သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဇူလိုင်လလယ် ကျောင်းပြန်ဖွင့်ဖို့ Quarantine Center ဖွင့်ကျောင်းများ ပြန်အပ်ဖို့ညွှန်ကြား


ကျောင်းတက်ဖို့သွားကြတဲ့ ကျောင်းသားတချို့ (ဇွန် ၀၁၊ ၂၀၁၂)
ကျောင်းတက်ဖို့သွားကြတဲ့ ကျောင်းသားတချို့ (ဇွန် ၀၁၊ ၂၀၁၂)

(Zawgyi/Unicode)

Community Based Facility Quarantine ဖွင့်လှစ်ထားတဲ့ ပြည်နယ်နဲ့တိုင်း ဒေသအသီးသီးက အခြေခံပညာကျောင်းတွေကို ပညာရေးဝန်ကြီးဌာနဆီ ပြန်အပ်နှံဖို့ ထုတ်ပြန်ပြီးတဲ့နောက် တချို့ကျောင်းတွေမှာ ဖွင့်လှစ်ထားတဲ့ Fever Clinic တွေရဲ့အခြေအနေကို ပြောပြသွားပါမယ်။ ဒီအကြောင်း ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မစုစုက ပြောပြပေးပါမယ်။

အခု ဇူလိုင်လလယ်လောက်မှာ အခြေခံပညာကျောင်းတွေ ပြန်ဖွင့်နိုင်ဖို့ ပြင်ဆင်မှုတခုအနေနဲ့ COVID-19 ရောဂါပိုးရှိ၊ မရှိ စောင့်ကြည့်ရေးစင်တာတွေ အထက်တန်းကျောင်းတွေမှာ ဖွင့်ထားတာကို ပြန်လည် အပ်နှံဖို့ ညွှန်ကြားလာတာ ဖြစ်ပါတယ်။

ပြည်နယ်နဲ့ တိုင်းဒေသအသီးသီးမှာ Community Based Facility Quarantine အတွက် အသုံးပြုခွင့်ပေးထားတဲ့ အခြေခံပညာကျောင်းပေါင်း ၆,၀၀၀ ကျော်အထိ ရှိတယ်လို့ သိရပါတယ်။ ဇူလိုင်လအတွင်းမှာ ကျောင်းတွေပြန်ဖွင့်မှာ ဖြစ်လို့ အသုံးပြုခွင့်ပေးထားတဲ့ ဒီကျောင်းတွေကို ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်နဲ့အညီ ပိုးသတ်ဆေးဖြန်းပြီး ဇွန်လ ၁၅ ရက်နေ့ နောက်ဆုံးထား အပ်နှံဖို့ကို ထုတ်ပြန်ချက်ထဲ ဖော်ပြထားပါတယ်။

ထုတ်ပြန်ချက်ထဲမှာ Quarantine ဖွင့်လှစ်ဖို့ ခွင့်ပြုထားတဲ့ ကျောင်းတွေကို ပြန်လည်အပ်နှံရမယ်လို့ ဖော်ပြထားပေမယ့် ရန်ကုန်မြို့က ကျောင်းတချို့မှာ အခမဲ့ဖျားနာကုဆေးခန်းတွေ ဖွင့်လှစ်ထားတာတွေလည်း ရှိနေလို့ အဲဒီ Fever Clinic တွေကိုတော့ ဘယ်လိုညွှန်ကြားချက်ပေးမလဲဆိုတာ မသိရသေးပါဘူး။

သက်ဆိုင်ရာမြို့နယ်က အုပ်ချုပ်သူတွေရဲ့ ညွှန်ကြားချက်နဲ့အညီ အထက်တန်းကျောင်းတွေမှာ ဖွင့်လှစ်ထားတဲ့ အခမဲ့ဖျားနာကုဆေးခန်းတွေကိုတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး အကြောင်းကြားတာမျိုးမရှိသေးဘူးလို့ ဗိုလ်တထောင်မြို့နယ် ဖျားနာကုဆေးခန်းတာဝန်ခံ ဒေါက်တာနေမင်းထက်က VOA ကိုပြောပါတယ်။

“ဗိုလ်တထောင် ၆ ကျောင်းအုပ်နဲ့တော့ မနေ့က သွားတွေ့တယ်။ ကျနော်တို့ကိုတော့ ဘာမှမပြောသေးဘူးပေါ့နော်။ ပြီးတော့ ကျနော်တို့လက်ရှိကတော့ ဒီမေလပိုင်းကုန်အထိပဲပေါ့နော်။ ကျောင်းမှာဖွင့်တာတွေက နဂိုကတည်းက မေလပိုင်းကုန်ထိပဲ Master Plan ဆွဲထားတယ်။ ကျောင်းမဖွင့်မချင်းကို လုပ်မယ်လို့လည်း ဆွဲထားတယ်။ သက်ဆိုင်ရာကတော့ ကျတော်တို့ကို ဒီမြို့နယ်ထွေအုပ်တို့ ကျောင်းအုပ်တို့ပေါ့နော်။ ဘာမှတော့ထွေထွေထူးထူးပြောထားတာတော့ ခုချိန်ထိမရှိသေးပါဘူး။”

ကျောင်းတွေ ပြန်ဖွင့်မှာဖြစ်လို့ ဆေးခန်းဖွင့်ထားတဲ့နေရာတွေကို ပြန်ပေးရမယ်ဆိုရင်လည်း အဲဒီမြို့နယ်မှာရှိတဲ့ ကျန်တဲ့နေရာတွေမှာ ဆက်ပြီးဖွင့်လှစ်သွားနိုင်ဖို့အတွက်ကို ညှိနှိုင်းသွားမယ်လို့ သိရပါတယ်။

ကိုဗစ်ကပ်ရောဂါကို ကာကွယ်ထိန်းချုပ်နေတဲ့အချိန်မှာ ဆေးရုံဆေးခန်းတွေမှာ မလိုလားအပ်တဲ့ လူစုလူဝေးဖြစ်တာမျိုးကို လျှော့ချပြီး ဒီရောဂါပြန့်နှံ့မှုကို ထိန်းချုပ်နိုင်ဖို့အတွက် အထောက်အကူပြုနေတဲ့ ဒီဖျားနာကုဆေးခန်းတွေမှာ ရောဂါကာကွယ်ရေးနဲ့ ပတ်သက်ပြီး လုပ်ဆောင်ထားတဲ့ ဆောင်ရွက်ချက်တွေကိုလည်း ဒေါက်တာနေမင်းထက်က အခုလိုဆက်ပြောပါတယ်။

“ပညာရေးကလည်း စိုးရိမ်တာမှန်ပါတယ်။ သို့ပေမဲ့ ကျနော်တို့က Fever Clinic အကုန်လုံးရဲ့ Protocol အရ လူနာတယောက်ထိုင်ပြီးတိုင်း ထိုင်ခုံကို အရက်ပြန်နဲ့ဖျန်းပေးတယ်။ ပြီးသွားရင် ဆေးခန်းပိတ်ပြီးတိုင်း ကျနော်တို့က Sodium Hypochlorite တွေနဲ့ ဖျန်းပါတယ်။”

ကျောင်းကိုပိုးသတ်ဆေးဖျန်းပြီး ပြန်အပ်ရမှာ ကျောင်းမဖွင့်ခင် ကလေးတွေနဲ့ ဆရာ၊ ဆရာတွေကို ပြန်လျှော်ပြီးသုံးနိုင်တဲ့ Mask တွေကို တယောက်ကို အနည်းဆုံးနှစ်ခုစီ ဝေပေးဖို့နဲ့ မျက်နှာကာတွေကိုလည်း ပေးနိုင်ဖို့ကို ဆောင်ရွက်နေတယ်လို့ အခြေခံပညာဦးစီးဌာနက ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက ပြောပါတယ်။

ကျောင်းတွေမှာ အဖျားတိုင်းကိရိယာတွေကိုပါ ပေးထားပြီး Social Distancing ကို ကျောင်းခန်းထဲနဲ့ ဖယ်ရီကားပေါ်မှာပါ ဆောင်ရွက်နိုင်ဖို့ကို စီစဉ်နေတယ်လို့ သိရပါတယ်။

ကိုဗစ်ကာလမှာ အခြေခံပညာကျောင်းတွေကို ပြန်ဖွင့်နိုင်ဖို့အတွက် ဆောင်ရွက်ထားတဲ့ အသေးစိတ်အချက်တွေကို ထုတ်ပြန်ပေးသွားမယ်လို့လည်း ဦးကိုလေးဝင်းကဆက်ပြောပါတယ်။

“Mask တပ်တယ်ဆိုရင်လည်း ကလေးတွေကတချိန်လုံး Mask တွေ တပ်ထားလို့မရဘူး။ အဲတော့ သူ့ကို ဥပမာ ၄၅ မိနစ်တပ်ပြီးရင် တကြိမ်ဖွင့်ပြီးတော့ လွတ်လွတ်လပ်လပ် သန့်စင်တဲ့လေကိုရှူရမယ် ဆိုတာမျိုးတွေလည်း လုပ်ရမယ်။ နောက်တခုကတော့ လက်ဆေးတယ်ဆိုပါစို့။ လက်ဆေးဖို့အတွက်လည်း ကျောင်းတွေမှာ ဒီ Hand Washing Facility တွေလုပ်ပေးဖို့အတွက်လည်း စီစဉ်နေတယ်။ နောက် ကျောင်းတွေမဖွင့်ခင်မှာ ဆရာ၊ ဆရာမတွေကိုလည်းပဲ ကျန်းမာရေးစစ်ဆေးတာတို့ ဘာတို့လုပ်ဖို့ အစီအစဉ်ရှိတယ်။”

အခမဲ့ဖျားနာကုဆေးခန်းတွေကို ရန်ကုန်မြို့မှာတော့ မြို့နယ် ၁၇ ခုမှာ ဖွင့်လှစ်ထားပြီး ထပ်တိုးဖွင့်သွားဖို့ကိုလည်း ဆောင်ရွက်နေတယ်လို့ သိရပါတယ်။ ရန်ကုန်မြို့အပြင် မန္တလေးမြို့နဲ့ တခြားဒေသတွေမှာလည်း ဒီဆေးခန်းတွေကိုဖွင့်လှစ်နိုင်ဖို့အတွက် စေတနာရှင်လုပ်အားပေး ဆရာဝန်တွေနဲ့ အာဏာပိုင်တွေ ညှိနှိုင်းဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့မနက်ထုတ်ပြန်ပြီးချိန်အထိ ဓာတ်ခွဲအတည်ပြုလူနာပေါင်း ၁၈၁ ဦး ရှိခဲ့ပြီး အဲဒီထဲက သေဆုံးသူ ၆ ဦးနဲ့ ရောဂါပိုးကင်းစင်လာသူ ၈၄ ဦးအထိ ရှိထားပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]

















XS
SM
MD
LG