သုံးရလွယ်ကူစေသည့် Link များ

ရခိုင်ပြည်နယ်မှာ တရုတ်ရင်းနှီးမြှုပ်နှံမှု ရှေ့အလားအလာ


ကျောက်ဖြူဆိပ်ကမ်း
ကျောက်ဖြူဆိပ်ကမ်း

မြန်မာ့အိမ်နီးချင်း တရုတ်နိုင်ငံဆီ သွားရောက်ပြီး တရုတ်-မြန်မာ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စတွေ ဆွေးနွေးခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာနိုင်ငံ ရခိုင်ဒေသမှာ စီးပွားရေး ရင်းနှီးမြှုပ်နှံမှုတွေ လာရောက်လုပ်ကိုင်ကြမှာကို ကြိုဆိုတာပါ။ ရခိုင်မြောက်ပိုင်းက လူမျိုးရေးပဋိပက္ခတွေကြောင့် အထူးသဖြင့် ကုလသမဂ္ဂနဲ့ အနောက်နိုင်ငံတွေရဲ့ ဖိအားပေးမှုနဲ့ ကြုံနေရချိန်မှာ ဒေါ်အောင်ဆန်းစုကြည် တရုတ်နိုင်ငံကို သွားရောက်ခဲ့တာလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ ရခိုင်ဒေသခံတွေကတော့ တရုတ်တို့ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေက သူတို့ဒေသကို တကယ်ပဲ အကျိုးဖြစ်စေပါ့မလားဆိုပြီး စိုးရိမ်းနေကြပါတယ်။ Libby Hogan ကျောက်ဖြူက ပေးပို့တဲ့ သတင်းကို မအေးသန္တာကျော် ပြောပြပေးပါခင်ဗျာ။

အမုန်းတရား ကင်းမဲ့ဇုန်ဆိုတဲ့ စာတန်းကြီးကိုတော့ အင်္ဂလိပ်၊ မြန်မာ ဘာသာ ၂ မျိုးနဲ့ စာတန်းထိုးထားတာ ကျောက်ဖြူဆိပ်ကမ်းမှာ တွေ့ရပါတယ်။ ဒီလိုအေးချမ်းမှုတွေ တွေ့ရတာက ရခိုင်ဒေသ တောင်ပိုင်းမှာ ဖြစ်ပြီးတော့ မြောက်ပိုင်းမှာတော့ ၂၀၁၇၊ သြဂုတ်လကစလို့ လူမျိုးရေးပဋိပက္ခတွေဖြစ် စစ်တပ်ရဲ့ အင်အားသုံး နှိမ်နင်းမှုတွေနဲ့ လူနည်းစု ရိုဟင်ဂျာ ၇ သိန်းကျော် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးခဲ့ရပါတယ်။

ရခိုင်ဒေသကို နိုင်ငံခြားစီးပွားရေး ရင်းနှီးမြှုပ်နှံမှုတွေ ဝင်အောင်လို့ ကြိုးပမ်းနေတဲ့ ဒေါ်အောင်ဆန်းစုကြည်က ရခိုင်ရဲ့ ရေနံနဲ့ သဘာဝဓါတ်ငွေ့လုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံမှုတွေလုပ်ဖို့ တရုတ်နဲ့ ဂျပန်ကို တိုက်တွန်းနေပြီးတော့ ဒီဒေသက ပြဿနာတွေကို ခပ်ဖေါ့ဖေါ့ပြောထားတာပါ။

"နိုင်ငံတကာအသိုင်းအဝိုင်း အာရုံစိုကနေတာကတော့ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ဆောင်ကြဉ်းပေးနိုင်တဲ့ ရခိုင်ပြည်နယ်ထဲက အများအပြား တည်ရှိနေတဲ့ အလားအလာကောင်းတွေထက် ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ဖြစ်ပွားနေတဲ့ တင်းမာမှုတွေကိုသာ အမြင်ကျဉ်းမြောင်းစွား အာရုံထားနေခဲ့တာ အတော်လေးကြာခဲ့ပြီ ဖြစ်ပါတယ်။"

ဒါပေမဲ့လည်း ရခိုင်ဒေသက ပြဿနာတွေက အဆုံးသတ်ဖို့ အဝေးကြီးလိုပါသေးတယ်။ ရခိုင်ဒေသမြောက်ပိုင်း လူ့အခွင့်အရေးချိုးဖောက်မှုတွေကို စုံစမ်းဖော်ထုတ်နိုင်မယ့် သတင်းထောက်တွေ၊ စုံစမ်းစစ်ဆေးသူတွေ အဲ့ဒေသကို ဝင်ခွင့်မရပါဘူး။ ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးသွားကြတဲ့ ဒုက္ခသည်တွေလည်း အဲ့ဘက်က စခန်းတွေမှာ လူဦးရေ မတန်တဆ များပြားပြီးတော့ နေနေကြရပါတယ်။ သူတို့ ပြန်လာတဲ့အခါမှာ နေထိုင်ဖို့အတွက်ကိုတော့ ပျက်သွားတဲ့နေရာတွေမှာ အစိုးရက အိမ်ယာတွေ ပြန်ပြီးတော့ ဆောက်လုပ်ပေးနေပါတယ်။ ဒါပေမဲ့လည်း ရခိုင်ဒေသ စစ်တွေမှာတော့ ဒုက္ခသည်စခန်းမှာ နေနေကြတဲ့ ရိုဟင်ဂျာ ၁ သိန်းကျော်ဟာ ခြံစည်းရိုးခတ်ထားတဲ့ စခန်းထဲမှာ နေနေရတာ ၇ နှစ်ကျော်လာပါပြီ။

ရခိုင်မြောက်ပိုင်း ကျောက်ဖြူမှာတော့ နေထိုင်သူ အများစုက ရခိုင်တိုင်းရင်းသားတွေ ဖြစ်ကြပါတယ်။ သူတို့ကျပြန်တော့လည်း သူတို့ဒေသရဲ့ ရင်းနှီးမြှုပ်နှံမှု စီမံကိန်းတွေနဲ့ ပတ်သက်လို့ ဘာမှမသိရဘူးလို့ ပြောပါတယ်။ ဒေါ်လာ သန်းထောင်ပေါင်းများစွာ သုံးတဲ့ ရင်းနှီးမြှုပ်နှံမှုမျိုးကနေပြီးတော့ အကျိုးအမြတ်ထွက်လာတာ မတွေ့ရသလောက်ပဲလို့ ဆိုပါတယ်။ ကျောက်ဖြူဒေသခံ ဦးထွန်းလွင်က

"စီမံကိန်းက အကောင်အထည်ဖော်ပြီ။ ဖော်တဲ့အခါကျတော့ ဒေသခံအလုပ်သမားတွေ တချို့နေရာတွေမှာ အလုပ်လုပ်ကြရတယ်။ ဒီထဲကို ကျောက်တွေလိုတယ်၊ သဲတွေလိုတာပေါ့။ ကျောက်တွေသဲတွေကို တွင်းကြတယ်။ အဲ့ဟာအလုပ်ပေါ့လေ။ ဒါပေမဲ့ နည်းပညာနဲ့ ပတ်သက်တဲ့ ကိစ္စလိုဟာမျိုးကျရင်တော့ ကျနော်တို့ဒေသခံတွေက ယာဉ်လည်းမမောင်းတတ်ဘူးဗျ။ ရေရှည်အားဖြင့်တော့ ကျနော်တို့တွေဟာ အဆင်မပြေကြပါဘူး။ သို့သော်လည်းပဲ အခု လက်ရှိအနေအထားမှာ ကြည့်မယ်ဆိုရင် လျှပ်စစ်မီးရတယ်ဆိုတဲ့ ကိစ္စ ကျနော်တို့မြို့က လျှပ်စစ်မီးရလာတယ်။ ရွာ ၂၀ ကျော်လောက်လည်းပဲ အဲ့ဒီစီမံကိန်းတဝှိက်က ရွာတွေလည်းပဲ လျှပ်စစ်မီးရကြတယ်။"

ဒီတရုတ်ပိုက်လိုင်း စီမံကိန်းကို စောင့်ကြည့်တဲ့ အဖွဲ့တဖွဲ့ဖြစ်တဲ့ မြန်မာ-တရုတ် ပိုက်လိုင်းစောင့်ကြည့်ရေးကော်မတီရဲ့ အပြောအရဆိုရင် လွန်ခဲ့တဲ့ နှစ်အတော်အကြာထဲက သိမ်းယူထားတဲ့ မြေတွေအတွက်လည်း လယ်သမားတွေ လျော်ကြေးမရကြသေးဘူးလို့ ဆိုပါတယ်။ ဒီအဖွဲ့က ဦးရဲသိန်းဦးကတော့

"ဒါနဲ့ ပတ်သက်ရင်လည်းပဲ တည်ဆောက်စဉ်ကာလမှာ မြေသိမ်းခံရမှုတွေ၊ မြေသိမ်းခံရမှုတွေမှာ ပွင့်လင်းမြင်သာမှုမရှိမှုတွေ ကိုယ့်မြေကို ဘယ်လိုပုံစံနဲ့ လျော်မှန်းမသိ၊ လျော်ကြေးကိုလည်းစာချုပ်ထဲမှာ လျော်ကြေးနဲ့ ပြင်ပက လျော်ကြေးနဲ့ တူလားမတူလား မသိဘဲနဲ့ ဒီတိုင်းပဲ လျော်ကြေးတွေပေးခဲ့တဲ့ လျာ်ကြေးပိုင်းဆိုင်ရာ ပွင့်လင်းမြင်သာမှုမရှိဘူး။"

တချို့ကြတော့လည်း ဒီပိုင်းလိုင်းနေရာအတွက် ဖယ်ပေးရလို့ လျော်ကြေးရပေမဲ့ အဲ့ဒါကြောင့် ပျက်စီးသွားရတဲ့ ကောက်နှံခင်းတွေ အားလုံးအတွက် လျော်ကြေးလည်း မပေးပါဘူးလို့ လယ်စိုက်သူ ဦးလှသိန်းက ပြောပါတယ်။

"သူတို့လယ်သမားတွေ ဒေါသတွေထွက်နေကြတယ်။ အခုဆိုရင် ရွှံ့တွေနဲ့ သူတို့ ဘာပင်မှလည်းစိုက်လို့မရတော့ဘူးလို့ ပြောသွားခဲ့ပါတယ်။"

ရခိုင်ဒေသမြေကြီးထဲမှာက ဒေါ်လာသန်းထောင်ပေါင်းများစွာတန်တဲ့ ရေနံနဲ့ သဘာဝဓါတ်ငွေ့တွေရှိနေတာမို့လို့ ဒါကနေပြီးတော့ အကျိုးအမြတ်တွေ ဒေသခံလူထုဆီ ရောက်မလာဘူးဆိုရင်တော့ ဒီဒေသကလူတွေလည်း ဒါကိုတော့ ဘယ်လိုမှ ကျေနပ်ကြမှာ မဟုတ်တာ သေချာပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG