သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာတော်လှန်ရေးအင်အားစုတွေနဲ့ ပိုမိုထိတွေ့ဆက်ဆံဖို့ နိုင်ငံတကာကို ပဋိပက္ခလေ့လာရေးအဖွဲ့တွေ တိုက်တွန်း


မြဝတီမြို့မှာတွေ့ရတဲ့ KNU/KNLA PDF ပူးပေါင်း တပ်ဖွဲ့ဝင်များ (ဧပြီ ၁၅၊ ၂၀၂၄)
မြဝတီမြို့မှာတွေ့ရတဲ့ KNU/KNLA PDF ပူးပေါင်း တပ်ဖွဲ့ဝင်များ (ဧပြီ ၁၅၊ ၂၀၂၄)

တရုတ်၊ ဘင်္ဂလားဒေရှ့်နဲ့ အိန္ဒိယနိုင်ငံ နယ်စပ်ဒေသတွေက စစ်စခန်းတွေအပါအဝင် နယ်မြေတော်တော်များများက စခန်းတွေကို စစ်တပ်က လက်လွှတ်ခဲ့ရချိန်မှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေဘက်က အင်အားခိုင်မာအောင် တည်ဆောက်နိုင်ခဲ့ကြပြီး နယ်မြေတွေ ပိုမို ထိန်းချုပ်လာနိုင်ခဲ့တယ်လို့ မြန်မာနိုင်ငံ ပဋိပက္ခအခြေအနေကို ဆန်းစစ်တဲ့ စစ်တမ်းနှစ်စောင်မှာ ရေးသားထားပါတယ်။

စစ်ကောင်စီဘက်က နယ်မြေ တော်တော်များများ ဆုံးရှုံးနေပြီး၊ ခံစစ်အနေအထား ရောက်နေတယ်လို့ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ တာဝန်ယူခဲ့ဖူးတဲ့ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ်တွေ၊ သံတမန်ဟောင်းတွေပါဝင်တဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ SAC-M နဲ့ နိုင်ငံတကာ ပဋိပက္ခလေ့လာရေးအဖွဲ့ ICG ရဲ့ ပဋိပက္ခ ဆန်းစစ်ချက် ၂ ခုမှာ သီးခြားစီထောက်ပြထားကြပါတယ်။

မြန်မာနိုင်ငံရဲ့ မြို့နယ် ၈၆% ကို စစ်ကောင်စီက ထိထိရောက်ရောက် ထိန်းချုပ် မထားနိုင်တော့ဘူးလို့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီရဲ့ သုံးသပ်ချက်မှာ ဖော်ပြပါတယ်။

၂၀၂၃ အောက်တိုဘာ ၂၇ ရက်နေ့မှာ စတင်ခဲ့တဲ့ တိုင်းရင်းသား လက်နက်ကိုင် မြောက်ပိုင်း ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ စစ်ဆင်ရေးနောက်ပိုင်း တရုတ်နိုင်ငံနဲ့ နယ်စပ်နားအထိ ရှမ်းပြည် မြောက်ပိုင်း နယ်မြေတော်တော်များများကို စစ်တပ်က လက်လွှတ်ခဲ့ရတဲ့အပြင်၊ AA အရက္ခတပ်တော်နဲ့ ရခိုင်ပြည်နယ် တိုက်ပွဲတွေမှာလည်း ဘင်္ဂလားဒေရှ့်နိုင်ငံနဲ့ နယ်စပ်ဒေသအားလုံးသာမက အိန္ဒိယသမုဒ္ဒရာကမ်းခြေဒေသတချို့ကို စစ်တပ်က ဆုံးရှုံးခဲ့တယ်လို့ ICG က ထောက်ပြထားပါတယ်။

အရင်က စစ်တပ်စခန်းတွေရှိတဲ့ နယ်မြေတွေ ဆုံးရှုံး လက်လွှတ်ခဲ့ရတဲ့အပေါ် စစ်တပ်ကိုထောက်ခံနေတဲ့ အခွင့်ထူးခံအသိုင်းအဝိုင်းက စစ်ကောင်စီအကြီးအကဲ မင်းအောင်လှိုင်ကို အပြစ်တင်ကြကြောင်း၊ လက်ရှိ ထိပ်တန်း စစ်တပ်အကြီးအကဲတွေနဲ့ အငြိမ်းစားဗိုလ်ချုပ်ဟောင်းတွေက လူသိရှင်ကြား ဝေဖန်ကြပေမဲ့ သူ့ကို ဖယ်ရှားဖို့ ကြိုးပမ်းမှုမျိုး မရှိဘူးလို့ ICG ကသုံးသပ်ပါတယ်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေနဲ့ အာဏာထိုင်ခုံ လှုပ်ယမ်းလာနိုင်ခြေရှိနေပေမဲ့ မြန်မာစစ်တပ်ဟာ မကြာခင် ပြိုလဲသွားတော့မဲ့ အခြေအနေမျိုးတော့ လတ်တလော မမြင်ရဘူးလို့လည်း သုံးသပ်ထားပါတယ်။

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ ထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာ ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းတွေ ပိုကောင်းအောင်နဲ့ အုပ်ချုပ်ရေးလုပ်ငန်းတွေ ပိုမို ထိရောက်အောင် လုပ်သင့်တယ်လို့လည်း အကြံပြုထားပါတယ်။ အဲဒီလိုလုပ်တဲ့နေရာမှာ ပဋိပက္ခတွေကြောင့် ဖြစ်နိုင်တဲ့ အန္တရာယ်တွေ၊ လူ့အခွင့်အရေးနဲ့ ဥပဒေအရ အကန့်အသတ်ရှိမှုတွေကို ထည့်သွင်းစဉ်းစားရမယ်လို့လည်း ICG ရဲ့ အစီရင်ခံစာမှာ ထောက်ပြထားပါတယ်။

Forum

XS
SM
MD
LG