တင်ပြခဲ့တာပါ။ အမှုနောက်ဆုံးအခြေအနေနဲ့ ပတ်သက်လို့ ဆက်သွယ်စုံစမ်းထားတဲ့ ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် ကိုကောင်းစံဟိန်းက ပြောပြပေးမှာပါ။

လိင်ပိုင်းဆိုင်ရာ စော်ကားခံရသူ မိန်းကလေးရဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ အခွင့်အရေးကို အကာအကွယ်ပေးတဲ့အနေနဲ့ ဗစ်တိုးရီးယားလို့ အမည်ဝှက်ပေးထားတဲ့ အမှုနဲ့ ပတ်သက်လို့ ဒက္ခိဏခရိုင်တရားရုံးမှာ ဆက်လက် စစ်ဆေးရာမှာ ဖခင်ဖြစ်သူက တရားလိုပြ သက်သေအဖြစ် ထွက်ချက်ပေးခဲ့တာပါ။ သက်သေ ထွက်ဆိုရာမှာတော့ ကျုးလွန်သူတွေအဖြစ် သံသယရှိသူတွေ အပါအဝင် အမှုနဲ့ ဆက်နွယ်နေသူတွေရဲ့ ဓာတ်ပုံတွေကို ဖခင်ဖြစ်သူက သမီးကို ပြသပြီး မေးမြန်းထားတဲ့ ဗွီဒီယို မှတ်တမ်းတခုကိုလည်း တင်ပြခဲ့ကြောင်း မသင်္ကာသူတဦးအဖြစ် စွပ်စွဲဖမ်းဆီးခံထားရတဲ့ အောင်ကြီးရဲ့ အကျိုးဆောင်ရှေ့နေ ဦးခင်မောင်ဇော်က အခုလို ရှင်းပြပါတယ်။

“ဓါတ်ပုံ ၅ပုံ ကလေးကို ချပြတယ်။ ပြီးတော့ မီးမီးကို လုပ်တာ ဘယ်သူတုန်းလို့ မေးတဲ့ အခါကျတော့ ကိုကိုနဲ့ ညီညီရဲ့ ပုံကိုထောက်ပြပြီးတော့မှ အဲ့ဒါသူ့ကို လုပ်တဲ့ သူတွေဆိုပြီးတော့ ကိုကို၂ယောက်ဆိုပြီး ကလေးကပြောတာ။အဲ့ဒီမှာ အောင်ကြီးပုံကို ထပ်ပြီးတော့ ပြတယ်။အောင်ကြီးကို သူမသိဘူးဆိုပြီးပြောတယ်။ဓါတ်ပုံတွေက ထင်ထင်ရှားရှား ပုံတွေပေါ့ဗျာ။”

အာဏာပိုင်တွေက ကျုးလွန်သူအဖြစ် စွပ်စွဲဖမ်းဆီးထားတဲ့ အောင်ကြီးလို့ ယူဆရသူ အမျိုးသားတဦး ပါဝင်တဲ့ ကျောင်းရှေ့က CCTV လုံခြုံရေးမှတ်တမ်းတင် ဗွီဒီယိုကို ပြသခဲ့ရာမှာ သူ့ကိုစော်ကားခဲ့သူအဖြစ် ထောက်ပြခဲ့ပေမဲ့ နောက်ပိုင်းမှာ မျက်နှာ ထင်ထင်ရှားရှား တွေ့ရတဲ့ပုံကို ပြသချိန်မှာတော့ မသိကြောင်း ငြင်းဆန်ခဲ့တာကိုလည်း လက်ကိုင်ဖုန်းနဲ့ ရိုက်ကူးထားတဲ့ ဗွီဒီယိုမှာ တွေ့ရတယ်လို့လည်း ရှေ့နေဦးခင်မောင်ဇော် ကပြောပါတယ်။

“ကားပေါ်က ဆင်းပြီးလာတဲ့ ပုံကို ကလေးကပြောတယ် ဒါမီးမီးတို့ကျောင်း မီးမီတို့ကား မီးမီးကိုလုပ်တဲ့ ကိုကိုဆိုပြီးတော့ အဲ့လိုပြောတယ်ဗျ။ ဒါလည်း သူ့အဖေပြောတာဘဲ မှတ်တမ်းထဲမှာလည်း ပါတာအမှန်ဘဲ။သက်သေတန်ဖိုးပေါ့ဗျာ ကလေးကိုဗျ။ကလေးဆိုတဲ့ အခါကျတော့ နည်းနည်းလေးဘဲ မြင်ရတဲ့ ဟိုးတိုးဝါးတားပုံနဲ့ မျက်နှာအပြည့်မြင်ရတဲ့ ပုံ အဲ့၂ခုမှာ ကလေးပြောတာ ဘယ်ဟာဖြစ်နိုင်လဲဆိုတာ ဒါရုံးက စဉ်းစားရတော့မယ့် ကိစ္စပေါ့နော်။"

တရားရုံးကို တင်သွင်းတဲ့ ဗွီဒီယိုထဲက ကလေးငယ်ရဲ့ ပြောဆိုချက်တွေကို တန်ဖိုးရှိတဲ့ သက်သေအဖြစ် လက်ခံဖို့ မျှော်လင့်ကြောင်းလည်း ဦးခင်မောင်ဇော်က ပြောပါတယ်။ နောက်တကြိမ် ရုံးချိန်းကိုတော့ ဒီလသြဂုတ်လ ၂၈ ရက်နေ့မှာ ထပ်မံ ချိန်းဆိုထားပြီး ကလေးငယ်ရဲ့ အဖွားဖြစ်သူက သက်သေအဖြစ် ထွက်ဆိုသွားမှာပါ။ နေပြည်တော်မှာရှိတဲ့ Wisdom Hill ပုဂ္ဂလိက မူကြိုကျောင်းမှာ မေလထဲတုန်းက အနိုင်ကျင့်စော်ကားခံခဲ့ရတဲ့ ဖြစ်ရပ်ဟာ အင်တာနက် လူမှုကွန်ရက်တွေမှာ အကြီးအကျယ် ပြန့်နှံ့ခဲ့ရာက ကျုးလွန်သူတွေကို ဖော်ထုတ်နိုင်ဖို့ တောင်းဆိုမှုတွေလည်း ထွက်ပေါ်ခဲ့တာပါ။ အမှုနဲ့ ပတ်သက်လို့ အဖြစ်မှန်ကို စုံစမ်းဖော်ထုတ်ဖို့ ညွှန်ကြားထားကြောင်းလည်း သမ္မတရုံးက ပြီးခဲ့တဲ့လထဲမှာပဲ ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG