သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ခြေဥ ပြင်ဆင်ရေး ပြည်ခိုင်ဖြိုး တင်သွင်းချက် ပယ်ချခံရမှု မကျေနပ်မှုတွေ ထွက်ပေါ်


သမ္မတရဲ့ လုပ်ပိုင်ခွင့်တွေကို လျှော့ချဖို့ အပါအဝင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ ရဲ့ အဆိုပြုချက်ကို ပြည်ထောင်စုလွှတ်တော် ဖွဲ့စည်းပုံ ပြင်ဆင်ရေး ၄၅ ဦး ကော်မတီရဲ့ ပြင်ဆင်ရေး လုပ်ဆောင်မှုမှာသာ ထည့်သွင်းလုပ်ဆောင်ဖို့ မဲခွဲအတည်ပြု လိုက်ပါတယ်။ တပ်မတော်သား ကိုယ်စားလှယ်တွေနဲ့ ပြည်ခိုင်ဖြိုး ပါတီဝင်တွေ ကတော့ မဲခွဲဆုံးဖြတ်ချက်ကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ကြပါတယ်။ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၁၀၀ ကျော်ရဲ့ထောက်ခံမှုနဲ့ အတိုက်အခံ ပြည်ခိုင်ဖြိုး ပါတီက တင်သွင်းခဲ့တဲ့ အဆိုပြုချက်နဲ့ ပတ်သက်လို့ လွှတ်တော်ထဲ ကနောက်ဆုံး အခြေအနေကိုတော့ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မမေခပြောပြပေးမှာဖြစ်ပါတယ်။

သမ္မတရဲ့လုပ်ပိုင်ခွင့်ကို လျှော့ချမယ့် ပုဒ်မ ၄ ခု အပါအဝင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ပြည်ခိုင်ဖြိုးပါတီရဲ့ အဆိုပြုချက်ကို ပြည်ထောင်စု လွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီက ဆွေးနွေး ဆုံးဖြတ်ခဲ့ပြီးနောက် လွှတ်တော်က အဆုံးအဖြတ်ပေးဖို့ တင်ပြခဲ့တာပါ။ အခုလို ဆုံးဖြတ်တဲ့အပေါ် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်ချုပ် မောင်မောင်က

" ပြီးခဲ့တဲ့ အစီရင်ခံစာ တင်တုန်းကလည်း ပြောတယ်။ ဥပဒေအရ ဆိုရင်တော့ တင်တဲ့ ဥပဒေ စာသားဆွေးနွေးရမှာ ၄၅ ဦး ထဲထည့်ဖို့လုပ်လို့ ကန့်ကွက်တာ။ ဆွေးနွေးချိန် မှာလည်း ထောက်ပြဆွေးနွေးပြခဲ့တာပါဘဲ။ ဒါပေမယ့် မဲခွဲဆုံးဖြတ်တာဘဲ။ ဒီမိုကရေစီ ဒီမိုကရေစီ ဆိုပြီးတော့ ဒီမိုကရေစီက နားလည်ရခက်နေတယ်"

ပြည်ခိုင်ဖြိုး ပါတီဝင်လည်းဖြစ် ဥပဒေမူကြမ်း တင်ခဲ့သူ ဒေါက်တာမောင်သင်း ကလည်းလွှတ်တော် အဆုံးအဖြတ်အပေါ်အခုလို ဝေဖန်လိုက်ပါတယ်။

" ဖွဲ့စည်းပုံပြင်ရေးနဲ့ ပတ်သတ်လို့ပြောခဲ့တာတွေ ပြောနေတာတွေ သိပြီးသားနေမှာ ပါ။ ဖွဲ့စည်းပုံပြင်ရင် သူ့ဥပဒေေ ဘောင်ထဲကနေပြင်ရတယ်။ အကြိမ်ကြိမ် အထပ်ထပ်လဲပြောပြီး ပြီ။ ခု ဒုတိယ အကြိမ်တင်တာမှာလဲ နာယကကို ပြောပြီးပြီ။ ပထမအကြိမ် မှားတာ မှား ပါစေတော့။ ဒုတိယအကြိမ် ထပ်မှားတာကတော့ သမိုင်းပိုဆိုးသွားပြီပေါ့။ "

ဒီဥပဒေကြမ်းမှာတော့ နိုင်ငံတော်သမ္မတ အနေနဲ့ ပုဒ်မ၂၄၈(ဂ) အရ ဝန်ကြီးဌာနတွေကို ပြင်ဆင်ဖွဲ့စည်းရင် “တိုင်းနဲ့ဲပြည်နယ် ဝန်ကြီးချုပ်တွေနဲ့ ညှိနှိုင်းတိုင်ပင်ရမယ်” ဆိုတဲ့ စာသားထည့်သွင်းဖို့၊ တိုင်းနဲ့ပြည်နယ် ဝန်ကြီးချုပ်တွေ ခန့်အပ်တာနဲ့ ဆိုင်တဲ့ ပုဒ်မ၂၆၁ပြင်ဆင်ရေး၊ အခြေခံဥပဒေပုဒ်မ ၃၂၂ ပါ ဖွဲ့စည်းပုံ အခြေခံဥပဒေ ခုံရုံးရဲ့လုပ်ပိုင်ခွင့်ပြင်ဆင်ရေး စတဲ့ကိစ္စတွေလည်း ထည့်သွင်းထားတာပါ။

NLD အများစု အဖွဲ့ဝင် ပါတဲ့ ၄၅ဦး ပြင်ဆင်ရေး ပူးပေါင်းကော်မတီဟာ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေထဲက ပြင်ဆင်၊ဖြည့်စွက်၊ ပယ်ဖျက်ဖို့ အချက်ပေါင်း ၃၇၆၅ ချက်ကို စုစည်းပြီး ပြည်ထောင်စု လွှတ်တော်မှာ ဇူလိုင်လ ၁၅ ရက်နေ့က အစီရင်ခံစာ တင်သွင်းခဲ့ပြီး ဒါကို ဆွေးနွေးမှုတွေ လုပ်နေတာ အခန်း ၁ ပြီးတော့မယ်လို့ ဆိုပါတယ်။

ဒါပေမယ့် လက်ရှိမှာ တိုင်းရင်းသားပါတီတွေရဲ့ သဘောထားကို မထင်ဟပ်နိုင်တာ၊ လျို့ဝှက်မဲပေးခွင့်မရတာတွေကြောင့် ၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရေး ၄၅ ဦး ကော်မတီထဲကနေ ပြီးခဲ့တဲ့ရက်ကဘဲ ကော်မတီဝင်သုံးဦး နုတ်ထွက်သွားပါတယ်။

လက်ရှိဖွဲ့စည်းပုံပြင်ရေးနဲ့ပတ်သတ်လို့ တပ်မတော်နဲ့ အာဏာရပါတီကြား၊ တိုင်းရင်းသားတွေနဲ့ အာဏာရပါတီကြား ပွတ်တိုက်မှု ပြင်းထန်လာတာက ပြင်ဆင်ရေး လုပ်ငန်းစဉ်ကို ထိခိုက်စေနိုင်တာမို့ခေါင်းဆောင်တွေ အချင်းချင်း ဆွေးနွေးအဖြေရှာဖို့ လိုအပ်ပြီလို့ထောက်ပြလာသူက မြန်မာနိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာရန်မျိုးသိမ်းပါ။

" ပွတ်တိုက်မှု မြင့်မားလာလေလေ၊ အရပ်ဘက်ခေါင်းဆောင်တွေ၊ တပ်မတော်ခေါင်းဆောင်တွေနဲ့ ကြားမှာ ယုံကြည်မှုလျော့နည်းလာတယ်လို့ သုံးသပ်လို့ရတယ်။ ယုံကြည်မှု ပြန်တည်ဆောက်ဖို့လိုတယ်လို့မြင်တယ်။ ပွင့်ပွင့်လင်းလင်း ညှိနှိုင်းပြီး လိုက်လျောညီထွေ သဘောတူညီချက်ရအောင် ညှိနှိုင်းသင့်နေပြီလို့ မြင်တယ်။ ဒီအခြေအနေတိုင်း ဆက်သွားနေရင် အချိန်ကုန် လူပန်း ငွေကုန်တာလွဲရင် ဖွဲ့စည်းပုံပြင်ရေးက ထိထိရောက်ရောက်ပြင်ဖို့ နည်းတယ်လို့ မြင်တယ်။"

လက်ရှိ အင်န်အယ်လ်ဒီက ဦးဆောင် လုပ်နေတဲ့ဖွဲ့စည်းပုံပြင်ရေးဟာ ဥပဒေနဲ့ မညီဘဲ လုပ်ဆောင်နေတာ၊ လက်ရှိ NCA အပစ်ရပ်စာချုပ် အရပြည်ထောင်စု သဘောတူညီချက်ကို အခြေခံပြီးပြင်ဖို့လိုတာမို့ ဖွဲ့စည်းပုံနဲ့အညီ ပြင်ဆင်ဖို့ တပ်ဘက်ကေ ထာက်ပြတာတွေ ရှိနေတာရှိသလို ဖွဲ့စည်းပုံပြင်ရေးက တပ်မတော်သဘောတူမှ ပြင်လို့ရနိုင်အောင် ရေးထားတာ၊ အာဏာရပါတီအနေနဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေးမှာ တိုင်းရင်းသားတွေကို မစည်းရုံးနိုင်တာ စတာတွေကြောင့် ဖွဲ့စည်းပုံပြင်ရေးက ခက်ခဲဦးမယ်လို့သုံးသပ်နေကြပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG