သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗစ်တိုးရီးယားအမှု ဒုတိယရုံးချိန်း တရားလိုမိခင် ထွက်ချက်ပေး


တရားခံအဖြစ်စွဲချက်တင်ထားခံရတဲ့ အောင်မျိုးကျော် (ခ) အောင်ကြီးရဲ့ မိခင် ဒေါ်ရီ
တရားခံအဖြစ်စွဲချက်တင်ထားခံရတဲ့ အောင်မျိုးကျော် (ခ) အောင်ကြီးရဲ့ မိခင် ဒေါ်ရီ

အသက် ၂ နှစ်၊၁၁ အရွယ် မိန်းကလေးငယ်တဦး လွန်ခဲ့တဲ့ ၃ လဝန်းကျင်က လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ကျူးလွန်ခံခဲ့ရတဲ့ အမှုကို မနေ့ဗုဒ္ဓဟူးနေ့က နေပြည်တော် ဒက္ခိဏခရိုင်တရားရုံးမှာ ဒုတိယအကြိမ် ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။ ဒီအမှုနဲ့ ပတ်သက်လို့ မခွာညိုက တင်ပြထားပါတယ်။

ဒီအမှုမှာ ကျူးလွန်ခံခဲ့ရတဲ့ မိန်းကလေးရဲ့ပုဂ္ဂိုလ်ရေးဆိုင်ရာကို အကာအကွယ်ပေးဖို့ ကလေးကို ဗစ်တိုးရီးယားလို့ အမည်ဝှက်ပေးထား ပါတယ်။အခင်းဖြစ်တဲ့ အချိန်ပိုင်းကို အခင်းဖြစ်ခဲ့ရာ ကျောင်းတွင်းက CCTV ကို ကျူးလွန်ခံရသူ သမီးငယ်နဲ့အတူ ကြည့်ရှု စစ်ဆေးခဲ့ရာမှာ လူနှစ်ဦးအနက် တဦးက ကျူးလွန်သူ ဖြစ်ကြောင်း ကလေးက ထောက်ပြခဲ့တယ်လို့ မိခင်ဖြစ်သူက ထွက်ဆိုခဲ့ကြောင်း တရားလို အကျိုးဆောင်က သတင်းထောက်တွေကို ပြောတယ်လို့ အေပီသတင်းမှာ ဖော်ပြထားပါတယ်။

ဒီ ရုံးချိန်းမှာ တရားလိုဖြစ်သူ ဗစ်တိုးရီးယားရဲ့ မိခင်ကို လေးနာရီကြာ စစ်ဆေးခဲ့ပြီး စစ်ဆေးပြီးချိန်မှာ တရားလိုဘက်က အချက် နှစ်ချက်ကို ဦးတိုက်လျှောက်ထားခဲ့ပါတယ်။အဲဒီ နှစ်ခုအနက် တခုက မူကြိုကျောင်းဆရာမ ဒေါ်နှင်းနုဟာ အမှုနဲ့ ပတ်သက်လို့ သတင်း ထိန်ချန်မှုရှိခဲ့တာကို အရေးယူပေးဖို့ ဖြစ်ကြောင်း တရားလိုရဲ့ အကျိုးဆောင်ရှေ့နေ ဒေါ်ရွက်နုအောင်က ပြောပါတယ်။

“ တရားလိုရဲ့ ထွက်ဆိုချက်တွေထဲမှာ ပါတာက ဆရာမ နှင်းနု သိတယ်။ ဆရာမ နှင်းနုက နေပြီးတော့မှ ကိုကို့ကို ဆူတယ်။ ဆရာမ နှင်းနုက နေပြီးတော့မှ ရေဆေးပေးတယ် ဆိုတဲ့ဟာနဲ့ ပတ်သက်ပြီးတော့ သူက ကလေးက အတိအကျ ဆိုရင် ၄ ကြိမ် တိတိ ကလေးက ထွက်ဆိုချက်တွေ ပေးခဲ့တယ်ပေါ့။ ပေးခဲ့တာ ဖြစ်တဲ့ အတွက်ကြောင့် မို့လို့ ကာယကံရှင် အနေနဲ့ ပေါ့နော် သတင်းတွေ ထိန်ချန်ထားတဲ့ အတွက် နှင်းနုနဲ့ ပတ်သက်ပြီးတော့ ရုံးတော်ရှေ့ ကို နှင်းနု ကို တရားခံ အဖြစ်နဲ့ ပါဝင်ဖို့ ဆိုတဲ့ လေ ျှာက်ထားလွှာကို လေ ျှာက်ထားပါတယ်။ ”

နောက်ထပ် လျှောက်ထားချက် တခုကတော့ အခင်းဖြစ်ရာ Wisdom Hill မူကြိုကျောင်းကို တရားရုံးတော် အပါအဝင် တာဝန်ရှိသူတွေ အနေနဲ့ သွားရောက်ကြည့်ရှုခွင့်ပေးဖို့ ဖြစ်တယ်လို့ သူက ဆက်ပြီး ပြောပါတယ်။

အမှုစစ်ဆေးချိန်မှာ အခု တရားခံအဖြစ် စွဲချက်တင်ထားသူဟာ တကယ်ကျူးလွန်သူ မဟုတ်ဘူးလို့ ယုံကြည်ကြောင်း ဗစ်တိုးရီးယားရဲ့ မိခင်က တရားရုံးမှာ ထွက်ဆိုသွားပါတယ်။

တရားခံအဖြစ် စွပ်စွဲ ဖမ်းဆီးခံရတဲ့ အောင်ကြီး ခေါ် အောင်ကျော်မျိုးဟာ အခင်းဖြစ်တဲ့နေ့မှာမှ ကျောင်းရဲ့အုပ်ချုပ်ရေးမှူး ဒေါ်ဥမ္မာလှိုင်ရဲ့ ယာဉ်မောင်းအဖြစ် ပထမဆုံး အလုပ်စဆင်းခဲ့တာဖြစ်ကြောင်း အောင်ကြီး ခေါ် အောင်ကျော်မျိုးရဲ့ မိခင်ကသတင်းထောက်တွေကို အခုလို ပြောသွားခဲ့ပါတယ်။

“ ၁၆ ရက်နေ့မှာ အလုပ်ဝင်တာပါ သားလေးက။ ကားလည်း မမောင်းရ သေးပါဘူး။ ကျောင်းထဲ ဝင်တာကလည်း အဲဒီ ဆရာမက ခေါ်ပြီးတော့ ကားပေါ်မှာ ဖွင့်ဖို့ သီချင်းခွေလေး ဝင်ယူပြီးတော့ သူ ဟိုဒင်းဖြစ်ရမယ့် ကားမလာသေးလို့ ထိုင်နေတာ။ ”

ဒီအမှုနဲ့ပတ်သက်လို့ ဆန့်ကျင်ကန့်ကွက်မှုတွေ ဖြစ်လာနေရတာဟာလည်း သက်ငယ် မုဒိမ်းဆိုတဲ့ ရာဇဝတ်ပြစ်မှု အမျိုးအစားကြောင့်သာ မကဘဲ အခုလက်ရှိ တရားခံအဖြစ် စွပ်စွဲဖမ်းဆီးခံထားရသူ အောင်ကျော်မျိုး ခေါ် အောင်ကြီးဟာ အစားထိုး တရားခံဖြစ်တယ်လို့ ကျယ်ကျယ်ပြန့်ပြန့်ယုံကြည်နေသူတွေ တိုးများလာနေတာကြောင့်လည်း ဖြစ်ပါတယ်။

တရားရုံးရှေ့မှာတော့ ကလေးငယ်နဲ့ မိသားစု၊ နောက်ပြီး တရားခံအဖြစ် စွဲချက်တင်ထားခံရသူနဲ့ သူ့မိသားစု နှစ်စုလုံးကို အားပေးထောက်ခံ သူတွေ စုဝေးစောင့်ဆိုင်းနေခဲ့ကြပါတယ်။ နောက်တပတ် ရုံးချိန်းမှာတော့ တရားခံ အဖြစ် စွဲချက်တင်ခံထားရသူ အောင်ကြီးရဲ့ အကျိုးဆောင်ရှေ့နေက တရားလို ဗစ်တိုးရီးယား ရဲ့မိခင်ကို ပြန်လှန်စစ်မေးမှာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG