သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ COVID-19 ကူးစက်သူ နောက်ထပ် နှစ်ဦးသေဆုံး၊ နှစ်ဦး ပျောက်ကင်း


ဝေဘာဂီဆေးရုံ
ဝေဘာဂီဆေးရုံ

(Zawgyi/Unicode)

မြန်မာနိုင်ငံထဲ COVID-19 ဓာတ်ခွဲအတည်ပြုလူနာ ၂၂ ဦးထဲ သုံးဦးသေဆုံးခဲ့ပြီး ရောဂါပျောက်ကင်းသွားသူဟာလည်း နှစ်ဦးအထိ ရှိလာပါတယ်။ ကျန်ရှိနေသေးတဲ့ လူနာတွေရဲ့ ရောဂါအခြေအနေကောင်းမွန်တယ်လို့ ကျန်းမာရေးဌာနတာဝန်ရှိသူက ပြောပါတယ်။ အဲဒါအပြင် တရုတ်နိုင်ငံကနေ ရောက်ရှိလာတဲ့ ဆေးပညာရှင် ၁၂ ဦးဟာလည်း ရန်ကုန်မြို့မှာ နှစ်ပတ်ကြာနေထိုင်ပြီး ဒီရောဂါတိုက်ဖျက်ရာမှာ ပူးပေါင်းပါဝင်ဆောင်ရွက်သွားဖို့ရှိနေပါတယ်။ မြန်မာနိုင်ငံထဲ COVID-19 ရောဂါနဲ့ ရောဂါထိန်းချုပ်ရေးနောက်ဆုံးအခြေအနေတွေကို ဗွီအိုအေသတင်းထောက် စုစုက မေးမြန်းစုံစမ်းထားပါတယ်။

☞ လာမယ့်သီတင်းပတ်မှာ အထူးသတိပြုကြဖို့ ဒေါ်အောင်ဆန်းစုကြည် သတိပေးတဲ့ သတင်းလည်း ဒီမှာ ဖတ်ရှုနိုင်ပါပြီ။

COVID-19 လူနာနံပါတ် ၁၆ ဖြစ်တဲ့ အသက် ၆၃ နှစ်အရွယ် အမျိုးသမီးကို ဝေဘာဂီအထူးကုဆေးရုံကြီးမှာ အထူးကြပ်မတ်ကုသပေးခဲ့ပေမဲ့ သူဟာ အပြင်းဖျားပြီး သတိကောင်းစွာမရတာပဲ သွေးပေါင်ချိန်ကျဆင်းတဲ့ဝေဒနာတွေကို ခံစားခဲ့ရပြီး ဒီကနေ့မနက် ၁၀နာရီ ၅မိနစ်မှာ ကွယ်လွန်သွားပါတယ်။ ဒီလူနာဟာ သူ့ရောဂါအခံကြောင့်ပါ သေဆုံးခဲ့ရတာဖြစ်တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသာထွန်းကျော်က ဗွီအိုအေကို ပြောပါတယ်။

“ဒီလူနာသေဆုံးရတဲ့ အဓိကအကြောင်းရင်းမှာ နှလုံးသွေးကြောပိတ်ပြီးတော့ နှလုံးကြွက်သားပုပ်ခြင်းရောဂါနဲ့ ပြင်းထန်တဲ့ အဆုတ်ရောင်ရောဂါကို ခံစားရပြီးတော့ လူနာရဲ့အခံရောဂါကတော့ ဆီးချိုရောဂါအခံကြောင့် လူနာသေဆုံးရတာဖြစ်တယ်လို့ သတ်မှတ်ပါတယ်။”

သေဆုံးသူနောက်တဦးဖြစ်တဲ့ လူနာနံပါတ် ၁၇၊ အသက် ၄၇ နှစ်အရွယ် အမျိုးသားဟာလည်း ပြည်မြို့ပြည်သူ့ဆေးရုံမှာ အထူးကြပ်မတ်ကုသပေးနေရချိန်မှာပဲ အမောဖောက်လာတဲ့နောက် သွေးတွင်းအောက်စီဂျင်ဓာတ်ကျဆင်းတဲ့ လက္ခဏာတွေခံစားရပြီး ဒီကနေ့မနက် ၃နာရီ၊ မိနစ် ၄၀ မှာ ကွယ်လွန်ခဲ့ပါတယ်။ ဒီလူနာ သေဆုံးရတဲ့အဓိက အကြောင်းရင်းကို ဒေါက်တာသာထွန်းကျော်က ဗွီအိုအေကို ရှင်းပြထားပါတယ်။

“သေဆုံးရတဲ့ အကြောင်းရင်းအနေနဲ့ကတော့ ပြင်းထန်တဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ပျက်စီးတဲ့ရောဂါနဲ့ သွေးအဆိပ်တက်ခြင်းရောဂါကြောင့် ကွယ်လွန်ခဲ့တယ်လို့သတ်မှတ်ပါတယ်။”

ကွယ်လွန်သူ လူနာနံပါတ် ၁၇ရဲ့ သားသမီးတွေဖြစ်တဲ့ ပြည်မြို့ဆေးရုံမှာ ထားရှိကုသပေးနေတဲ့ လူနာနံပါတ် ၁၈၊ ၁၉ နဲ့ ၂၀ တို့ကို သူတို့ရဲ့မိခင်ဖြစ်သူ လူနာနံပါတ် ၁၅ ကို ကုသပေးနေတဲ့ ဝေဘာဂီဆေးရုံမှာ ပြောင်းလဲကုသပေးဖို့အတွက် စီစဉ်ဆောင်ရွက်နေတယ်လို့ ပြောပါတယ်။

ဒီကနေ့ညနေအထိ မြန်မာနိုင်ငံမှာ COVID-19 ဓာတ်ခွဲအတည်ပြုလူနာ ၂၂ဦးရှိခဲ့ပြီး၊ အဲဒီထဲက သုံးဦးသေဆုံးခဲ့ပြီး၊ ရောဂါပျောက်ကင်းသူ နှစ်ဦးရှိတယ်လို့ ဒေါက်တာသာထွန်းကျော်က ဗွီအိုအေကို ပြောပါတယ်။

စုစု။ ICU Ward ထဲမှာ ကုသပေးနေတဲ့ ဒီလူနာနှစ်ဦးကလည်း သေဆုံးသွားပြီဆိုတော့ အခုချိန်မှာ ကျန်ရှိနေသေးတဲ့ လူနာ ၁၉ ဦးထဲမှာမှ နှစ်ဦးက ရောဂါပျောက်ကင်းသွားပြီဆိုတော့ ကျန်တဲ့ ၁၇ ဦးရဲ့ ကျန်းမာရေးအခြေအနေကတော့ ကောင်းမွန်နေတယ်ပေါ့နော်။

ဒေါက်တာသာထွန်းကျော်။ မှန်ပါတယ်ခင်ဗျ။ တည်ငြိမ်တဲ့အနေအထား ရှိပါတယ်။

မြန်မာနိုင်ငံမှာ COVID-19 ရောဂါပြန့်ပွားမှုကို တိုက်ဖျက်ရာမှာ အထောက်အကူပြုဖို့အတွက် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်က ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင် ၁၂ ဦးဟာ ဒီကနေ့နေ့လည်မှာပဲ ရန်ကုန်မြို့ကို ရောက်ရှိပါတယ်။ အဲဒီအဖွဲ့ထဲမှာ ပြည်သူ့ကျန်းမာရေးနဲ့ ပတ်သက်ပြီး ကျွမ်းကျင်ပညာရှင် ၉ ဦးအပါအဝင်၊ တရုတ်တိုင်းရင်းဆေးပညာရှင် ၁ ဦးနဲ့ ဓာတ်ခွဲပညာရှင် ၂ ဦးတို့ ပါဝင်ပါတယ်။

ဒီပညာရှင်တွေဟာ ရန်ကုန်မြို့မှာ ၂ ပတ်တာနေထိုင်ပြီးတော့ ရောဂါတိုက်ဖျက်ရေးမှာ ပါဝင်ကူညီသွားမယ့်အကြောင်းကို ဒေါက်တာသာထွန်းကျော်က ဗွီအိုအေကို ပြောပါတယ်။

“တရုတ်ဆေးပညာရှင်အဖွဲ့က ရန်ကုန်မြို့မှာ ၁၄ရက်တိတိနေထိုင်ပြီးတော့ ပြည်သူ့ကျန်းမာရေးနဲ့ ပတ်သက်တဲ့ရောဂါကာကွယ်ရေး အတွေ့အကြုံတွေကို ကျတော်တို့နိုင်ငံဘက်က ပညာရှင်တွေနဲ့တွေ့ဆုံဆွေးနွေးပြီးတော့ အတွေ့အကြုံတွေ ဖလှယ်မယ်။ လိုအပ်ရင်သင်တန်းတွေ ပေးမယ်။ အဲဒီလိုပဲ ကုသရေးနဲ့ ပတ်သက်တဲ့ အဖွဲ့ကလည်းပဲ ဝေဘာဂီဆေးရုံမှာရှိတဲ့ COVID-19 ပိုးတွေ့တဲ့ လူနာတွေကို ကုသမှုပေးနေတဲ့ ကျနော်တို့ရဲ့သမားတော်ကြီးများနဲ့ တွေ့ဆုံပြီးတော့ သူတို့ရဲ့ COVID-19 နဲ့ ပတ်သက်တဲ့ရောဂါ ကုသတဲ့အတွေ့အကြုံတွေကို ဖလှယ်မယ်၊ ဆွေးနွေးမယ်၊ ညှိနှိုင်းပြီးတော့ လိုအပ်ရင် သင်တန်းများပေးခြင်း ဆောင်ရွက်ပါမယ်။ ဓာတ်ခွဲအဖွဲ့ကတော့ ရန်ကုန်မှာရှိတဲ့ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲခန်းမှာ တွဲဖက်ပြီးတော့ COVID-19 ရောဂါပိုးရှိ မရှိ လူနာတွေကို စစ်ဆေးပေးသွားမှာ ဖြစ်ပါတယ်။”

ဒီကနေ့စာရင်းတွေအရ နိုင်ငံနဲ့နယ်မြေ စုစုပေါင်း ၂၀၉ ခုမှာ လူပေါင်း ၁၄ သိန်းကျော်ကို ရောဂါကူးစက်ခဲ့ထားရပါတယ်။ ဒီရောဂါကြောင့် သေဆုံးခဲ့သူ ၈၃,၀၀၀ ကျော်ရှိခဲ့ပေမဲ့ ရောဂါပျောက်ကင်းသွားသူဟာလည်း ၃၀၉,၀၀၀ ကျော်အထိ ရှိနေပြီဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]















XS
SM
MD
LG