မြန်မာနိုင်ငံရဲ့ပြဿနာအကျပ်အတည်းကို ဖြေရှင်းရာမှာ ထိုင်းနိုင်ငံရော အာဆီယံနိုင်ငံတွေကပါ ပိုပြီး လက်တွေ့ကျတဲ့ ချဉ်းကပ်မှုတွေ လိုအပ်တယ်လို့ ထိုင်း ဒုတိယ နိုင်ငံခြားရေးဝန်ကြီးဟောင်း Sihasak Phuangketkeow (ဆီဟာဆတ် ဖေါင်ကက်ကူယို) က ဒီနေ့ ထိုင်းနိုင်ငံ ချူလာလောင်ကွန် တက္ကသိုလ်မှာ ကျင်းပတဲ့ မြန်မာ့အရေး ဆွေးနွေးပွဲမှာ ပြောဆိုသွားပါတယ်။ ငါးနှစ်ထဲဝင်လာတဲ့ မြန်မာ့အကျပ်အတည်း၊ အာဆီယံနဲ့ ထိုင်းနိုင်ငံအနေနဲ့ ရေရှည်တည်တံ့တဲ့အဖြေရှာနိုင်အောင် အပြီးသတ်လုပ်ဆောင်ပေးနိုင် မလားဆိုတဲ့ ခေါင်းစဥ်နဲ့ မြန်မာနိုင်ငံအရေး ဆွေးနွေးပွဲကို နိုင်ငံတကာလေ့လာရေးဌာနက ကမကထလုပ် ကျင်းပတာပါ။ ကိုသိန်းထိုက်ဦး ဘန်ကောက်မြို့ကနေ သတင်းပေးပို့ထားပါတယ်။
မြန်မာနိုင်ငံရဲ့ ပြဿနာအကျပ်အတည်းတွေကို ဖြေရှင်းရာမှာ စစ်ရေးနည်းနဲ့ ဖြေရှင်းလို့ရမယ်လို့ ထိုင်းနိုင်ငံ အနေနဲ့ မယုံကြည်တဲ့အကြောင်း ဒုနိုင်ငံခြားရေးဝန်ကြီးဟောင်း Sihasak Phuangketkeow (ဆီဟာဆတ် ဖေါင်ကက်ကူယို) က ဒီနေ့ အခမ်းအနားမှာ ပြောပါတယ်။ ဒါကြောင့်လည်း သံတမန်ရေးအရ ရွေးချယ်စရာ လမ်းတွေကို စဉ်းစားပြီး ထိုင်းနိုင်ငံအနေနဲ့ ပိုပြီးတော့ တက်တက်ကြွကြွ ဦးဆောင်ဦးရွက်ပြု ချဉ်းကပ်သင့် တယ်လို့ သူက ပြောဆိုသွားတာပါ။ အာဆီယံအနေနဲ့ ပိုပြီး ထိရောက်တဲ့ မဟာဗျူဟာတရပ် လိုအပ်နေပြီ လို့လည်း ဝေဖန်ပြောဆိုပါတယ်။
“ကျနော် စိတ်ပျက်မိတာက အာဆီယံက စကားတွေ အများကြီး ပြောတယ်။ ဒါပေမဲ့ တကယ်တမ်း အရေးယူ ဆောင်ရွက်တာမျိုး မရှိဘူး။ ကျနော်တို့ အမြဲပြောနေတာက စကားတွေပြောတဲ့အခါ ကျနော်တို့ အမြဲညီညွတ်ကြ တယ်။ အရေးယူလုပ်ဆောင်ဖို့ဆိုရင်တော့ ညီညွတ်မှု မရှိတော့ဘူး။ အစည်းအဝေးတွေ တော်တော်များများမှာ ဘုံသဘောတူညီချက် ငါးရပ်ကို ထောက်ခံပါတယ်။ အာဆီယံ အထူးကိုယ်စားလှယ် ခန့်ထားရေးကို ထောက်ခံ ပါတယ်ဆိုတာမျိုး ပြောကြပြီးရင် အဲဒီမှာပဲ လမ်းဆုံးသွားပါတယ်။”
မြန်မာနိုင်ငံအတွက် လူသားချင်းစာနာမှု အကူအညီတွေပေးရင်း လူသားချင်းစာနာမှုကနေတဆင့် ဆွေးနွေး ပွဲတွေ ပေါ်ပေါက်လာအောင် တိုက်တွန်းတဲ့ နည်းလမ်းမျိုးတွေ သုံးဖို့ အကြံပေးသွားတာပါ။ တချိန်တည်း မှာပဲ တနိုင်ငံနဲ့ တနိုင်ငံ ကြားဝင် မစွက်ဖက်ရေးဆိုတဲ့ မူနဲ့ ပတ်သက်လို့ သတ်မှတ်ချက်တွေ လွဲမှားနေ တယ်လို့လည်း သူက ပြောပါတယ်။
“တနိုင်ငံနဲ့တနိုင်ငံ ကြားဝင် မစွက်ဖက်ရေးဆိုတဲ့ မူဝါဒအပေါ်မှာ ကျနော် ထပ်ပြီး စိုးရိမ်ပါတယ်။ ပြည်တွင်း ရေးကို ဝင်မစွက်ဖက်ဘူးဆိုတာပါ။ မြန်မာအရေးမှာ ဒီထက်ပိုပြီး မပါဝင်နိုင်အောင် ပိတ်ပင်ထားသလို ဖြစ်နေပါတယ်။ ကျနော့အနေနဲ့ဆိုရင် ဒါက ဘာမှမလုပ်တာကို မှန်တယ်ဆိုတာ သက်သေပြဖို့လား ဆိုပြီးတော့ တောင် တွေးမိပါတယ်။”
သူဖြစ်စေချင်တဲ့ ကြားဝင်ဆောင်ရွက်မှုဆိုတာက တခြားနိုင်ငံနယ်နမိတ်ထဲကို ဝင်တာမျိုးမဟုတ်ဘဲ အပြု သဘောဆောင်တဲ့ ချဉ်းကပ်မှုနဲ့ မြန်မာနိုင်ငံရဲ့ အခြေအနေဆိုးကြီးကို ကျော်လွှားနိုင်အောင် ကြားဝင် ကူညီနိုင်ဖို့-ဖြစ်တယ်လို့လည်း ဒုနိုင်ငံခြားရေးဝန်ကြီးဟောင်း ဆီဟာဆတ် ဖေါင်ကက်ကူယို က ပြောဆို သွားပါတယ်။ ဒါပေမဲ့လည်း မြန်မာ့အရေးမှာ မြန်မာနိုင်ငံကိုယ်တိုင်ဦးဆောင်ပြီး မြန်မာနိုင်ငံတွင်းကသာ အဖြေရှာရမယ်ဆိုတာကိုလည်း သူက အခိုင်အမာယုံကြည်တဲ့အကြောင်း ပြောဆိုသွားပါတယ်။
ISP မြန်မာအဖွဲ့က တရုတ်နိုင်ငံဆိုင်ရာ လေ့လာရေးအစီအစဉ် အကြီးအကဲ မနန်းလွင်ရတနာအောင်လည်း ဆွေးနွေးပွဲမှာ ပါဝင်ဆွေးနွေးပါတယ်။ မြန်မာနိုင်ငံအရေး ချဉ်းကပ်ရာမှာ ထိုင်းနဲ့ တရုတ်နိုင်ငံအကြား ကွာခြားနေတာကို အချက်အလက်တွေနဲ့ သူက ရှင်းလင်းသွားပါတယ်။
‘တရုတ်နိုင်ငံဟာ ထိုင်းနိုင်ငံနဲ့စာရင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ဆက်စပ်ပြီး နယ်စပ်တည်ငြိမ် ရေး၊ စစ်ရေးတင်းမာမှုတွေလျော့ကျရေးအတွက် ပိုပြီး ဖိအားပေးနိုင်တဲ့ ဩဇာသက်ရောက်မှု ရှိ’ တာကို မကြာသေးခင်က အပစ်ရပ်ရေး ဆွေးနွေးပွဲတွေနဲ့ နှိုင်းယှဉ် ဆွေးနွေးသွားတာပါ။
ဆွေးနွေးပွဲမှာ စင်္ကာပူနိုင်ငံ ISEAS Yusuf-Ishak တက္ကသိုလ်က အကြီးတန်း သုတေသီ Dr. Moe Thuzar ကလည်း အွန်လိုင်းကနေ ပါဝင်ဆွေးနွေးပါတယ်။ ချူလာလောင်ကွန်တက္ကသိုလ် နိုင်ငံရေး သိပ္ပံဌာန ဒုဌာနမှူး ဖြစ်တဲ့ လက်ထောက် ပါမောက္ခ၊ Dr. Bhanubhatra Jittiang (ဘန်နတ်ဟာတြာ ဂျစ်တာရင်း) ကလည်း မြန်မာ့အရေး လူသားချင်းစာနာမှု အကြပ်အတည်းတွေကို အရေးပေး ဆွေးနွေးသွားပါတယ်။
လူသားချင်းစာနာမှု အကူအညီပေးရေးကိစ္စတွေကိုဆွေးနွေးတဲ့အခါ လတ်တလော အမေရိကန်ပြည်ထောင်စုက ပေးနေတဲ့ နိုင်ငံတကာ အကူအညီတွေ ဆိုင်းငံ့ထားတဲ့အတွက် ထိုင်း-မြန်မာနယ်စပ်က ဒုက္ခသည်စခန်းတွေ အပါအဝင် အကူအညီပေးရေးအဖွဲ့တွေနဲ့ မြန်မာ့အရေးလှုပ်ရှားနေတဲ့ အဖွဲ့အစည်းတွေရဲ့ အခက်အခဲတွေနဲ့ ပတ်သက်လို့လည်း ဆွေးနွေးတဲ့အထဲမှာ ပါဝင်ပါတယ်။ ထိုင်း ဒု နိုင်ငံခြားရေးဝန်ကြီးဟောင်း ဆီဟာဆတ် ဖေါင်ကက်ကူယို ကတော့ အမေရိကန်ရဲ့ အကူအညီကိုပဲ အားမကိုးဘဲ တခြား ထောက်ပံ့ကူညီဖို့ ဆန္ဒရှိတဲ့ နိုင်ငံတွေနဲ့လက်တွဲပြီး ထိုင်းနိုင်ငံအနေနဲ့ ပြဿနာကို ဦးဆောင် ဖြေရှင်းသင့်တယ်လို့ အကြံပေးပြောဆိုသွားပါတယ်။
Forum