သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံတွင်း ကပ်ရောဂါကူးစက်မှုနဲ့ သေဆုံးအရေအတွက် လျော့ကျလာ


ကိုဗစ်ကပ်ရောဂါကြား ကိုရင်များဆွမ်းခံကြွနေပုံ။ ဂျူလိုင် ၁၅၊ ၂၀၂၁။
ကိုဗစ်ကပ်ရောဂါကြား ကိုရင်များဆွမ်းခံကြွနေပုံ။ ဂျူလိုင် ၁၅၊ ၂၀၂၁။

Zawgyi/Unicode


ပြည်တွင်းမှာ ကပ်ရောဂါကူးစက်ခံရသူနဲ့ သေဆုံးသူအရေအတွက် အရင်ကထက် စာရင် လျော့ကျလာပြီလို့ မြေပြင်မှာကူညီဆောင်ရွက်ပေးနေသူတွေက ပြောပါတယ်။ ဒါပေမယ့်လည်း ကိုယ့်နည်းကိုယ့်ဟန်နဲ့ ရောဂါတိုက်ဖျက်နေရသူတွေလည်း ရှိနေတဲ့အတွက်ကြောင့် ရောဂါကာကွယ်ရေးနည်းလမ်းတွေကို မပေါ့ဆဘဲ ဆက်ပြီးလိုက်နာဖို့ကို တိုက်တွန်းနေကြပါတယ်။ ဒီအကြောင်းအရာနဲ့ပတ်သက်လို့ ရန်ကုန်ကလာတဲ့ သတင်းအပြည့်အစုံကို အလိမ္မာပြောပြပါမယ်။

မြန်မာနိုင်ငံမှာ ကိုဗစ်တတိယလှိုင်းဒဏ်ကို ပြီးခဲ့တဲ့ ဇူလိုင်လပိုင်းတုန်းက အခက်အခဲတွေကြားထဲက ရင်ဆိုင်ဖြတ်သန်းခဲ့ရတယ်လို့ ကပ်ရောဂါတိုက်ဖျက်ရေးမှာ ပါဝင်ဆောင်ရွက်နေသူတွေက ပြောပါတယ်။ လူဦးရေထူထပ်ပြီး ရောဂါကူးစက်ခံရသူ အများဆုံးရှိနေတဲ့ ရန်ကုန်တိုင်းမှာဆိုရင်လည်း တနေ့တာ သေဆုံးသူအရေအတွက်ဟာ ထောင်ဂဏန်းဝန်းကျင်အထိ ရှိခဲ့တာပါ။ ရန်ကုန်အခြေစိုက် ပရဟိတအသင်းတခုကတော့ အရင်က တနေ့ကို အလောင်း ၇၀ နဲ့ ၈၀ ကြား မီးသင်္ဂြိုဟ်နိုင်ဖို့ ကူညီဆောင်ရွက်ပေးခဲ့ရပေမယ့် အခုလဆန်းပိုင်းကစပြီး ထက်ဝက်ကျော်အထိ ကျဆင်းသွားတယ်လို့ ပြောပါတယ်။

"၇ လပိုင်းထက်စာရင် ဒီဘက် ၈ လပိုင်းကနေ အခုဒီနေ့အထိဆိုရင်တော့ တရိပ်ရိပ်ကျလာတဲ့ အနေအထားမျိုးပေါ့။ ဘာဖြစ်လို့လဲဆိုတော့ အရင်တုန်းက ၇ လပိုင်းမှာ ကျနော်တို့ အင်တိုက်အားတိုက်နဲ့ နာရေးကူညီမှုအသင်းတွေရော၊ ပရဟိတအသင်းတွေရော၊ ကျန်းမာရေးအသင်းတွေရော အကုန်လုံးက ဂယက်ရိုက်သွားတာပေါ့နော်၊ မနိုင်မနင်းတွေ ကြိုးစားခဲ့ရတယ်။ အခုအနေအထားကတော့ သေနှုန်းက တော်တော်လေးလျော့ကျသွားပြီ။ လျော့ပေမယ့်လည်း မပေါ့ဆဖို့ လိုတာပေါ့နော်။ တိုးတိုးတိတ်တိတ် အိမ်ထဲမှာဖြစ်နေတဲ့ သူတွေလည်း ရှိချင်ရှိမှာပေါ့။"

သေဆုံးသူနဲ့ ရောဂါကူးစက်ခံရသူဦးရေဟာ ဩဂုတ်လ ဒုတိယပတ်ကစပြီး လျော့ကျလာပေမယ့် ကပ်ရောဂါနဲ့ပတ်သက်လို့ စိတ်ချရတဲ့အနေအထားမရှိသေးဘူးလို့ ကိုဗစ်ကူးစက်ခံရသူတွေကို ကူညီပေးနေတဲ့ ပရဟိတအဖွဲ့တွေက ပြောပါတယ်။ ရောဂါကြောင့် ဆေးရုံမှာလာရောက်ကုသသူတွေထက် ကိုယ့်ရဲ့နေအိမ်မှာသာနေထိုင်ပြီး ကိုယ်ထူကိုယ်ထကုသနေသူတွေလည်း ရှိနေသေးတယ်လို့ မွန်ပြည်နယ်ကိုဗစ်တိုက်ဖျက်ရေးမှာ ပါဝင်သူတဦးကလည်း ပြောပါတယ်။

"ဇူလိုင်လကထက်စာရင်တော့ ဆေးရုံတွေမှာ လူနာတွေကတော့ နည်းလာတယ်။ သေဆုံးနှုန်းနည်းတယ်၊ လူနာတွေနည်းလာတယ်ဆိုပေမယ့် ကိုဗစ်ကအရှင်းကြီး ပျောက်သွားတာလည်း မဟုတ်သေးဘူး။ ဒါကြီးက ဆက်ပြီးရှိနေတုန်းရှိသေးတယ်။ နောက်ထပ်အသက်တွေ ထပ်ပြီးမဆုံးရှုံးဖို့အတွက် နည်းနည်းတော့ဂရုစိုက်ပြီး နေစေချင်သေးတာပေါ့နော်။ နောက်ပြီးတော့ ရပ်ကွက်တွေ၊ အိမ်တွေထဲမှာ ကုသနေရတဲ့သူတွေလည်း ရှိသေးတယ်။ တချို့ဆို Mobile Clinic နဲ့ ကုသနေရတဲ့အနေအထား ရှိသေးတာပေါ့နော်။ အဲဒါကြောင့် ပေါ့တော့မပေါ့ဆဦးနဲ့ပေါ့နော်။"

ရောဂါသံသယရှိသူတွေ သေဆုံးရင် သူတို့မှာ ကိုဗစ်ရောဂါပိုးရှိ၊ မရှိ အရင်ကစစ်ဆေးအတည်ပြုနိုင်ခဲ့ပေမယ့် အခုတတိယလှိုင်းမှာတော့ အတည်ပြုနိုင်ဖို့ အခက်အခဲတွေရှိနေပါတယ်။ ဒီရက်ပိုင်းအတွင်း သေဆုံးသူတွေမှာ ရောဂါသံသယလက္ခဏာတွေရှိပေမယ့်လည်း ကပ်ရောဂါနဲ့သေဆုံးတာ ဟုတ်၊ မဟုတ်ဆိုတာ အတည်ပြုနိုင်ဖို့ခက်နေတယ်လို့ ပရဟိတဆောင်ရွက်ပေးနေတဲ့ ဆရာတော်တပါးက မိန့်ပါတယ်။

"ဒေသန္တရကျန်းမာရေးတွေက အလုပ်မလုပ်ဘူး။ ကိုယ့်ရပ်ကွက်၊ ကိုယ့်ဒေသအသီးသီးမှာရှိတဲ့သူတွေ ဘာကြောင့်သေတယ်ဆိုတာမျိုးကို သူတို့ကိုယ်တိုင်လည်း လာမစစ်ပေးဘူး။ ပြီးတော့ သက်ဆိုင်ရာတာဝန်ရှိသူတွေကိုလည်း မလွှတ်ပေးဘူး။ အဲတော့ သေတဲ့သူတွေက ဘာရောဂါနဲ့သေလည်းဆိုတာ ခန့်မှန်းရခက်နေတယ်။ ဒီကပ်ရောဂါနဲ့သေတယ်လို့ ပြောရအောင်လည်း စစ်ဆေးထားတာမရှိတဲ့အတွက်ကြောင့် အခက်အခဲလေးတွေ တွေ့တယ်။ နောက် ပရဟိတတွေအတွက်ကတော့ ကာကွယ်ရေးပစ္စည်းတွေ ရှားပါးနေတယ်။"

ကျန်းမာရေးဝန်ကြီးဌာနက နေ့စဉ်အတည်ပြုပေးနေတဲ့ လူနာဦးရေနဲ့ သေဆုံးသူအရေအတွက်ဟာ မြေပြင်အခြေအနေနဲ့ ကွဲလွဲမှုတွေရှိနေတယ်လို့ ကပ်ရောဂါတိုက်ဖျက်ရေးမှာ ပါဝင်နေတဲ့ ပရဟိတအဖွဲ့တွေနဲ့ ကျန်းမာရေးပညာရှင်တွေက မှတ်ချက်ပြုထားပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့စာရင်းအရဆို ပြည်တွင်းမှာကိုဗစ်အတည်ပြုလူနာ ၃ သိန်းကျော်နဲ့ သေဆုံးသူ ၁၃,၀၀၀ ကျော် ရှိထားပါတယ်။ ကပ်ရောဂါကူးစက်နှုန်း ထိန်းချုပ်နိုင်ဖို့အတွက် စာသင်ကျောင်းတွေနဲ့ အစိုးရရုံးအပါအဝင် ဘဏ်တွေကိုလည်း ဩဂုတ်လ ၂၂ ရက်နေ့ အထိ ပိတ်ထားပါတယ်။

တိုက်ရိုက် လင့်ခ်


=======

Unicode











#Covid19 #MyanmarCovid #VOABurmese

XS
SM
MD
LG